Thursday, July 18, 2013

စောင့်ခဲ့ရက်ပေါင်းများခဲ့ပြီ...။



"စောင့်ခဲ့ရက်ပေါင်းများခဲ့ပြီ"

အချစ်သက်သေထူလေပြီးမှ....
အပြုံးဟန်ပြ  မုန်းမာန်ကြွကာ
ထွက်ခွာအဝေး  သူရှောင်ပြေးပြီ
ကျန်သူအသဲတွေ ဘယ်လိုနေမယ်
မသိရော့လေသလား ကိုစိမ်းကားရယ်
အပျော်မဲ့ကင်း လွမ်းရခြင်းဖြင့်
ပြန်လာပါလိမ့်နိုး ကိုယ်မျှော်ကိုးလို့
စောင့်ခဲ့ရက်ပေါင်း များခဲ့ပြီ......။            ။









Wednesday, June 26, 2013

တကယ့်သတ္တိ။



အလုပ်တခုကို လုပ်ဖြစ်တယ် မဖြစ်ဘူးဆိုတာ ကိုယ့်စိတ်ထဲက ယုံကြည်စွာ ဆုံးဖြတ်လုပ်ကိုင်မှ ဖြစ်မြောက် သွားတာမျိုးပါ။ မိမိရဲ့စိတ်ထဲမှာ ကြောက်ရွံ့တွန့်ဆုတ်နေရင် ဘာမှမလုပ်နိုင်ပါဘူး။ ကိုယ့်ကိုကိုယ် မယုံကြည် ရင် သူတစ်ပါးယုံကြည်မှုဆိုတာ မျှော်လင့်လို့တောင်မရနိုင်ပါဘူး။ အလုပ်တစ်ခု လုပ်ဖို့လိုအပ်တဲ့ အဓိက တွန်းအားကို ပေးနိုင်တဲ့လူကတော့ ပင်ကိုယ်သတ္တိပါပဲ။

 အလုပ်တစ်ခုကို တကယ်လုပ်တဲ့အချိန်မှာ မလုပ်မိဘဲ ကြောက်ရွံ့တွန့်ဆုတ်နေခြင်းဟာ သတ္တိကြောင်တာ ပါပဲ။ “ဖြစ်မှဖြစ်ပါ့မလား” လူတွေက ငါ့ကို ဘယ်လိုမြင်မလဲ၊ ဘယ်လိုထင်ကြမလဲ၊ လုပ်လို့မဖြစ်ရင် ဒုက္ခပါပဲ စသည်ဖြင့် စစ်မရောက်ခင်မှာ မြားကုန်နေတာက ယုံကြည်မှုလျော့နည်းတာပဲ ဖြစ်ပါတယ်။

သတ္တိကြောင်မှု၊ မိမိကိုယ်ကို မယုံကြည်နိုင်မှုဟာ လူကိုအတော် ဒုက္ခပေးပါတယ်။ အလုပ်တစ်ခုကို လုပ်မယ် ကြံရင် ကိုယ့်ထက်ရှေ့ရောက်သူတွေ၊သာသူတွေ အများကြီးတွေ့နိုင်ပါတယ်။ ငါလုပ်တာ သူတို့လောက်
ကောင်းပါ့မလား။ ကဲ့ရဲ့စရာများဖြစ်နေမလားစသည့် အဆိုးတွေ ဝင်လာနိုင်ပါသေးတယ်။

ဒါဟာစိတ်ချောက်ချားမှုသက်သက်သာ ဖြစ်ပါတယ်။ လောကမှာ အောင်မြင်တယ်။ ဖြစ်ထွန်းတယ်ဆိုတာ
တွေဟာ အခြေအနေ အချိန်အခါပေးရုံနဲ့ မပြီးသေးဘူး။ အရည်အချင်းရှိရုံနဲ့လည်း မရဘူး။ လုပ်ရဲကိုင်ရဲ ရှိဖို့ လည်း လိုတယ်။ တစ်နည်းပြောရရင် သတ္တိရှိဖို့ လိုတယ်။ လုပ်ရင်ဖြစ်နိုင်မှန်း သိနေရုံနဲ့ မလုံလောက်ပါဘူး။ ဇွဲကောင်းကောင်းနဲ့ အကောင်အထည်ဖော် လုပ်ကိုင်ရဲဖို့ လိုပါတယ်။

တချို့များ လုပ်ဝံ့ဖို့ဝေးလို့ တွေးတောင် တွေးမကြည့်ပါဘူး။ ဒါဟာ ဘာနဲ့တူသလဲဆိုတော့ ငွေထုပ်ကြီး ချပေးထာကို မကောက်ရဲတာနဲ့ အခွင့်အရေး လက်လွတ်သွားတဲ့ အဖြစ်မျိုးနဲ့ တူနေပါတယ်။ တကယ်တော့ သတ္တိကြောင်လို့ နစ်နာသွားတာမျိုးပါ။ လောကမှာ ကိုယ့်ကိုကိုယ်မှလွဲ၍ ချုပ်တည်းနှောင်ဖွဲ့ထားတဲ့ အရာ ဟာမရှိဘူး။ တခြားစည်းကမ်းတို့၊ ဥပဒေတို့ဆိုတာလည်း ကိုယ့်စိတ်လောက် မထိန်းချုပ်နိုင်ကြပါဘူး။ ကိုယ့်စိတ်က လုပ်ချင်မှဖြစ်တာပါ။ အလုပ်တခုကို လုပ်ဖြစ်တယ်။ မဖြစ်ဘူးဆိုတာ ကိုယ့်စိတ်က ယုံကြည်စွာ ဆုံးဖြတ်လုပ်ကိုင်မှ ဖြစ်မြောက်သွားတာပါ။ မိမိရဲ့စိတ်ထဲမှာ ကြောက်ရွံ့တွန့်ဆုတ်နေရင်တော့ ဘာမှမလုပ် 
နိုင်ပါဘူး။

ကိုယ့်ကိုကိုယ်မယုံကြည်ရင် သူတစ်ပါးယုံကြည်မှုဆိုတာ မျှော်လင့်လို့တောင်မရနိုင်ပါဘူး။ အလုပ်တစ်ခု လုပ်ဖို့ လိုအပ်တဲ့ အဓိကတွန်းအားကို ပေးနိုင်တဲ့ အစွမ်းအစကတော့ ပင်ကိုယ်သတ္တိပါပဲ။ ပင်ကိုယ် သတ္တိ အသုံးချတဲ့နေရာမှာလည်း သတိထားရမယ့် အချက်တစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ သတ္တိကို အလွဲမသုံး ဖို့ပါပဲ။ တချို့ကျတော့ မဟုတ်တာလုပ်ဖို့အတွက်မှာ သတ္တိကောင်းတတ်ကြတယ်။ ဒီလိုတလွဲဆံပင်ကောင်း
 နိုင်အောင် မူးယစ်ဆေးဝါးတွေရဲ့ အကူအညီကိုပါ ယူတတ်ကြပါသေးတယ်။

အရက်သောက်ပြီး ရဲဆေးတင်တဲ့လူမျိုးတွေ တွေ့ဖူးကြမှာပါ။ သူတို့တွေ အရက်မူးပြီး ထင်တာတွေ လုပ်ဖြစ်သွားတော့ ပြဿနာရှုပ်ကုန်တာပဲ ရှိတာပေါ့။ ပြေလည်သွားတယ် ဆိုတာမျိုးတော့ မကြားဖူး သလောက်ပါပဲ။ ဒီအလုပ်မျိုးလုပ်ကိုင်တဲ့ လူတွေဟာ လက်ထဲက ပိုက်ဆံတွေ ဖြန့်ကျဲပြီးမှ တစ်ခုစီလိုက်
ကောက်သလို အဓိပ္ပါယ်မဲ့ အလုပ်ရှုပ်လိုက်တာပဲ ဖြစ်ပါတယ်။ လောကကြီးမှာ အခက်အခဲအတားအဆီး
တွေဟာ ရှိနေမှာပါပဲ။ အခက်အခဲမရှိဘဲ အတားအဆီးကို မကျော်လွှားရဘဲ အောင်မြင်မှုဆိုတာမရနိုင်ပါဘူး။

ဒါကြောင့်လောကရဲ့ ထိုက်တန်တဲ့ ပစ္စည်းတစ်ခုခုလိုချင်တယ်ဆိုရင် သတ္တိရှိရှိ ကြိုးစားရမှာပဲ။ မိုက်ရူးရဲ အပြုအမူမျိုးတွေနဲ့တော့ ဘာမှမရနိုင်ပါဘူး။ အောင်မြင်မှုအတွက် အဟန့်အတားဖြစ်စေတဲ့ အားငယ်စိတ်ကို ဖယ်ရှားပြီး သတ္တိရှိလာအောင် ကိုယ့်ကိုယ်ကို လှုံ့ဆော်အားပေးပြီး လေ့ကျင့်အားထုတ်ကြ၊ ကြိုးစားကြပါ။ မည်သည့်ကိစ္စမျိုးကိုမဆို အောင်မြင်ကျော်လွှားနိုင်ပါလိမ့်မယ်။

မောင်မြင့်ကြည့်(စာပေဗိမာန်)


Thursday, June 20, 2013

တစ်ချို့ကကဏန်းတွေနဲ့တူတယ်။





Some are like Crabs
A fisherman friend told me that one doesn’t need atop for a crab basket. If one of the crabs starts to climb up the side of the basket, the other  crabs will reach up and pull it  back down. Some people are a lot like crabs.
Charles L. Allen

တစ်ချို့ကကဏန်းတွေနဲ့တူတယ်။
တံငါမိတ်ဆွေတစ်ယောက်က ကျွန်တော့်ကိုပြောပြဖူးတယ်။ ကဏန်းထည့်တဲ့ခြင်းမှာ အဖုံးဖုံးစရာမလိုဘူး တဲ့။ ကဏန်းတစ်ကောင်ချင်း ဘေးတွားတတ်လာတာနဲ့ တခြားကဏန်းတွေကထပြီး အဲဒီအကောင်ကို
အောက်ဆွဲချကြသတဲ့။ လူတချို့ဟာ ကဏန်းတွေနဲ့ အတော်တူဆိုပဲ။
ချားလ်စ်၊ အယ်လ်၊ အယ်လင်

ဒီအဆိုအမိန့်ကို ဖတ်လိုက်ရတော့ ပထမဦးဆုံးကဏန်းရဲ့ ရုပ်ပုံကို သွားမြင်ယောင်မိတယ်။ မျက်လုံးမျက်ဆံ က ပြူးကြောင်ကြောင်၊ ခြေတွေလက်တွေက ခပ်များများ၊ သွားတော့ ဘေးတိုက်ကန့်လန့်။ လူတွေထဲမှာ ခွတီးခွကျ၊ ဖြောင့်ဖြောင့်စင်းစင်းမဟုတ်တဲ့ လူစားမျိုးတွေ့ရင် ကဏန်းနဲ့နှိုင်းပြီး ပြောလေ့ရှိကြတာကိုလည်း သတိရမိတယ်။

ဒါပေမယ့် ဒီနေရာမှာတော့ ခွကျတာလောက်တင် မဟုတ်တော့ဘူး။ ပိုပြီးနယ်ကျယ်လာတယ်။ ကဏန်း တစ်ကောင်ရဲ့ အမူအကျင့်သာ မဟုတ်တော့ဘဲ ကဏန်းအားလုံးနဲ့ဆိုင်တဲ့ အလေ့အထကြီး ဖြစ်လာတယ်။ ဒါကလည်း ခြင်းတောင်းထဲ ဖမ်းထည့်လိုက်တော့မှ ပေါ်လာတာကိုး။ အကျပ်အတည်း အခက်အခဲကနေ လွတ်မြောက်ဖို့၊ ဘ၀ရဲ့တိုးတတ်ရာ တိုးတတ်ကြောင်း အခွင့်အလမ်းရှာကြဖို့ ကိုယ်တတ်နိုင်သမျှ ရုန်းကန် ကြိုးပမ်းကြတာဟာ သက်ရှိသတ္တ၀ါတွေရဲ့ သဘာဝပါပဲ။

အဲဒီလို ကြိုးပမ်းကြတဲ့ နေရာမှာ တစ်ဦး လွတ်မြောက်သွားတာ တိုးတတ်အောင်မြင်သွားတာကို တစ်ဦးက အားပေးတတ်၊ ၀မ်းသာပီတိဖြစ်တတ်၊ ဂုဏ်ယူတတ်၊ နည်းခံမှတ်သားတတ်ရမယ်။ ကိုယ့်အလှည့်ကျတော့ လည်း သူ့လိုအားကြိုးမာန်တတ် ရုန်းကန်လှုပ်ရှားတတ်ရမယ်။ ဒါမှသာ သတ္တ၀ါအပေါင်း တိုးတတ်ရာ တိုးတတ်ကြောင်း၊ လွတ်မြောက်ရာလွတ်မြောက်ကြောင်း ဖြစ်ပေလိမ့်မယ်။

ခုတော့ ဒီလိုမဟုတ်ဘူး။ တစ်ဦးကလှုပ်မယ်မကြံနဲ့ ဟုတ်ဟုတ်မဟုတ်ဟုတ် ၀ိုင်းလှုပ်ကြ။ တတ်မယ်မကြံနဲ့၊ တတ်တာမြင်တာနဲ့ ၀ိုင်းဆွဲချတော့တာပဲ။ ဘယ့်နှယ် တတ်ပါစေဦးတော့ လား။ ခြင်းနှုတ်ခမ်းဝရောက် သွားတာနဲ့ပဲ ရာသက်ပန် လွတ်မြောက်သွားရောတဲ့လား။ ခဏတဖြုတ် စောင့်ကြည့်စမ်းပါဦး။ အကဲခတ်စမ်း ပါဦး။ တော်ကြာ ခြင်းဝရောက်ခါမှ တံငါကတွေ့သွားလို့ “ဒီလောက်တောင် အဖြစ်သည်းလှတာ သေဟ” ဆိုပြီး ကိုင်ပေါက်တာခံရရင် ဘယ့်နှယ်လုပ်မလဲ။ ရှေ့ကသွားတိုင်း အရင်ရောက်မယ်လို့ တထစ်ချ တွက်လို့ ရတာမဟုတ်ဘူး။

ကံ၊ဉာဏ်၊၀ီရိယ မျှတအောင် ကျင့်ကြံအားထုတ်မှ လွတ်မြောက်ကြ၊ တိုးတတ်အောင်မြင်ကြတာပါ။ 
လှေဝမ်းထဲမှာ ဖမ်းမိတဲ့ ငါးသုံးကောင်လိုပေါ့။ တစ်ကောင်က ၀ီရိယပိုပြီး တဖျပ်ဖျပ်ထခုန်နေတော့အမြင် ကပ်တာနဲ့ ရိုက်အသတ်ခံရတယ်။ တစ်ကောင်က အခြေအနေစောင့်ကြည့်ပြီး အခါအခွင့်လည်းသင့်ရော လွတ်အောင် ခုန်ထွက်သွားတယ်။ “ကံမရှိ ဉာဏ်ရှိတိုင်းမွဲ”၊ ကံကောင်းရင် လွတ်မှာပဲဆိုပြီး ဆင်ခြေ ဆင်လက်တွေနဲ့ မှိန်းစက်နေတဲ့ အကောင်ကတော့ ကမ်းကပ်တဲ့အခါ တံငါသည်လက်ထဲ ကန့်လန့်ကန့်လန့် ပါသွားတယ် မဟုတ်လား။

ဒါကို ကဏန်းတွေမသိကြ၊ နားမလည်ကြဘူး။ မသိနားမလည်တဲ့အတွက် ပြုပြင်ဆင်ခြင်ကြမှာလည်း မဟုတ်ဘူး။ မပြုပြင်သမျှ ကာလပတ်လုံး ကဏန်းခြင်းမှာ အဖုံးအဖိမပါဖြစ်နေဦးမှာပဲ။ ဖြစ်ပစေလေ။

မဖြစ်စေချင်တာက မဆီမဆိုင် လူက ကဏန်းနဲ့သွားတူနေတာ။ သူတစ်ပါးလွတ်လပ်တာ၊ ကြီးပွားတိုးတတ် တာကို အောက်ဆွဲချချင်တဲ့ စိတ်ဓာတ်မျိုး၊ အမူအကျင့်မျိုးဟာ လူ့လောကမှာ မထားအပ်မထားရ၊ မလုပ် အပ်၊ မလုပ်ရဘူး။ အများသူငါ လွတ်လပ်မှု၊ ကြီးပွားတိုးတတ်မှုအတွက် မိမိအပါအ၀င် အများသူငါက
သာဓု ခေါ်နိုင်ရမယ်။ လှိုက်လှိုက်လှဲလှဲ လက်ခုပ်သြဘာတီးပြီး ကြိုဆိုနိုင်ရမယ်။ အဲဒါဟာ လူ့လောကမှာ လူတွေ ကျင့်ကြံနေထိုင်အပ်တဲ့ လူကျင့်တရား။

ကဏန်းလောကမှာ ကဏန်းကျင့်တရားနှင့်အညီ ကျင့်သုံးနေထိုင်ကြသလို လူ့လောကမှာလည်း လူကျင့် တရားနှင့်အညီ ကျင့်သုံးနေထိုင်တတ်ဖို့ ကြိုးစားကြရပေလိမ့်မယ်။ လူဖြစ်ပါလျက်နဲ့ ကဏန်းကိုအတုခိုးပြီး ကဏန်းအချိုးမျိုးတော့ မချိုးမိစေနဲ့။ မတော်လို့ လူရင့်မာကြီးက အဖုံးမပါတဲ့ ကဏန်းခြင်းထဲ ကားရား ကျပြီး ပြန်ဖက်တတ်လို့မရ ဖြစ်နေရင် မခက်ပေဘူးလား။

ဆရာမြင့်စိုးလှိုင်ရဲ့စကားနောက်တရားပါ စာအုပ်မှ ပြန်လည်မျှဝေလိုက်ပါတယ်။








Saturday, June 15, 2013

ရည်မှန်းချက်ကို လက်တွေ့အကောင်အထည်ဖော်ခြင်း။




ရည်မှန်းချက်ကို လက်တွေ့အကောင်အထည်ဖော်ခြင်း။

(ရည်မှန်းချက်ကို လက်တွေ့အကောင်အထည်ဖော်ခြင်းဆိုတာ လွင်တီးခေါင်ကို ပန်းမန်စိုက်ပျိုးပြီး ပန်းဥယျာဉ်ဖြစ်ခုဖြစ်အောင် ဖန်တီးတာနဲ့တူပါတယ်။ မလွယ်တာမှန်ပေမယ့် ဖြစ်နိုင်တာကို လုပ်တာမျိုးဖြစ် လို့ လုပ်ရကျိုးနပ်ပါတယ်။ လုပ်ရင်ဖြစ်တဲ့ အစဉ်အလာကြီး မျက်မှောက်ရှိနေတာမို့ ကြိုးပမ်းရတာ စိတ်အားငယ် စရာဘာမှမရှိပါဘူး။) 

လူ့ဘ၀ဆိုတာ သံသရာခရီးသွားရင်း တစ်ထောက်ဝင်နားရခြင်း ဖြစ်တယ်လို့ ပြောကြပါတယ်။ တကယ်တော့ လူ့ဘ၀ဆိုတာ အဆန်းတကြယ် အဓိပ္ပါယ်ဖွင့်ရန် ဆန်းကြယ်တာတွေ တွေ့ရသလို ရိုးရိုးကလေးချခင်း  ကြည့်ပြန်တော့လည်း ဆန်းကြယ်တာဆိုလို့ ဘာမှမရှိတာကို တွေ့ရပါလိမ့်မယ်။ ဒါပေမယ့် လူရယ်လို့ ဖြစ်လာ တဲ့အခိုက်အတန့်မှာ ထိုက်ထိုက်တန်တန် တစ်စုံတစ်ရာလုပ်နိုင်၊ ပြသနိုင်တဲ့ စွမ်းရည်ကလေး တစ်ခုလောက်
 တော့ ပိုင်ဆိုင်ထားသင့်ကြပါတယ်။

တချို့လူတွေမှာ ရည်မှန်းချက်ရယ်လို့ မရှိဘူး။ ကြုံရာဆုံရာ အလုပ်လုပ်ရင်း ဘ၀နေ၀င်သွားခဲ့ကြတယ်။ တခြားလူတွေ ဖြစ်ထွန်းအောင်မြင်တဲ့ဘ၀ကို တည်ဆောက်သွားခဲ့ကြတာကို အစဉ်အလာတစ်ရပ် လို မြင်တွေ့နေပါလျက်နဲ့ မိမိအတွက် ဘာမှကြိုးစားအားထုတ်ခြင်း မပြုမိတာကတော့ အကျည်းတန်လွန်းလှ ပါတယ်။

လူတွေဟာ ကိုယ့်ဘ၀ကို သာယာစိုပြေအောင် လုပ်ဖို့ဘ၀တာဝန်တွေ ရှိနေပါတယ်။ လူ့ဘ၀ဆိုတာ ရည်မှန်း ချက်နဲ့ ပန်းတိုင်ရှိဖို့လိုပါတယ်။ လူ့ဘ၀ဆိုတာ ပန်းဥယျာဉ်ကလေးလို လှပစိုပြေအောင် တဖြည်းဖြည်း ပြုစု ပျိုးထောင်ရမှာ ဖြစ်ပါတယ်။ ရည်မှန်းချက်ကို လက်တွေ့အကောင်အထည်ဖော်ခြင်းဆိုတာ လွင်တီးခေါင်ကို ပန်းမန်စိုက်ပျိုးပြီး ပန်းဥယျာဉ်တစ်ခုဖြစ်အောင် ဖန်တီးတာနဲ့တူပါတယ်။ မလွယ်တာမှန်ပေမယ့်
ဖြစ်နိုင်တာကို လုပ်တာမျိုးဖြစ်လို့ လုပ်ရကျိုးနပ်ပါတယ်။ လုပ်ရင်ဖြစ်တဲ့ အစဉ်အလာကြီး မျက်မှောက်မှာ ရှိနေတာမို့ ကြိုးပမ်းရတာ စိတ်အားငယ်စရာ ဘာမှမရှိပါဘူး။

အလုပ်လုပ်လွန်းလို့ သေတဲ့လူဆိုတာ ရှိကောင်းရှိမှာပါ။ ဒါပေမယ့် သေရင်တောင် သေရကျိုးနပ်ပါတယ်။ အလုပ်မလုပ်ဘဲ သေသွားတာကမှ အပြစ်တင်စရာ ဖြစ်ပါတယ်။ မိမိထားတဲ့ ရည်မှန်းချက်ဆိုတာပေါ်လွင် ပီပြင်ဖို့ အရေးကြီးပါတယ်။ ငွေလိုချင်လား၊ နာမည်လိုချင်တာလား၊ ဆိုတာကို ပြတ်ပြတ်သားသား
မေးခွန်းထုတ် ဆုံးဖြတ်ပြီး ရည်မှန်းတဲ့အရာကိုရရှိအောင် နေ့စဉ်နဲ့အမျှ တဖြည်းဖြည်း အားထုတ်သွား ရမှာဖြစ်ပါတယ်။

ဒီနေ့ ကမ္ဘာကျော် ပုဂ္ဂိုလ်အတော်များများဟာ ကိုယ်ဖြစ်ချင်တဲ့အတိုင်း ဖြစ်ခွင့်ရလာကြတယ်။ လွယ်လွယ်နဲ့ ရလာကြတာတော့ မဟုတ်ဘူး။ ဖြစ်ချင်ရာဖြစ်ရဖို့ နှစ်ပေါင်းများစွာ မရမနေကြိုးပမ်းခဲ့ တာကြောင့်ဖြစ်လာကြ
တာပါ။ ကမ္ဘာကျော်သူဌေးကြီး ရော့ဖဲလားဟာ ရည်မှန်းချက်မရှိခဲ့ရင် လက်တွန်းလှည်းကလေးနဲ့ ကုန်စုံ လည်ရောင်းရတဲ့ ဈေးသည်လေးဘ၀နဲ့ပဲ သေဆုံးရမှာ ဖြစ်ပါတယ်။

ရည်မှန်းချက်ဆိုတာ ထားတော့ထားပါရဲ့။ အကောင်အထည်ပေါ်မသွားရင် ဘောင်ပဲရှိတဲ့ ပန်းချီကားချပ်လို ဘာမှအဓိပ္ပါယ်ရှိမှာ မဟုတ်ပါဘူး။ ဒါကြောင့်ရည်မှန်းချက်ကို အကောင်အထည်ဖော်ဆောင်တဲ့အနေနဲ့ အလုပ်ကို မဖြစ်မနေလုပ်သင့်ပါတယ်။ ဒီလို အလုပ်လုပ်မှလည်း လူ့ဘ၀ အဓိပ္ပါယ်ဟာ ပီပြင်နိုင်ပါလိမ့်မယ်။





Wednesday, June 12, 2013

(S) ငါးလုံး လှုပ်ရှားမှု



စက်ရုံတိုင်းတွင် တိုးတတ်အောင်မြင်စေရေးအတွက် လိုက်နာသင့်သော (S) ငါးလုံး လှုပ်ရှားမှု  

ဂျပန်နိုင်ငံသည် ကမ္ဘာပေါ်တွင် စက်မှုလက်မှု တီထွင်ကြံဆမှုနှင့် စီးပွားရေးတွင် ကမ္ဘာ့ထိပ်တန်း သို့ ရောက်ရှိနေပြီးဖြစ်သော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ဂျပန်လူမျိုးများသည် အချင်းချင်းစည်းလုံးမှုရှိခြင်း၊ တစ်ဦးပေါ်တစ်ဦး အပြန်အလှန် လေးစားမှုရှိခြင်း၊ စည်းကမ်းကို ရိုသေလိုက်နာလေးစားခြင်း၊ အစုအဖွဲ့လိုက် တာဝန်ယူမှုရှိခြင်းစသည့် ထူးခြားသော စရိုက်လက္ခဏာများ ရှိကြပါသည်။ ယခု ရှင်းလင်းတင်ပြသွား မည်ဖြစ်သော အက်(စ်)ငါးလုံးလှုပ်ရှားမှုသည် ဂျပန်နိုင်ငံမှ စတင်ခဲ့၍ ယခုအခါဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု များရှိသော တရုတ်နိုင်ငံ၊ ယိုးဒယားနိုင်ငံ၊ မလေးရှားနိုင်ငံ စသည်များနှင့် ကမ္ဘာအ၀ှမ်းတွင် ကျင့်ဆောင် အသုံးပြုလျက်ရှိကြပါသည်။ အက်(စ်)ငါးလုံး ဆိုသည်မှာ ဂျပန်ဘာသာ စကားလုံးများကို အင်္ဂလိပ်စကားလုံး များဖြင့်ရေးရာတွင် စကားလုံး၏ ထိပ်ဆုံးအင်္ဂလိပ်စာလုံးများမှာ အက်(စ်)များ ဖြစ်နေခြင်းကြောင့် အတိုကောက် အက်(စ်)ငါးလုံးဟု ခေါ်တွင်ခြင်းဖြစ်ပါသည်။ 

SEIRI, SEITON, SEISO, SEIKETSU, SHITSUKE.
တစ်ခုခြင်းအားဖြင့် အဓိပ္ပာယ် အတိုချုံးရှင်းပြပါမည်။ 

(1) SEIRI= SORTING OUT, စိစစ်ရွေးချယ် စွန့်ပစ်ခြင်း။ 
လုပ်ငန်းခွင်တွင် မလိုအပ်သော ပစ္စည်းအမယ်များအား ရွေးချယ်၍ စွန့်ပစ်ခြင်း။  
(2) SEITON= SYSTEMTIC, စနစ်တကျ စီစဉ်ထားရှိခြင်း။ 
လုပ်ငန်းခွင်တွင် လိုအပ်မည့်ကရိယာ တန်ဆာပလာများအား စနစ်တကျ အစီအရီထားရှိခြင်း။ (လိုအပ်လျင်လိုအပ်သလို အလွယ်တကူ ကောက်ယူအသုံးပြုနိုင်ရန်) 
(3) SEISO=SPICK and SPAN, သန့်ရှင်းသပ်ရပ်ခြင်း။ 
လုပ်ငန်းခွင်နေရာတွင် ဖုန်အမှိုက်သရိုက်များ အမြဲတစေ မရှိနေစေရန် အစဉ်အမြဲ သန့်ရှင်းစင်ကြယ်စေရန် လုပ်ဆောင်ထားခြင်း။ 
(4) SEIKETSU= SERENE, တည်ငြိမ်ကြည်လင်ခြင်း။ 
အထက်ပါ SEIRI,SEITON,SEISO အစဉ်အမြဲ ဂရုတစိုက်ပြုလုပ်ပါက လုပ်ငန်းခွင် ပတ်ဝန်းကျင်သည် တည်ငြိမ်ကြည်လင်သော ပတ်ဝန်းကျင်ဖြစ်လာပါမည်။ ထိုအခါ မိမိအလုပ်အား မြင့်မားသောစံနှုန်းများ   ရောက်ရှိစေ၍ အထောက်အကူပြုမည် ဖြစ်ပါသည်။ 
(5)SHITSUKE=STICK TO SELF, ပြုစု၊ ပျိုးထောင်၊ ဆုံးမခြင်း။ 
လုပ်ငန်းခွင်အတွင်းချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများအား လုပ်သားအားလုံးမှ ကောင်းစွာလိုက်နာ ကျင့်သုံးစေရန် ပြုစုပျိုးထောင်ခြင်း၊ တို့မှတဆင့် လုပ်သားအားလုံးမှ အလိုအလျှောက် လိုက်နာဆောင်ရွက် လာခြင်း။ အကျိုးကျေးဇူးများ။ 

 (၁)သန့်ရှင်းသပ်ရပ်ကြည်သာ အေးငြိမ်းမှုရှိသည့် လုပ်ငန်းခွင်သည် ၎င်း၏အကျိုးဆက်အဖြစ် အလုပ်သမား များ၏ စိတ်ဓာတ်ရေးရာ မြင့်မားတိုးတတ်မှုကို ဖြစ်စေခြင်း။ (၂)သန့်ရှင်းသပ်ရပ်ကြည်သာ အေးငြိမ်းမှုရှိသည့် လုပ်ငန်းခွင်သည် ၎င်း၏ အကျိုးဆက်အဖြစ် လုပ်ငန်းခွင် အန္တရာယ်များ အားလုံးမှ ကင်းရှင်းစေနိုင်ခြင်း။
(၃)သန့်ရှင်းသပ်ရပ်ကြည်သာ အေးငြိမ်းမှုရှိသည့် လုပ်ငန်းခွင်သည် ၎င်း၏ အကျိုးဆက်အဖြစ် ကုန်ကြမ်း၊ ကုန်ချော စသည့်ပစ္စည်းအမျိုးမျိုးကို အချိန်မှီ ပေးပို့နိုင်စွမ်းရှိစေခြင်း။ (၄)သန့်ရှင်းသပ်ရပ်ကြည်သာ အေးငြိမ်းမှုရှိသည့် လုပ်ငန်းခွင်သည် ၎င်း၏ အကျိုးဆက်အဖြစ် ကုန်ထုတ်စွမ်း အား မြင့်မားတိုးတတ်မှုရှိစေခြင်း။ 
(၅)သန့်ရှင်းသပ်ရပ်ကြည်သာ အေးငြိမ်းမှုရှိသည့် လုပ်ငန်းခွင်သည် ၎င်း၏ အကျိုးဆက်အဖြစ် ကုန်ပစ္စည်းများ၊ ဆောင်ရွက်မှုများ၏ အရည်အသွေးတို့ကို မြင့်မားတိုးတတ်စေခြင်း။ (၆)သန့်ရှင်းသပ်ရပ်ကြည်သာ အေးငြိမ်းမှုရှိသည့် လုပ်ငန်းခွင်သည် ၎င်း၏ အကျိုးဆက်အဖြစ် ကုန်ကျစရိတ်များကို လျော့နည်းသက်သာစေခြင်း။ 
(၇) ၎င်းအပြင်အခြားသော အကျိုးကျေးဇူးများကိုလည်း ဖြစ်ထွန်းစေနိုင်ပါသည်။ 

(ဒေါက်တာဝင်းမြင့်၏ ဆောင်းပါးအား မှီငြမ်းပါသည်။) 



 


Monday, December 17, 2012

အလွယ်တကူ စိတ်မပျက်နဲ့။

အလွယ်တကူ စိတ်မပျက်နဲ့။
(လောကမှာ စိတ်ဓာတ်တတ်စရာထက် စိတ်ပျက်စရာတွေက ပိုပြီးများနေလေ့ရှိပါတယ်။ အသိတရား ရင့်ကျက်လာလေလေ စိတ်ပျက်စရာတွေ  ပိုပြီးတွေ့ရလေလေပါပဲ။)

စိတ်ချမ်းသာတယ်၊ စိတ်မချမ်းသာဘူးဆိုတာ စိတ်ရာသီဥတုရဲ့ ဖောက်ပြန်မှုတစ်ခုသာ ဖြစ်ပါတယ်။

ရာသီဥတုဆိုတာ အမြဲပြောင်းလဲနေတာပဲ မဟုတ်လား။ မိုးရာသီဆိုပေမယ့် နေ့တိုင်းမိုးမရွာဘဲ နေသာနေတဲ့ ရက်မျိုးတွေလည်း ရှိပါသေးတယ်။ တစ်ခါတစ်ရံကျတော့ မိုးကြီးကအုံ့ဆိုင်းနေလိုက်တာ ချက်ချင်းပဲရွာတော့ မလိုနဲ့ မရွာဘဲနေကလေးသာလာပြန်ပါရော။

စိတ်ဆိုတာ မိုးတွင်းနဲ့အတော်တူတယ်လို့ ဆိုရမှာဖြစ်တယ်။ ကိုယ့်စိတ်ကိုမထိန်းနိုင်ဘဲ စိတ်ဓာတ်တတ် လွယ်၊ ကျလွယ်တတ်တဲ့လူတွေရဲ့ စိတ်ဓာတ်အခြေအနေမျိုးဟာ ပိုပြီးတောင် မိုးတွင်းဆန်နေပါသေးတယ်။ ဒီစိတ်ထားဟာ ဘ၀အတွက်ကောင်းတဲ့ အလားအလာမဟုတ်ပါဘူး။

လူတစ်ယောက်ဟာကိုယ့်စိတ် ဘယ်လိုအခြေအနေမျိုး ရှိနေတယ်ဆိုတာကို မျက်ခြည်မပျက်လေကောင်း 
လေပါပဲ။

စိတ်ဓာတ်ကျနေသလား။ တတ်ကြွနေသလား။ ရွှင်လန်းနေသလား။ ညှိုးငယ်နေသလား ဆိုတာတွေကို စစ်တမ်းထုတ်နေရမှာဖြစ်တယ်။

စိတ်ဓာတ်ကျနေချိန်မှာပြောတဲ့စကား၊ လုပ်တဲ့အလုပ်တွေဟာ ဘယ်လိုနည်းနဲ့မှထိရောက်မှုမရှိနိုင်ပါဘူး။ အလွယ်တကူစိတ်ပျက်တတ်တဲ့လူဟာ ဘာနဲ့တူသလဲဆိုတော့ သက္ကလက်ဘောလုံးလေးနဲ့တူတယ်။ သက္ကလက်ဘောလုံးလေးကိုတွေ့ဖူးမှာပါ။ ဘာနဲ့ပဲထိထိ၊ အလွယ်တကူ လိမ့်ထွက်သွားလေ့ရှိပါတယ်။ မတည်ငြိမ်ဘူး။ သက္ကလက်ဘောလုံးလိုစိတ်မျိုးဟာ ဘယ်လိုအမှုမျိုးကို အောင်မြင်အောင် စွမ်းဆောင်နိုင်မှာ လဲ။

လောကကြီးထဲမှာ ကြုံတွေ့ရတဲ့ ဖြစ်ရပ်တွေကို သုံးသပ်ကြည့်ရင် စိတ်တတ်စရာထက် စိတ်ပျက်စရာတွေက ပိုပြီးများနေလေ့ရှိပါတယ်။ ပီပြင်အောင်ပြောရရင် အသိတရား ရင့်ကျက်လာလေလေ၊ စိတ်ပျက်စရာတွေကို ပိုပြီးတွေ့ရတတ်လေပါပဲ။ ဒီလိုပြောလို့ စိတ်ဓာတ်ကျစရာတွေကို ပြောတာပဲလို့မယူပါနဲ့။ အမှန်အတိုင်း အခြေအနေကို သိရအောင် ပြောပြတာသာဖြစ်ပါတယ်။

စိတ်ပျက်စရာတွေရှိတိုင်း ကိုယ်နဲ့တော့မဆိုင်ပါဘူး။ ပန်းဥယျာဉ်ထဲမှာ အပူအပင်မဲ့စွာ ပန်းကလေးတွေနား မှာ ရစ်ပတ်ပျံသန်းနေတဲ့ လိပ်ပြာလေးတွေကို တွေ့ဖူးကြမှာပါ။ အဲဒီလိပ်ပြာလေးတွေဟာ ကားသံတွေ၊ ဆူညံသံတွေနဲ့ အခြားအန္တရာယ်တွေကို သူတို့အာရုံထဲ မသွင်းထားကြဘူး။ ဆိုလိုတာကတော့ လိပ်ပြာလေး လို မဆိုင်တာတွေကို မိမိအာရုံထဲ မသွင်းဖို့ သိပ်အရေးကြီးပါတယ်။

သူများသေတာမြင်တာနဲ့ သံဝေဂရပြီး ကိုယ်ကြံစည်ထားတာတွေ လုပ်လက်စတွေကို စွန့်ပစ်ရတော့မှာလား။ စိတ်ပျက်စရာဆိုတာဘာလဲ။ ဖြစ်ချင်တာတွေ အားလုံးဖြစ်မလာတဲ့အခါ ခံစားရတဲ့စိတ်ဝေဒနာတစ်ရပ်ပဲ မဟုတ်လား။ ဒါကိုကုစားလို့ ရပါတယ်။ ကုစားခံလို့ရနိုင်တဲ့ နည်းတွေရှိပါတယ်။ အတိုချုပ် ကုစားတဲ့နည်းက 
တော့ စိတ်ဓာတ်တတ်စရာ၊ စိတ်ဓာတ်ပျက်စရာတွေဟာ မိမိရဲ့စိတ်မှာ အမြဲတမ်းခိုအောင်းနေပြီး
နေနိုင်ရဲ့လား ဆိုတာကိုအမှန်အတိုင်း ရှာဖွေသုံးသပ်ကြည့်ဖို့ပါပဲ။ ဒီအခါမှာခံစားချက်တွေဟာ အခြေအနေ၊ အချိန် အခါအရ ခဏတဖြုတ် ကိစ္စတွေသာဖြစ်တယ်ဆိုတာကို တွေ့ရမှာဖြစ်တယ်။

ဆွဲထားလို့တောင်မနေတဲ့ ဧည့်သည်တစ်ဦးအတွက် ဧည့်သည်များမပြန်ရင်တော့ အခက်ပဲဆိုတဲ့ပူပန် စိုးရိမ် မှုမျိုးတွေ ဘာကြောင့်မွေးထားရမှာလဲ။ ဒါကြောင့်စိတ်ပျက်လက်ပျက် ဖြစ်နေစရာလိုပါသလား။ အလွယ် တကူစိတ်ပျက်ခြင်းဟာ အောင်မြင်စွာလက်တွေ့ ရင်ဆိုင်လိုသူတွေအတွက် အနှောက်အယှက်သာ ဖြစ်ပါ တယ်။

Saturday, December 15, 2012

အချစ်၏အဓိပ္ပာယ်ဖွင့်ဆိုချက်။









အချစ်ဆိုတာ ဘာလဲ!
လို့ မေးမှာလား။
အချစ်ဆိုတာ ပေးဆပ်ခြင်း၊
ဟင့်အင်း....မဟုတ်ဘူး။
အချစ်ဆိုတာ ရယူခြင်း၊
ဟင့်အင်း....ဒါလည်းမဟုတ်ဘူး။
အင်း...အချစ်ကို ဒီလို
အဓိပ္ပာယ်တွေ အမျိုးမျိုး ထုတ်ကြတယ်...။

ငါက ဒီလိုအဓိပ္ပာယ်ဖွင့်မိတယ်။
အချစ်ဟာ အချစ်ပါပဲကွယ်...

လောကကြီးထဲမှာ အကောင်းဆုံး၊
အလှပဆုံး အရာတွေကို
မြင်လည်းမမြင်ရ၊
တွေ့လည်းမတွေ့ရပေမယ့်
နှလုံးသားနဲ့တော့ ခံစားလို့ရတယ်။
အဲဒါ အချစ်လေ....။

ချစ်ခြင်းတရားနဲ့ပိုက်ထွေးထားလိုက်ရင်
မတူညီမှုတွေအားလုံး ညီတူမျှသွားတော့တယ်။
အဲဒါ အချစ်တန်ခိုးတစ်မျိုးပေါ့....။

ဖတ်မိတဲ့ စာလေးတစ်ပိုဒ်
If we really love our love
what can keep us from meeting.
တကယ်ချစ်ခဲ့ရင် ဘယ်လိုအရာကမှ
အဲဒီအချစ်ကို ခွဲမထားနိုင်ပါဘူး...။

ချစ်ခြင်းတရားဖြစ်ပေါ်ဖို့က
ဘယ်နေရာ၊ဘယ်အချိန်ရယ် လို့
သတ်မှတ်ချက်မှမရှိတာ...
အချစ်ဆိုတာ တစ္ဆေတစ်ကောင်လိုပါပဲ....။

အချစ်ဆိုတာ စိတ္တဇနာမ်
အချစ်ကလူကို ရူးသွပ်စေသလား
အချစ်ဆိုတဲ့ စိတ်ခံစားမှုကို
ဘယ်စကားလုံးတွေနဲ့မှ
တည်ဆောက်ပြလို့မရပါဘူး.....။
အချစ်မှာ ချစ်နေဖို့က အဓိကပါပဲ.....။

တကယ်တော့....
အချစ်ဆိုတာ
အဓိပ္ပာယ်တွေအများကြီး
ပျော်ဝင်နေတဲ့ စကားစုတစ်ခုပါပဲ.....။


စိတ်ကူးပေါက်လို့ရေးချမိတာပါ။ 

(16.3.10.အင်္ဂါ) Multiply မှာရေးခဲ့တာပါ။


Friday, December 14, 2012

ကျွန်မတွေးမိသမျှ


“ဘဝအတွေ့အကြုံ များအောင် ဘယ်လိုလုပ်ရမလဲ”ဆိုတဲ့ မေးခွန်းကို ကျွန်မဘာသာမေးပြီး ကိုယ့်ဖာသာပဲ ဒီလိုပြန်ဖြေကြည့်မိတယ်။။

ရှေးရှေးတုန်းလူတွေဟာ သူတို့ရဲ့အမှားတွေကို စာအုပ်တွေထဲမှာ ရေးသားထားခဲ့ကြတယ်။ အမှန်တွေကို ရောပေါ့။ အဲဒီလိုမျိုးတန်ဖိုးရှိတဲ့ ကိုယ့်ဘဝအတွက် အထောက်အကူပြုမယ့် စာအုပ်တွေကိုဖတ်ရင် ဘဝအသိအမြင်တွေ ရင့်ကျက်လာနိုင်တာပေါ့။

ဒါကြောင့် စာများများဖတ်သင့်တယ်။ ဒါပေမယ့် တစ်ခုတော့ရှိတယ်။ စာပေမှာကိုယ်စိတ် ပျော်ရွှင်ဖို့ ဖတ်တဲ့ စာရယ်၊ ကိုယ့်ဘဝအသိဥာဏ် ရင့်ကျက်တိုးတတ်ဖို့ ဖတ်တဲ့စာရယ် (၂) မျိုးရှိတယ်။ စိတ်ပျော်ရွှင်ဖို့လည်း စာဖတ်ပါ။ အဲဒီလိုဖတ်တာထက် ကိုယ့်ဘဝအသိဥာဏ် ရင့်ကျက်တိုးတတ်ဖို့ကိုတော့ ဦးစားပေးဖတ်သင့်ပါ တယ်။

အင်္ဂလိပ်ခေတ်က ထမင်းစားဖို့ တိုင်းတစ်ပါးသားကို မျက်နှာလိုမျက်နှာရ လုပ်ကြလွန်းလို့ ဆရာကြီး သခင် ကိုယ်တော်မှိုင်းကပြောဖူးတယ်။ “ထမင်းတစ်လုတ်အတွက် ထင်းခုတ်စားလည်းရပါတယ်”တဲ့။ ကျွန်မရင်ထဲ မှာ စွဲငြိသွားစေတဲ့ စကားလေးတစ်ခွန်းပါ။ ကိုယ်ရှင်သန်ဖို့အရေး အားနည်းသူကိုဖိနှိပ်၊ အားကြီးသူကို ဖော်လံဖားနဲ့စတိုင်တော့ မထွားချင်ပါဘူး။ အားနည်းသူကိုကူညီ၊ အားကြီးသူကိုလေးစား ဘဝမှာခပ်ရိုးရိုး သမားပဲ ဖြစ်ချင်တယ်။ သူငယ်ချင်းတို့ရော ဘယ်လိုလူမျိုးဖြစ်ချင်သလဲ...........။

လူတစ်ယောက်ရဲ့စိတ်ဓာတ်ဟာ အမြဲတမ်းလည်းတတ်မနေသလို အမြဲတမ်းလည်းကျမနေဘူး။ ကျွန်မ ကတော့ စိတ်ဓာတ်ကျတဲ့အချိန်ဆို စိတ်ဓာတ်ခွန်အားဖြစ်စေတဲ့ စာတွေဖတ်၊ လမ်းညွှန်မှုပေးနိုင်တဲ့ မိဘဆရာသမား၊ မိတ်ဆွေစစ်တွေဆီ လျှောက်သွားလိုက်တာပဲ။ သူတို့ဆီက အားပေးနှစ်သိမ့်မှုနှင့်အတူ အကြံဥာဏ်ကောင်းတွေ ရတတ်တယ်လေ။

လူ့လောကမှာ မိတ်ဆွေတွေကို ပေါင်းရမှာပဲ။ မိတ်ဆွေကိုပေါင်းတာ မိတ်ဆွေဆိုတဲ့စကားလုံး နောက်က “ကောင်း” ဆိုတဲ့ စကားပါဖို့အရေးကြီးတယ်။ မိတ်ဆွေကောင်းဆိုတာ အိတ်တွေမဖောင်းလည်း ကိုယ့်ဘေးနားမှာရှိတဲ့ လူမျိုးကိုခေါ်တာ။ ဒါကြောင့်မိတ်ဆွေကောင်းနဲ့ ပဲတွေ့ဆုံချင်တယ်။ မနက်ဖြန်ဆိုတဲ့ အနာဂတ်ကာလကို ကိုယ်ကအသေအချာ မပိုင်ဆိုင်နိုင်တော့ ဘာမဟုတ်တဲ့ကိစ္စလေးတွေနဲ့ မိတ်ဆွေတွေ ရန်မဖြစ်ကြစေချင်ဘူး။ ကျွန်မကတော့ မိတ်ဆွေတွေကို တစ်ကယ်တန်ဖိုးထား ခင်မင်တတ်တယ်။

လူတိုင်းမှာ လက်ပက်နာရီတစ်လုံးစီ ရှိသင့်တယ်လို့ ကျွန်မထင်တယ်။ ဘဝမှာကိစ္စတော် တော်များများဟာ အချိန်နဲ့အလုပ်လုပ်နေကြတာပါ။ နာရီမဝတ်တော့အချိန်မသိဘူး။ အချိန်မသိတော့ အချိန်ကိုမလေးစား ဘူးပေါ့။ အချိန်ကိုမလေးစားတဲ့သူဟာ ဘယ်တော့မှမတိုးတတ်၊ မအောင်မြင်ဘူး။ လောကကြီးမှာ အလကား ရတာကို အလကားပဲအဖြစ်ခံ လိုက်မယ်ဆိုရင် ညံ့ရာကျပါတယ်။ အချိန်ဆိုတဲ့ ကာလရထားက ဘယ်ဘူတာ မှမရပ်ဘူး။ ရပ်ခိုင်းလို့လည်းမရဘူး။ “အချိန်နှင့်ဒီရေသည် လူကိုမစောင့်”တဲ့။ ဒီတော့အချိန်ကိုသိ၊ အ ချိန်ကိုလေးစားပြီး ထိပ်ဆုံးကို ရောက်အောင်သွားလိုက်ပါ။

လောကမှာ ဘာပဲလုပ်လုပ် ကြိုတင်ပြင်ဆင်ထားရင် အမှားနည်းတာပေါ့။ ကဲ...ဒီတော့ သူငယ်ချင်းတို့လည်း ဘဝမှာပျော်ရွှင်ချမ်းမြေ့ပြီး အမှားနည်းချင်ရင် ကြိုတင်ပြင်ဆင်မှုလေးတွေ လုပ်ထားသင့်တယ်နော်။

ဘဝရဲ့လမ်းတွေဟာ ဘယ်တော့မှမဖြောင့်ဖြူးဘူး။ အခက်အခဲတွေ အတားအဆီးတွေက အနည်းနဲ့အများ ဆိုသလို ရှိနေကြတာပါပဲ။ အဲဒါကို စိတ်ပျက်ညည်းညူနေလို့တော့ မဖြစ်ဘူး။ ဇွဲရှိရှိနဲ့ ရင်ဆိုင်ကျော်ဖြတ် သွားရမှာပဲ။ အမှားပေါင်းတစ်ထောင် မှားဖူးရင်အမှန်ပေါင်း တစ်ထောင်သိသွားသလိုပါပဲ။ အဲ.... တစ်ခုတော့ သတိထား။ အမှားတစ်ခုထဲကိုပဲ ထပ်ခါထပ်ခါ မကျူးလွန်နဲ့နော်။

တစ်ခါတစ်ရံဘဝအတွက် အခွင့်အရေးကောင်းဆိုတာ စောင့်နိုင်၊အောင့်နိုင်မှ ရတယ်လေ လူတွေရဲ့ဖြစ်တည် မှု သဘာဝအရ တစ်ယောက်နဲ့တစ်ယောက် မတူညီတာတွေ ကွဲလွဲတာတွေရှိမှာပဲ။ အဲဒါတွေကို အပြစ် တင်ပြီး စိတ်နာမုန်းတီးရမယ်ဆိုရင် ချစ်ခြင်းမေတ္တာနဲ့ပျော်ရွှင်ချိန်ဆိုတာ ဘယ်တော့ရှိတော့မှာလဲ။ စကားပုံ တစ်ခုရှိတယ်။ “ဆင်းရဲဒုက္ခက အိမ်ရှေ့တံခါးကိုလာခေါက်ရင် ချစ်ခြင်းက ပြတင်းပေါက်က ထွက်ပြေးသွား တယ်”တဲ့။ ဒါကြောင့် ဆင်းရဲဒုက္ခတွေများလာရင် လူအချင်းချင်း ချစ်ခင်မှုတွေက ထွက်ပြေးသွားလေရော့ လား လို့တွေးမိတယ်။

ဒါပေမယ့် တစ်ခါတစ်လေ ဖြစ်ချင်တာနဲ့ဖြစ်သင့်တာမှာ ဖြစ်သင့်တာကို ကြိတ်မှိတ်လုပ်ရတယ်။ ဒါမှဘဝတွေ က တိုးတတ်တောက်ပြောင်လာမှာပေါ့။ ဖြစ်ချင်တာကို ဖြစ်ခွင့်ရခဲ့ရင်တော့ ပိုပြီးတောက်ပြောင်လာမှာ သေချာပါတယ်။

(15.3.10.တနင်္လာ)မှာ Multiply မှာရေးခဲ့တာပါ။

Sunday, August 12, 2012

ပွင့်လင်းသောလူငယ်ဘဝ


လူ့သဘာဝအရပဲ ဆိုပါရစေ။ ပတ်ဝန်းကျင်နဲ့ကင်းလို့မရတာမို့ ပေါင်းသင်းဆက်ဆံရေးမှာ အဆင်ပြေခြင်း၊ အဆင်မပြေခြင်းစတာတွေကို ကြုံဆုံကြရပါတယ်။ သူများတကာအပေါ် ကိုယ့်ရဲ့ပြုမူဆက်ဆံပုံဟာ ပတ်ဝန်း ကျင်ရဲ့ ကိုယ့်အပေါ်တုံ့ပြန်ဆက်ဆံပုံတွေဟာ တစ်ထပ်တည်းကျတယ်လို့ မဆိုသာပါဘူး။ 

တစ်ခါတစ်ရံ မှာတော့ ကိုယ့်အပေါင်းအသင်းတွေ၊ အိမ်နီးချင်းတွေနဲ့ မိသားစုဝင်တွေအပေါ်မှာ မာနကြောင့် ရိုင်းပျတာ ၊မောက်မာတာမျိုး ရှိတတ်တယ်။ ဒါကိုလည်း သတိထားမိချင်မှထားမိမယ်။ ဒါပေမယ့် သူများတကာက ကိုယ့်အပေါ်အဆင်မပြေတဲ့ ဆက်ဆံမှုတွေကိုတော့ ဒေါသတကြီး ဖြစ်မိတတ်ရော။ ကိုယ်နှင့်ဆက်ဆံသူတိုင်းဟာ ယဉ်ကျေးသိမ်မွေ့မှုမရှိကြဘူး။ ကိုယ်တိုင်ကတော့ အပြစ်ကင်းတယ်လို့ ယုံကြည်နေတတ်တာဟာ တကယ်တော့ အန္တရာယ်ရှိတယ်လို့ ဆိုရမယ်။ အမှန်တော့ ကိုယ့်ရဲ့ စိတ်ရင်းအမှန် ကို မကြာခဏဆိုသလို ဆန်းစစ်ကြည့်သင့်တယ်။ 

 နေ့စဉ်ဘ၀ကြုံဆုံရတဲ့ လူတွေဟာ စရိုက်အမျိုးမျိုး၊ စိတ်ထားအမျိုးမျိုး၊ ရှိကြသူတွေပါပဲ။ ကိုယ်ဟာအတ္တ ကြီးမားသူဆိုရင်တော့ ဆက်ဆံရေးမှာ အဆင်မပြေဖြစ်ဖို့ကတော့ သေချာသလောက်ဖြစ်မယ်။ ဘာဖြစ်လို့ လည်းဆိုတော့ ကိုယ့်ဆန္ဒကိုပဲ ဦးစားပေးပြီး သူများတကာကို လုံးဝထည့်မစဉ်းစားလို့ပဲပေါ့။ နောက်ပြီး ကိုယ့်အယူအဆဟာ အမြဲတမ်းမှန်တယ်လို့ ယုံကြည်ထားတယ်။ ကိုယ့်အပေါ်နှစ်လိုပုံ မပြတဲ့သူကိုလည်း လစ်လျူရှုထားတယ်။ အဲဒီသူနဲ့အဆင်ပြေအောင် ပြောဆိုဆက်ဆံဖို့ မကြိုးစားသလို ညှိနှိုင်းဖို့လည်း စိတ်ကူးမရှိဘူး။ တချို့ရှိတယ်။ သူတို့ကို ပတ်ဝန်းကျင်က ခင်ခင်မင်မင်ရှိတယ်ဆိုရင် သူတို့ပြောသမျှ စကားအောင်ပြီး သူတို့ပြောဆိုသမျှ ငြင်းပယ်နိုင်မယ့်သူ မရှိဘူးလို့ ယုံကြည်ထားရော။ ပတ်ဝန်းကျင်ဆိုတာ ကို အလေးအနက်ထည့် မစဉ်းစားချင်တော့ဘူး။ အချိန်မရွေးလှည့်ပတ်ပြောဆိုလို့ ရနိုင်တာပဲလို့လည်း ထင်ထားတယ်။ ဆိုပါစို့။ 

အဲဒီလိုလူစားမျိုးမှာ အခက်အခဲတစ်စုံတစ်ရာကြုံလာခဲ့ရင် ပတ်ဝန်းကျင်ကို အရေးတကြီး အကူအညီတောင်း ဖို့ ၀န်မလေးဘူး။ ဒါပေမယ့် သူနဲ့ရင်းနှီးခင်မင်သူ တစ်စုံတစ်ဦးမှာ အခက်အခဲကြုံလို့ အကူအညီတောင်းလာ ခဲ့ရင်တော့ မသိကျိုးကျွန်ပြုနေတတ်တယ်။ အကူအညီပေးဖို့လေးဖင့်နေတယ်။ ရှိသေးတယ်။ သူနဲ့အဆင် မပြေတဲ့ အပေါင်းအသင်းမိတ်ဆွေအကြောင်း၊ အိမ်နီးချင်းနဲ့မိသားစုဝင်တွေ အကြောင်းကို မထိမ်မချန် ဘဲ လျှောက်ပြောတတ်ပြန်ရော။ တကယ်တော့ စိတ်ရင်းကောင်းပြီး ညှာတာထောက်ထားတတ် သူတိုင်းဟာ သူများနဲ့ ညှိညှိနှိုင်းနှိုင်း ဆောင်ရွက်လေ့ရှိတယ်။ ပြစ်တင်ရှုတ်ချတာကို မလိုလားဘူး။ တစ်စုံ တစ်ယောက်က သူ့ကိုနှစ်လိုဟန်မပြဘူးဆိုရင် အလျင်စလိုဒေါသမထွက်ဘဲ ဘာကြောင့် ဖြစ်ရပါလိမ့်ဆိုတဲ့ အတွေးနှင့်ပြန်ပြီး ဆင်ခြင်ဆန်းစစ်တယ်။ အဲဒီနောက်ကိုယ်တိုင်က မှားယွင်းနေတာဆိုရင် ချက်ချင်းပြန်ပြင်လိုက်တယ်။ 

တစ်ဖက်သားရဲ့လွဲမှားမှုမျိုးဆိုရင် သူ့အပေါ်သူ့အပေါ် သဘောထားအမြင်ပြောင်းပြီး မြင်လိုက်တယ်။ စိတ်ရင်းကောင်းသူဟာ သူ့အပေါ်ခင်မင်ရင်းနှီးသူတွေနဲ့ အခင်မင်ပျက်စေမယ့် အရာမှန်သမျှ အတတ်နိုင် ဆုံးရှောင်တယ်။ သတိလည်းထားတယ်။ သူဟာဘ၀မှာအောင်မြင်လာတဲ့ အခါမှာလည်း မောက်မာလေ့မရှိ ဘူး။ နှိမ့်ချပြီးဆက်ဆံတတ်တယ်။ သူ့အနေနဲ့ အရောတ၀င်ခင်မင်လိုစိတ်မရှိသူ တစ်ယောက်က သူ့ကိုရင်းနှီး ခင်မင်နေမယ်ဆိုရင်တော့ သနားစိတ်နဲ့ တုံ့ပြန် ခင်မင်နိုင်အောင် ကြိုးစားမှာတော့ အသေအချာပါပဲ။ ဆိုပါစို့။ 

တစ်ခါတစ်ရံမှာ သူ့အတွက်အခက်အခဲတစ်ခုခုကြုံရမယ်။ ကျန်းမာရေးချို့ယွင်းမယ်ဆိုရင် ကိုယ်တိုင်ဖြေ ရှင်းနိုင်အောင် ကြိုးစားမယ်။ သူ့အတွက်နဲ့ သူများမှာ ၀န်ပိသွားမှာကိုတော့ အရမ်းစိုးရိမ်တတ်ပါတယ်။ ဒါပေမယ့်လည်း စိတ်ရင်းစေတနာကောင်းမွန်သူဟာ သူပြုခဲ့တဲ့ လူမှုအကျိုးပြုစိတ်ဓာတ်ကြောင့် အခက်အခဲ ကြုံကြိုက်တဲ့အခါ လှိုက်လှိုက်လှဲလှဲ ကူညီပေးမယ့်သူ မရှားပါဘူးဆိုတာ လက်တွေ့ကြုံဆုံလာရပါလိမ့်မယ်။ ကျယ်ဝန်းလှတဲ့ ပေါင်းသင်းဆက်ဆံရေးနယ်ပယ်ထဲမှာ စိတ်ရင်းစေတနာကောင်းသူတွေအတွက် အဆင်ပြေ ချောမွေ့နိုင်ပါတယ် ဆိုတဲ့အကြောင်း………..။
 (ရန်)
 

Tuesday, October 25, 2011

ငါ့စိတ်


ရှုံးပွဲများအတွက် နိုင်ပွဲများဖြစ်ဖို့ထက်
ပုံမှန်အဆင့်မှာ ရပ်တည်နိုင်ဖို့
ကြိုးစားနေရတယ်......
လူ့သမိုင်းမှာ သူရဲကောင်းမဖြစ်ပေမယ့်
ရာဇ၀င်မှာ ကိုယ်ကျင့်သိက္ခာအရှိဆုံး.....ငါ
အသေအချာလင်းရမယ်ဆိုတဲ့ ခံယူချက်
နေ့ရက်တိုင်းမှာ ၀င်းပနေမြဲ
ဖြစ်ချင်ရာဖြစ်ဆိုတဲ့
ဇွတ်စိတ်ကူးများကို ချိုးနှိမ်
အလွမ်းမှိန်မှိန်များကို ရွှေရည်စိမ်ရင်း
ယုံကြည်ချက်နဲ့ မျှော်လင့်ချက်တွေ လှပလာဖို့
သပ်ရပ်စွာတည်ဆောက်
ငါ့အမိုးအောက်က ငါ့ခန္ဓာမှာ
အပြုံးတစ်ပွင့်သာ အမြဲတပ်ဆင်ချင်ပါတယ်.....။
ငါကိုယ်တိုင်မမြင်လိုက်ရတဲ့ အမှားများအတွက်
အမှန်တရားများကို တိုးလို့တွယ်ဖက်ရင်း
ဘ၀ရဲ့ အမောများအတွက်
တရားဓမ္မရေကြည်တစ်စက် သောက်သုံး
မုန်းသူတွေကို ပြုံးပြနိုင်တဲ့ 
စိတ်နှလုံးသားသာ
ငါ့ ရင်ဘတ်ကြားမှာ 
အမြဲသာပါစေလို့ ဆုပန်ပါတယ်.......။





Friday, October 21, 2011

အသိုက်

အသိုက်။

အကြင်နာ ဘုံဗိမ္ဗာန်လေးတစ်ခု

တည်ဆောက်ပြီးလုချိန်မှာ
မုန်တိုင်းထန်ထန် တိုက်ဖျက်
ငါ့အသိုက်ပျက်ခဲ့ရပြီ...။
ဘယ်မှာလဲ.....?
ငါတမ်းတခိုဝင်နိုင်ဖို့
ငါငိုကြွေးနိုင်ဖို့
ရင်ခွင်နွေးနွေး တစ်ခုတော့
 မဲ့ခဲ့ရပြီလေ.........။            ။



 









Wednesday, October 19, 2011

ဘ၀ဆိုတာ ရှင်သန်ခြင်း။


ကျွန်မရဲ့ဘဝ နောက်ပိုင်းအချိန်တွေကို သဘာဝကျကျ ကောင်းမွန်ပျော်ရွှင်စွာ ဖြတ်သန်းကြည့်ဖို့ စိတ်ကူး 
လေးတွေရှိတယ်။ ဒီခေတ်ထဲမှာ လူတွေက နည်းပညာတိုးတတ်မှုတွေ နောက်တကောက်ကောက် လိုက်ကြရ တယ်။ စားဝတ်နေရေးနောက် လိုက်ကြတယ်။ အောင်မြင်မှုနောက် လိုက်ကြရတယ်။ စိတ်ချမ်းသာမှု၊ စိတ်ပျော်ရွှင်မှု အတော်ကြီးနည်းပါး လာကြတယ်။

စိတ်ချမ်းသာ ပျော်ရွှင်မှုဆိုတာ ကိုယ်တိုင်ဖန်တီး မွေးယူရတဲ့အရာလို့ ကျွန်မနားလည်ထားတယ်။ ဘဝထဲမှာ ကျွန်မတို့အဆိုးတွေ၊ ဒုက္ခတွေ၊ အခက်အခဲတွေ မလွှဲမဖယ်သာ ကြုံတွေ့နိုင်ပေမယ့် အဲဒီ့ထဲကမှ အကောင်းတွေ ကျေနပ်နှစ်သိမ့်စရာတွေ ရရှိဖို့လည်း ကြိုးစားရှာဖွေဖန်တီးယူကြရမှာပဲလေ။

မနက်ခင်း အိပ်ရာနိုးခွင့်ရတာကိုက အခွင့်အရေးတစ်ခုပဲလေ။ တစ်ရက်တစ်မနက် အသက်ရှင်ခွင့်လေးကိုပဲ ဆုကြေးတစ်ခုလို သတ်မှတ်မိပါတယ်။ တစ်နေ့တစ်မနက် အသက်ရှင်နေရတာကိုက အကောင်းဆုံး ဆုလာဘ်ပဲ။ ဘဝမှာအကောင်းဆုံး နေထိုင်ခွင့်၊ ရှင်သန်ခွင့်၊ ရပ်တည်ခွင့်တွေရမယ်။ ပျော်ရွှင်စွာဖန်တီး လုပ်ဆောင်ခွင့်တွေရမယ်။ ဒါကိုက အခွင့်ထူးပါပဲ……။

ပြုပြင်ပြောင်းလဲယူဖို့ ကြောက်ရွံ့မနေသင့်ဘူး။ နွံထဲမှာအနစ်ခံပြီး ဘဝတွေကို စတေးပစ်စရာမလိုဘူး။ အချိန်ဆိုတာ ဘယ်တော့မှ မနှောင်းပါဘူး။ ကိုယ်နစ်ခဲ့တာ၊ ကိုယ်လွဲမှားခဲ့တာ အချိန်ကြာမြင့်ခဲ့တယ် ဆိုရင်တော့လည်း ချက်ချင်းကြီး ပြုပြင်ယူလို့ မရနိုင်ဘူးလေ။ အဲဒီ့အချိန်တွေအတိုင်း ဆတူအချိန်အတိုင်း အတာတစ်ခု ပေးဆပ်စောင့်စား ယူသင့်တာပေါ့လေ။

ဆက်ခနဲ ချက်ချင်းပြန်ကောင်းဖို့ လုပ်ယူလို့တော့မရနိုင်ဘူး။ ကိုယ့်အတွက် အကောင်းဆုံးနားလည် စာနာပေးနိုင်မယ့် လူ့အသိုက်အဝန်းလေးတစ်ခုရဖို့ ဖြစ်တည်ဖို့ဖန်တီး တည်ဆောက်ယူကြရမှာပဲ။ ကျွန်မတို့ဘဝမှာ လမ်းတွေအများကြီး ဖြတ်သန်းကျော်လွှားခဲ့ကြပြီးပြီ။ ချန်ထားခဲ့ရတဲ့အရာ အချို့ရှိသလို အသစ်တစ်ဖန် မျှော်လင့်စရာတွေလည်း တပြန့်တပြော မကုန်ဆုံးနိုင်အောင်ပဲပေါ့။ ကောင်းကင်က ကြည်လင်နေဦးမှာပါ။

မြေသားကလည်း ခိုင်ခံ့သေချာနေဦးမယ်။ လတ်ဆက်တဲ့လေပြေ၊ စိမ်းသစ်တဲ့သဘာဝတရား အမြဲတည် ရှိနေဦးမယ်။ အဲဒီအချိန်တွေထဲက ကျမတို့ဘာတွေများ ရယူနိုင်ကြဦးမလဲ။ ကိုယ့်အတွက်၊ ကိုယ့်ပတ်ဝန်းကျင် အတွက် ဘာတွေများ စွမ်းဆောင်ပေးနိုင်ကြဦးမလဲ။ ဘဝဆိုတာ အသစ်အသစ်သော အရာတွေနှင့် အကောင်းဆုံး တည်ဆောက်ခွင့်တွေ ဖန်တီးရယူနိုင်ဖို့ အခွင့်အရေးတွေ အများကြီးရှိနေသေးတဲ့ အရာတစ်ခုပါ။

***တစ်ချို့ကဘဝကို ရှင်သန်ခြင်းလို့ အဓိပ္ပါယ်ဖွင့်တယ်။***










Tuesday, October 18, 2011

လက်တွေ့ကို....ဦးစားပေးခြင်း။


အတွေးအိမ်ထဲမှာ....
လေထုထဲ ရဲတိုက်ဆောက်နေလို့
ဘာမှဖြစ်လာမှာ မဟုတ်ဘူး....။
အိပ်မက်ထဲ ရွှေမှုန်ကြဲတဲ့ ဖဲမွေ့ရာမှာ
ကျေနပ်စွာ လဲလျောင်းနေလို့လဲ
ဘာအဖြေမှ ထွက်လာမှာ မဟုတ်ဘူး.....။
လက်တွေ့မဲ့တဲ့ သဘောတရား
ရေလျဉ်ကျောမှာ မျောနေလို့လည်း
ဘယ်အဖြေမှ ထွက်လာမှာ မဟုတ်ဘူး....။
ဒီတော့.........
အိမ်တိုင်တစ်လုံးပဲ ....ထူထူ
လယ်တစ်ကွက်ပဲ .....ထွန်ထွန်
စာတစ်ပုဒ်ပဲ ...........ရေးရေး
လက်တွေ့ဟာ လက်တွေ့ပဲ.....။
ထိုင်နေသူထက်
မတ်တပ်ရပ်နေသူကို
နေမင်းကြီးက...အရင်ဆုံးပြေးလာပြီး
နွေးထွေးမှုကို......ပေးမှာပါ။ ။



Saturday, October 15, 2011

ကိုယ့်ကိုကိုယ် အသက်ကြီးလှပြီထင်ပါသလား။

ငါအသက်ကြီးလာပြီ။ ငယ်တဲ့သူတွေနဲ့မယှဉ်နိုင်တော့ဘူးဟု စိတ်ပျက်နေပါသလား။ ပြေးလွှားခုန်ပေါက် သည့် နေရာများတွင်တော့ ဟုတ်မည်ပေါ့။ အသက်အရွယ်ရလာ ဥာဏ်အမြော်အမြင် ပြည့်စုံလာတော့မှ ပို၍ပေါက်မြောက်အောင်မြင်နိုင်သောအရာများစွာ ရှိပါသည်။ အောက်ပါပုဂ္ဂိုလ်များ၏ စွမ်းဆောင်ချက်များကို ကြည့်ပါ။

၁။ အသက်၈၀မှာ ရုပ်ရှင်မင်းသားကြီး ဂျော့ခ်ျဗန်း(စ)သည် The Sunshine Boys ဇာတ်ကားတွင် ထူးချွန်စွာ သရုပ်ဆောင်နိုင်သဖြင့် အကယ်ဒမီဆု ရရှိခဲ့သည်။

၂။ အသက်၈၃နှစ်မှာ ယိုဟန်းဂါးထာသည် Faustပဇာတ်ကြီးကို အပြီးသတ် ရေးသား ခဲ့သည်။

၃။ အသက်၈၇နှစ်မှာ ကွန်းရက်အက်ဒီနောဝါးသည် ဂျာမနီဝန်ကြီးချုပ် အဖြစ်တာဝန်ထမ်းဆောင်လျှက်ရှိ သည်။

၎။ အသက်၈၈နှစ်မှာ ကိုကိုရှနဲလ်သည် ဖက်ရှင်ဒီဇိုင်းလုပ်ငန်းကြီး၏ အကြီးအကဲအဖြစ် ဆောင်ရွက်နေခဲ့ သည်။

၅။ အသက်၈၉နှစ်မှာ အယ်လဘတ်ရွှိုက်ဇာသည် အာဖရိက၌ ဆေးရုံကြီးတစ်ရုံကို ကြီးကြပ်ကွပ်ကဲလျက် ရှိသည်။

၆။ အသက်၈၉နှစ်မှာ မေရီဘေကာအက်ဒီသည် ဘုရားရှိခိုးကျောင်းကြီးတစ်ခုကို ဦးဆောင်ကွပ်ကဲလျက်ရှိ သည်။

၇။ အသက်၉၁နှစ်မှာ အီမွန်ဒီဗလဲရားသည် အိုင်ယာလန်နိုင်ငံ သမ္မတအဖြစ် ဆောင်ရွက်ခဲ့သည်။

၈။ အသက်၉၂နှစ်မှာ စာရေးဆရာကြီး ဂျော့ခ်ျဘားနဒ်ရှောသည် Farfetched Fables ပြဇာတ်ကိုရေးသားခဲ့ သည်။

၉။ အသက်၉၄နှစ်မှာ တွေးခေါ်ရှင်ကြီး ဘာထရန်ရပ်ဆယ်သည် ကမ္ဘာ့ငြိမ်းချမ်းရေးကိစ္စများကို တတ်ကြွစွာ ဆောင်ရွက်လျက်ရှိသည်။

၁၀။ အသက်၁၀၀မှာ ဘွားဘွားမိုးဇက်သည် ပန်းချီကားများ ရေးဆွဲလျက်ရှိသည်။



ဆရာကြီးဖေမြင့်၏ “နှလုံးသားအာဟာရ ရသစာများ”မှ ထုတ်နှုတ်ရေးသားပါသည်။










ပလုံ



ဆရာတာရာမင်းဝေရဲ့ နောက်ဆုံးရေးခဲ့တဲ့ကဗျာနဲ့လက်ရေးမူရင်းလေးပါ။
အမှတ်တရပါ။



Wednesday, October 5, 2011

အင်တာနက်သုံးရင်းဝင်ငွေရှာနိုင်ပြီ။

အင်တာနက်သုံးရင်း အပျင်းလည်းပြေ ပိုက်ဆံလည်းရှာချင်တယ်ဆိုရင်တော့ ကြော်ငြာဆိုက်တစ်ခုကို ညွှန်းလိုက်ပါရစေ။

ဒီဆိုက်မှာ Register လုပ်ပြီးရင် ကြော်ငြာ ၂၅ခုကို တစ်ခုချင်းကြည့်ရမှာ။

New Tab နဲ့ကြော်ငြာတွေအားလုံးကို အပြိုင်ခေါ်ကြည့်လို့ရမှာတော့ မဟုတ်ပါဘူး။

ကြော်ငြာတစ်ခုကို လိုင်းကောင်းရင် တစ်စက္ကန့်ပဲကြာပြီး ကြော်ငြာတစ်ခုကို ဒေါ်လာတစ်ဆင့်နှုန်းပေးပါတယ်။
၂၅ခုလုံးကြည့်ရင်တော့ ၃၄ဆင့်တောင်ပေးပါတယ်။

အကောင့်တစ်ခုဟာ တစ်ရက်ကိုတစ်ကြိမ်ပဲ ကြည့်ရှုခွင့်ရှိပါတယ်။

ဒါပေမဲ့ အကောင့်တွေအများကြီးကို ဘဏ်စာရင်းတစ်ခုထဲ ထည့်ပေးထားမယ်ဆိုရင်တော့ အကောင့်ဖွင့်ထား သလောက် ၀င်ငွေရှာနိုင်မှာ ဖြစ်ပါတယ်။

အင်တာနက်တပ်ထားပြီး တစ်နေကုန်အားနေရင်တော့ တစ်နေ့ကို ခုနှစ်ဒေါ်လာလောက်အထိ ရနိုင်မှာဖြစ်ပါ တယ်။

အကယ်၍ ဒုတိယအကောင့်ကို ဖွင့်တဲ့အခါမှာ ပထမအကောင့်က Refer လုပ်တဲ့အကြောင်း ဖြည့်ပေးမယ် ဆိုရင်ဒုတိယလူကြည့်တဲ့အတွက် ပထမအကောင့်က ကော်မရှင်ရဦးမှာ ဖြစ်ပါတယ်။

အကောင့်တွေပွားရင်ပွားထားသလောက် ကိုယ်က ကော်မရှင်ရနေဦးမှာပါ။

နောက်ပြီး နေ့တိုင်း ကြည့်တဲ့သူက အကောင့်တစ်ခုအတွင် တစ်ခုကို တစ်ဆင့်နှုန်းနဲ့ အကောင့်နှစ်ဆယ်ပွား ထားရင် နှစ်ဒေါ်လာ ကော်မရှင် ပေးရပါဦးမယ်။

တစ်ပတ်ဆက်တိုက်ကြည့်ရင် ၁၄ဒေါ်လာနဲ့ ၇၀ဆင့် စုစုပေါင်းတစ်လကို ၆၃ ဒေါ်လာလောက် ရနိုင်မယ့် အခွင့်အရေးရှိပါတယ်။

အရေးကြီးတာကတော့ အွန်လိုင်းဘဏ် အကောင့်တစ်ခုရှိရပါမယ်။

Alert Pay, Pay Pal ကြိုက်နှစ်သက်ရာ ဘဏ်အကောင့်တစ်ခုကိုပေးလိုက်ပါ။

ဒေါ်လာငါးဆယ်ပြည့်မှ ထုတ်ယူခွင့်ပြုပါတယ်။

ကိုယ့်နိုင်ငံမှာ အွန်လိုင်းဘဏ်စနစ်မရှိလို့ ထူးခြားမှာ မဟုတ်ဘူးလို့တော့ မထင်လိုက်ပါနဲ့။

အင်တာနက်ပေါ်ကနေ အခကြေးငွေနဲ့ ဆွဲယူရမယ့်ဆော့ဖ်ဝဲတွေ စာအုပ်တွေနဲ့ သီချင်းတွေကို ဒီကရှာထားတဲ့ ပိုက်ဆံတွေနဲ့ ရှင်းပေးလို့ရမှာ ဖြစ်ပါတယ်။

အောက်ပါလင့်ခ်မှာ သွားပြီး Register လုပ်ပြီးတာနဲ့ ၀င်ကြည့်လို့ရပါပြီ။

http://bux.to/ ပါ။













Tuesday, October 4, 2011

အကြိမ်ကြိမ်တို့အကြောင်း။

မန္တလေးမြို့မဟာမြတ်မုနိဘုရား ပရဝုဏ်အတွင်းရှိ ရခိုင်ကုလားရုပ်ကြီးများမှာ ရခိုင် ကုလားရုပ်ကြီးများ ဟု ခေါ်ကြသော်လည်း စင်စစ် ထိုအရုပ်ကြီးများသည် ကြေးသတ္ထုဖြင့် ထူထူထဲထဲ သွန်းလုပ်ထားသော ဗိသျှနူးနတ်ရုပ်ကြီးများ ဖြစ်ကြသည်။ ထိုအရုပ်ကြီးများသည် ဘိုးတော်ဘုရားလက်ထက် ရခိုင်မှရောက်လာ ကြခြင်းဖြစ်သည်။                            

ဝမ်းနာရောဂါရှိသော သူများသည် ထိုအရုပ်များ၏ ချက်ကိုနှိုက်လျှင် ရောဂါပျောက်သည် ဟုဆို သဖြင့် မြန်မာပြည် အရပ်ရပ်မှ ရောက်လာကြသော ဘုရားဖူး များအနက် ဝမ်းနာ ရောဂါပျောက်ချင် သူတို့က ထိုကြေးရုပ်ကြီးများ၏ ချက်ကိုလက်ဖြင့် နှိုက်ကြပွတ်ကြသည်။ ဝမ်းနာရောဂါ ပျောက်ချင်သူ ရှေ့လူတွေလိုပင် ဝမ်းနာရောဂါ ပျောက်ချင်သူ နောက်လူများကလည်း သူတစ်လက်ငါတစ်လက် ထိုကြေးရုပ်တို့၏ ချက်ကို အဆက်ဆက် ပွတ်ခဲ့၊နှိုက်ခဲ့ကြသည်။ လက်ဖြင့် ပွတ်ရုံ၊နှိုက်ရုံမျှဖြင့် ထိုအရုပ်ကြီးတွေ ဘာမှမဖြစ်နိုင် ဟု ရှေ့ရှေ့က နှိုက်ခါစ ပွတ်ခါစလူတွေ ထင်မိခဲ့ကြမည်။

သို့ရာတွင်................ ထူထည်းမာကျောသော ကြေးသတ္ထုပင်ဖြစ်သော်ငြားလည်း နှစ်ကာလကြာရှည်စွာ အဆက်ဆက်အခါခါ အကြိမ်ကြိမ်အဖန်ဖန် ပွတ်ခဲ့၊နှိုက်ခဲ့မှုကြောင့် ယခုအခါတွင် ထိုကြေးရုပ်ကြီးများ၏ ချက်တွေ၊ဟောင်းလောင်းပေါက်နေကြပြီ၊ ထိုမျှမကသေး အရုပ်ကြီးတို့၏ မျက်စိကိုပွတ်လျှင်၊ မျက်စိရောဂါပျောက်သည်ဟု မည်သူက စပြောခဲ့သည်မသိ၊ မျက်စိကိုလည်း စဉ်ဆက်ပွတ်ခဲ့ကြရာ ယခုအခါ ထိုအရုပ်ကြီးများ၏ မျက်စိများလည်း ပေါက်ကုန်ကြပြီ။                 

ဓမ္မပဒတွင် “အနည်းငယ်သော မကောင်းမှုသည် ငါ့အားအကျိုးသက်ရောက်လာလိမ့်မည် မဟုတ်ဟု မကောင်းမှုကို မထီမဲ့မြင်မထင်မှတ်ရာ၊ အထင်မသေးရာ၊ မိုးရေပေါက်တို့ အကြိမ်ကြိမ် ကျဖန်များလာသော အခါ ရေအိုးကြီးသည်ပင် ပြည့်လျှံသွားသကဲ့သို့ မိုက်သောသူတို့သည် အနည်းငယ်၊ အနည်းငယ်မျှသော မကောင်းမှုကို ပြုဖန်များသောအခါ မကောင်းမှုဖြင့် ပြည့်လေတော့၏။”

“အနည်းငယ်သော ကောင်းမှုသည် ငါ့အားအကျိုးသက်ရောက်လာမည် မဟုတ်ဟု ကောင်းမှုကို မထီမဲ့မြင် မထင်မှတ်ရာ၊ အထင်မသေးရာ၊ မိုးရေပေါက်တို့ အကြိမ်ကြိမ် ကျဖန်များလာသောအခါ ရေအိုးကြီးသည် ပင် ပြည့်လျှံသွားသကဲ့သို့ ပညာရှိသည် အနည်းငယ်၊ အနည်းငယ်မျှသော ကောင်းမှုကို ဆည်းပူးဖန်များသော အခါ ကောင်းမှုဖြင့် ပြည့်လေတော့၏။”

ဒီလိုပါပဲ အမေရိကန်ပြည်ထောင်စု ကင်တပ်ကီ Kentucky နယ်ရှိ ထုံးကျောက်ကုန်းမြင့်များမှဂူများ၊ နယူးမက်ဆီကိုရှိ ပေ-၄၀၀၀ခန့် ရှည်လျားသော ပေ-၃၀၀၀ခန့် မြင့်သော ပေ-၆၀၀မျှကျယ်သော ကားလ်စဗတ် Carlsbad Cavern ထုံးကျောက်လှိုဏ်ဂူ၊ ထို့နောက် မြန်မာပြည်ပင်းတယမြို့နားက ထုံးကျောက် လှိုဏ်ဂူများ၊ ထိုထိုလှိုဏ်ဂူများအတွင်း၌ အဆန်းတကျယ် ပုံသဏ္ဌာန်မျိုးစုံ ဖြစ်ပေါ်နေသော ကျောက်စက် ပန်းဆွဲ၊ ကျောက်စက်မိုးမျှော်တို့ ရှိကြသည်။ ထုံးရေ   (ကယ်လ်စီယမ်ဟိုက်ဒရောဆိုက်) စက် တို့တစ်ပေါက်
ပေါက် အထပ်ထပ် အကြိမ်ကြိမ်ကျရာမှ နှစ်ကာလ ကြာရှည်လာသောအခါ ထုံးများတဖြည်းဖြည်း စုပုံခြင်းဖြင့် ထိုသို့ကျောက်စက်ပန်းဆွဲ၊ ကျောက်စက်မိုးမျှော်တို့ ဖြစ်လာကြခြင်း ဖြစ်သည်။

ရခိုင်ကြေးရုပ်တုကြီးတွေ ဝမ်းပေါက်၊ မျက်စိပေါက်၊ ဖြစ်ရခြင်းသည် မဖြစ်စလောက်ဟု ထင်ရသော ထိမှု၊ ပွတ်မှုတို့အကြိမ်အရေအတွက်များစွာဖြစ်ခြင်းကြောင့် ဖြစ်သည်။ ကျောက်စက်ပန်းဆွဲ၊ ကျောက်စက်မိုးမျှော်တို့ အဆန်းတကျယ် ဖြစ်ရခြင်း၌လည်း မဖြစ်စလောက်ဟုထင်ရသောထုံးရေစက်ကျခြင်းတို့ အကြိမ်အရေအ တွက် များစွာဖြစ်ခြင်းကြောင့်ဖြစ်သည်။

မဖြစ်စလောက်တို့ အကြိမ်ကြိမ်ဖြစ်သောအခါ ဖြစ်လောက်သွားကြ သည်။  ကြီးကြီးကျယ်ကျယ်တွေ ဖြစ်သွားကြသည်။  
…………………………………………………………………………………………

ဒီတော့ သူငယ်ချင်းတို့တွေလည်း ဘာမှမဖြစ်လောက်ပါဘူးဆိုပြီး ဘဝမှာအမှား လုပ်မိခဲ့တာလေးတွေ ရှိပါလိမ့်မယ်။ နည်းနည်းကနေ များများဖြစ်သွားတတ်တာကို ဒီစာလေးတွေက ထောက်ပြနေပါတယ်။ မကောင်းတာတွေကို နည်းနည်းလေးပါ မဖြစ်လောက်ပါဘူးလို့ လုပ်မိတဲ့အခါမှာ ဒီိစာလေးတွေကို သတိရမိပြီး သူငယ်ချင်းတို့တွေ သတိပြုဆင်ခြင်နိုင်အောင်ပါ။                




Monday, October 3, 2011

အလွဲမာန၏ လားရာကို ဖန်ဆင်းသူ ....။(သို့) အုန်းဆံကြိုး၏ဘဝဇာတ်ကြောင်း...။



လမ်းထောင့်က ဆေးလိပ်၊ ကွမ်းယာဆိုင်ဘေးမှာ ဆေးလိပ်ညှိဖို့ မီးရှို့ထားတဲ့ အုန်းဆံကြိုးကို သတိထားမိ ရဲ့လား။ အဲဒီအုန်းဆံကြိုးက မာနတတ်နေတယ်။ တတ်နေတဲ့ မာနက အကြီးအကျယ်ပဲ။ ဘယ်အရပ်ကလိပ် တဲ့ ဆေးပေါ့လိပ်မျိုးပဲဖြစ်ဖြစ် သူ့ကိုလာညှိရင် သူကလောင်ကျွမ်းပစ်နိုင်တယ်လို့ ဘဝင်မြင့်တယ်။ အကောင်း ဆုံး နာမည်အကြီးဆုံးဆိုတဲ့ စီးကရက်ဟာလည်း သူ့ကိုညှိလိုက်ရင် သူကလောင်ကျွမ်းပစ်နိုင်တယ်ဆိုပြီး စိတ် ထားဝတိံဖြစ်နေတယ်။

ဘယ်လောက်ဂုဏ်သရေရှိတဲ့၊ ဘယ်လောက်ခမ်းနားထယ်ဝါတဲ့ ဘယ်လောက်ကောင်းတဲ့ တံဆိပ်မျိုးကပ်ထား တဲ့ ဆေးပြင်းလိပ်ပဲဖြစ်ဖြစ်၊ သူ့ကိုလာပြီးညှိကြည့်စမ်းပါလား၊ လောင်ကျွမ်းသွားစေရမယ်လို့ ကြိမ်းဝါးတယ်။ ငါ့ကိုဂရုမစိုက်ပဲ ပစ်ထားရင် အားလုံးအိုးမဲ့အိမ်မဲ့ ဘဝပျက်သွားအောင် ဖန်တီးနိုင်စွမ်းရှိတယ်လို့ လဲ ခြိမ်းခြောက်သေးတယ်။ ဒါပေမယ့် ဒီထောင်လွှားမာနတွေနဲ့ ခြိမ်းခြောက်နေတဲ့ အုန်းဆံကြိုးဟာ သူ့ဟာ သူလောင် ကျွမ်းရင်း၊ လောင်ကျွမ်းရင်းနဲ့ နောက်ဆုံးပြာဖြစ်သွားတယ်။

***********************************************************************************

ဒီလိုပါပဲ…ကျွန်မတို့တွေရဲ့ ပတ်ဝန်းကျင်မှာ ဘာမဟုတ်သည့် အခြေအနေ အကြောင်းတရားကို အမှီပြု၍ မာနအမျိုးမျိုးတတ်နေသူများကို ခဏခဏ တွေ့ရကြုံရသည်။ ထိုသူများကို တွေ့တိုင်း အထက်ပါ ဆေးလိပ် ညှိရန်မီးရှို့ထားသော အုန်းဆံကြိုးကို မြင်ယောင်မိပါတယ်။ လူတွေမှာ မာနတစ်မျိုးမျိုး ရှိနေကြပါတယ်။ ထိုသို့ရှိနေတဲ့သူများကို ကြုံတွေ့တိုင်း အလွဲမာန၏ လားရာကို ဖန်ဆင်းသောသူများကို တရားကျမိပါတယ်။


ဆရာကြီးနန္ဒာသိန်းဇံ “တွေးချိန်ချင့်စရာ”စာအုပ်ထဲမှ အကြောင်းအရာတစ်ခုကို အခြေခံပြီး တွေးမိသလို ရေးလိုက်မိတာပါ။



Friday, September 30, 2011

ကျွန်မတွေးမိသမျှ


“ဘဝအတွေ့အကြုံများအောင် ဘယ်လိုလုပ်ရမလဲ”ဆိုတဲ့ မေးခွန်းကို ကျွန်မဘာသာမေးပြီး ကိုယ့်ဖာသာပဲ ဒီလိုပြန်ဖြေကြည့်မိတယ်။။

ရှေးရှေးတုန်း       လူတွေဟာ သူတို့ရဲ့အမှားတွေကို စာအုပ်တွေထဲမှာ ရေးသားထားခဲ့ကြတယ်။ အမှန်တွေကို 
ရောပေါ့ အဲဒီလိုမျိုးတန်ဖိုးရှိတဲ့ ကိုယ့်ဘဝအတွက် အထောက်အကူပြုမယ့် စာအုပ်တွေကိုဖတ်ရင် ဘဝအသိ အမြင်တွေ ရင့်ကျက်လာနိုင်တာပေါ့။

ဒါကြောင့် စာများများဖတ်သင့်တယ်။ ဒါပေမယ့်တစ်ခုတော့ရှိတယ်။ စာပေမှာကိုယ်စိတ်ပျော်ရွှင်ဖို့ ဖတ်တဲ့ စာရယ်၊ ကိုယ့်ဘဝအသိဥာဏ် ရင့်ကျက်တိုးတတ်ဖို့ ဖတ်တဲ့စာရယ် (၂) မျိုးရှိတယ်။ စိတ်ပျော်ရွှင်ဖို့လည်း စာဖတ်ပါ။ အဲဒီလိုဖတ်တာထက် ကိုယ့်ဘဝအသိဥာဏ် ရင့်ကျက်တိုးတတ်ဖို့ကိုတော့ ဦးစားပေးဖတ် သင့်ပါတယ်။

အင်္ဂလိပ်ခေတ်က ထမင်းစားဖို့ တိုင်းတစ်ပါးသားကို မျက်နှာလို မျက်နှာရ လုပ်ကြလွန်းလို့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ပြောဖူးတယ်။ “ထမင်းတစ်လုတ်အတွက် ထင်းခုတ်စား လည်းရပါတယ်”တဲ့။ ကျွန်မရင်ထဲမှာ စွဲငြိသွားစေတဲ့ စကားလေးတစ်ခွန်းပါ။ ကိုယ်ရှင်သန်ဖို့အရေး အားနည်းသူကို ဖိနှိပ်၊ အားကြီးသူကို ဖော်လံဖားနဲ့ စတိုင်တော့ မထွားချင်ပါဘူး။ အားနည်းသူကိုကူညီ၊ အားကြီးသူကိုလေးစား ဘဝမှာခပ်ရိုးရိုးသမားပဲ ဖြစ်ချင်တယ်။ သူငယ်ချင်းတို့ရော ဘယ်လိုလူမျိုးဖြစ်ချင်သလဲ...........။

လူတစ်ယောက်ရဲ့ စိတ်ဓာတ်ဟာ အမြဲတမ်းလည်း တတ်မနေသလို အမြဲတမ်းလည်းကျမနေဘူး။ ကျွန်မကတော့ စိတ်ဓာတ်ကျတဲ့အချိန်ဆို စိတ်ဓာတ်ခွန်အားဖြစ်စေတဲ့ စာတွေဖတ်၊ လမ်းညွှန်မှုပေးနိုင်တဲ့ မိဘဆရာသမား၊ မိတ်ဆွေစစ်တွေဆီ လျှောက်သွားလိုက်တာပဲ။ သူတို့ဆီက အားပေးနှစ်သိမ့်မှုနှင့်အတူ အကြံဥာဏ်ကောင်းတွေ ရတတ်တယ်လေ။

လူ့လောကမှာ မိတ်ဆွေတွေကို ပေါင်းရမှာပဲ။ မိတ်ဆွေကိုပေါင်းတာ မိတ်ဆွေဆိုတဲ့စကားလုံး နောက်က “ကောင်း” ဆိုတဲ့ စကားပါဖို့အရေးကြီးတယ်။ မိတ်ဆွေကောင်းဆိုတာ အိတ်တွေမဖောင်းလည်း ကိုယ့်ဘေး နားမှာရှိတဲ့ လူမျိုးကိုခေါ်တာ။ ဒါကြောင့်မိတ်ဆွေကောင်းနဲ့ပဲ တွေ့ဆုံချင်တယ်။ မနက်ဖြန်ဆိုတဲ့ အနာဂတ် ကာလကို ကိုယ်ကအသေအချာ မပိုင်ဆိုင်နိုင်တော့ ဘာမဟုတ်တဲ့ကိစ္စလေးတွေနဲ့ မိတ်ဆွေတွေရန်မဖြစ် ကြစေချင်ဘူး။ ကျွန်မကတော့ မိတ်ဆွေတွေကို တစ်ကယ်တန်ဖိုးထား ခင်မင်တတ်တယ်။

လူတိုင်းမှာ လက်ပက်နာရီတစ်လုံးစီ ရှိသင့်တယ်လို့ ကျွန်မထင်တယ်။ ဘဝမှာကိစ္စတော် တော်များများဟာ အချိန်နဲ့ အလုပ်လုပ်နေကြတာပါ။ နာရီမဝတ်တော့ အချိန်မသိဘူး။ အချိန်မသိတော့ အချိန်ကိုမလေးစား ဘူးပေါ့။ အချိန်ကို မလေးစားတဲ့သူဟာ ဘယ်တော့မှ မတိုးတတ်၊ မအောင်မြင်ဘူး။ လောကကြီးမှာ အလကားရတာကို အလကားပဲ အဖြစ်ခံလိုက်မယ်ဆိုရင် ညံ့ရာကျပါတယ်။ အချိန်ဆိုတဲ့ ကာလရထားက ဘယ်ဘူတာမှမရပ်ဘူး။ ရပ်ခိုင်းလို့လည်းမရဘူး။ “အချိန်နှင့်ဒီရေသည် လူကိုမစောင့်”တဲ့။ ဒီတော့ အချိန်ကိုသိ၊ အ ချိန်ကိုလေးစားပြီး ထိပ်ဆုံးကို ရောက်အောင်သွားလိုက်ပါ။

လောကမှာ ဘာပဲလုပ်လုပ် ကြိုတင်ပြင်ဆင်ထားရင် အမှားနည်းတာပေါ့။ ကဲ...ဒီတော့ သူငယ်ချင်းတို့လည်း ဘဝမှာပျော်ရွှင်ချမ်းမြေ့ပြီး အမှားနည်းချင်ရင် ကြိုတင်ပြင်ဆင်မှု လေးတွေ လုပ်ထားသင့်တယ်နော်။

ဘဝရဲ့လမ်းတွေဟာ ဘယ်တော့မှမဖြောင့်ဖြူးဘူး။ အခက်အခဲတွေ အတားအဆီးတွေက အနည်းနဲ့အများ ဆိုသလို ရှိနေကြတာပါပဲ။ အဲဒါကို စိတ်ပျက်ညည်းညူနေလို့တော့ မဖြစ်ဘူး။ ဇွဲရှိရှိနဲ့ ရင်ဆိုင်ကျော်ဖြတ် သွားရမှာပဲ။ အမှားပေါင်းတစ်ထောင် မှားဖူးရင် အမှန်ပေါင်း တစ်ထောင်သိသွားသလိုပါပဲ။ အဲ.... တစ်ခုတော့ သတိထား။ အမှားတစ်ခုထဲကိုပဲ ထပ်ခါထပ်ခါ မကျူးလွန်နဲ့နော်။

တစ်ခါတစ်ရံဘဝအတွက် အခွင့်အရေးကောင်းဆိုတာ စောင့်နိုင်၊အောင့်နိုင်မှ ရတယ်လေ လူတွေရဲ့ဖြစ်တည် မှု သဘာဝအရ တစ်ယောက်နဲ့တစ်ယောက် မတူညီတာတွေ ကွဲလွဲတာတွေရှိမှာပဲ။ အဲဒါတွေကို အပြစ်တင်ပြီး စိတ်နာမုန်းတီးရမယ်ဆိုရင် ချစ်ခြင်းမေတ္တာနဲ့ ပျော်ရွှင်ချိန်ဆိုတာ ဘယ်တော့ရှိတော့မှာလဲ။ စကားပုံတစ်ခုရှိ တယ်။ “ဆင်းရဲဒုက္ခက အိမ်ရှေ့ တံခါးကို လာခေါက်ရင် ချစ်ခြင်းက ပြတင်းပေါက်က ထွက်ပြေးသွားတယ်”တဲ့။ ဒါကြောင့် ဆင်းရဲဒုက္ခတွေများလာရင် လူအချင်းချင်း ချစ်ခင်မှုတွေက ထွက်ပြေးသွားလေရော့လားလို့တွေးမိ တယ်။

ဒါပေမယ့် တစ်ခါတစ်လေ ဖြစ်ချင်တာနဲ့ဖြစ်သင့်တာမှာ ဖြစ်သင့်တာကို ကြိတ်မှိတ်လုပ်ရတယ်။ ဒါမှဘဝတွေ က တိုးတတ်တောက်ပြောင်လာမှာပေါ့။ ဖြစ်ချင်တာကို ဖြစ်ခွင့်ရခဲ့ရင်တော့ ပိုပြီးတောက်ပြောင်လာ မှာ သေချာပါတယ်။

ခံစားရေးဖွဲ့သူ
 မစိုး

Wednesday, September 28, 2011

ဆန္ဒ၏သစ္စာ



ဆန္ဒ၏သစ္စာ

ကောင်းစေချင်တဲ့ဆန္ဒတစ်ခုဟာ
အဖြူရောင်ဖြစ်ရင်
ဖြစ်နေတဲ့စိတ်ဟာ အတ္တခေါ်မလား……။
ပျော်နေစေချင်တဲ့စိတ်က
နင့်အတွက် ငါ့အတ္တပါ…….။
ငါ့စိတ်ကူးတွေကတိမ်နဲ့တူပြီး
ငါ့သံယောဇဉ်တွေက ရေမြှုပ်ဖြစ်နေသလား……။
နင်ပြောခဲ့တဲ့စကားတွေ
နင်ရေးခဲ့တဲ့ကဗျာတွေ
ငါတို့အတူနားထောင်ခဲ့တဲ့ သီချင်းသံလေးများလည်း
လေထဲပျောက်ပျက်ခဲ့ပြီ……။
နောက်ထပ် ဘယ်နှစ်ည၊ဘယ်နှစ်ရက်၊ ဘယ်…………
ဟိုးအဝေးဆုံး သံသရာအစွန်းထိ
ငါတို့ဆုံမှတ်ရှိဦးမလား……။
လွမ်းတတ်တဲ့နှလုံးသားမှာ
ဒဏ်ရာအပိုကပ်ခဲ့ပြီမို့……
အိပ်မက်ဆုံချက်တွေ
ဘယ်နေရာမှာ သိမ်းဆည်းရမလဲ……..။
စကတည်းက အဆုံးသတ်မရတဲ့
သံယောဇဉ်တွေပဲလေ
တကယ်လို့များ အခက်အခဲတွေက
နင်ဆက်မယ့်လမ်းမှာ
ဆူးပန်းတွေလို ဝေနေပြီဆိုရင်
ငါ့ရင်ခွင်ကို သတိရပါ….။
ရာသီတွေလည်းပြောင်းနေတယ်။
ကမ္ဘာကလည်း လည်နေတယ်။
နာရီတွေ မရပ်တန့်သရွေ့
ငါကတော့…………။             ။



ခံစားရေးဖွဲ့သူ
 မစိုး


Tuesday, September 27, 2011

လျှောက်.....လျှောက်......ဆက်လျှောက်။




ကမ်းခြေတစ်ခုရဲ့ သောင်စပ်ကို ဆင်းလျှောက်လာခဲ့တယ်။ ကိုယ့်ကို အမြဲလိုလို စီးလိုက်နေတယ်လို့ ထင်ရတဲ့ ဖိနပ်ကိုချွတ်ကိုင်ရင်း လှိုင်းတွေပြန်လှည့်ဆင်းသွားတဲ့ သဲသောင်စပ်အတိုင်း လျှောက်တယ်။ နင်းလျှောက်မိ တဲ့ သဲကလေးတွေက နူးညံ့ပါတယ်။ ညက်ညောပါတယ်။ ပြန်တတ်လာတဲ့ လှိုင်းကလေးတွေနဲ့ ခြေအချနဲ့ ထိတွေ့တော့လည်း အေးမြပါတယ်။

လှိုင်းကလေးတွေလာပြီး ခတ်ပေမယ့် သဲသောင်ယံက ဘာမှဖြစ်ပုံမပေါ်ပါဘူး။ လှိုင်းကလေးတွေ လာခတ် တာက သိမ်မွေ့နေလို့ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် သိတယ်ဟုတ်၊ ဘဝ ခရီးတစ်နေရာရာမှာ ရင်ထဲမှာ သမုဒယ လှိုင်းလေးတွေ ထိခတ်လာပြီဆိုရင် အဲဒီသမုဒယ လှိုင်းလေးတွေက နုနုလှလှ၊ ယုယုယယ ရှိတယ်လို့ ထင်ရပေမယ့် ဘဝတစ်ခုလုံးပြိုဆင်း ကြေမွသွားနိုင်တယ်။ ဆိုတဲ့ စကားလေးကို အမှတ်ရပြန်ပါတယ်။

သူ့ကိုခတ်တဲ့လှိုင်းက သမုဒယလှိုင်း………တခြားသူတွေကို ခတ်တဲ့လှိုင်းတွေကတော့ အလိုလောဘ လှိုင်းတွေ၊ ဒေါသအာဃာတ လှိုင်းတွေနဲ့ အမျိုးအမည်ခြားနားတဲ့ လှိုင်းတွေ…...အထိအခတ်ပြင်းတဲ့ လှိုင်းမျိုး 
တွေဖြစ်မှာပေါ့။ ဖြစ်ချင်ဖြစ်မှာပေါ့။

လျှောက်ရင်း လျှောက်ရင်း အနောက်ကို အမှတ်မထင် လှည့်ကြည့်လိုက်မိတယ်။ ထိတ်ခနဲ ဖြစ်သွားတယ်။ ရင်ထဲမှာ လှိုင်းတွေ တဖျက်ဖျက်ခတ်နေသလို ခံစားလိုက်ရတာတော့ အမှန်ပဲ။ လျှောက်နင်းခဲ့တဲ့ ငါ့ခြေရာ.....
တွေ တစ်ခုမှ မရှိတော့ပါလား။

လျှောက်ခဲ့တာ အဝေးကြီး….အဝးကြီးလျှောက်လာခဲ့တာ။ ဆိုတဲ့ အတွေးနဲ့ လျှောက်ခဲ့တဲ့ ငါ့ဘဝခရီးက အဝေးကြီး၊ ဒီဘဝခရီးရှည်ကြီးထဲမှာ ငါ့အတွက် အမှတ်ထင်တင် မည်မည်ရရဆိုလို့ ဘာမှလဲမရှိပါလားဆိုတဲ့ အတွေးတွေပေါင်းဆုံလိုက်လို့ အထိတ်တလန့် ဖြစ်သွားခဲ့တာ၊ ရင်ထဲမှာ လှိုင်းခတ်သလို ခံစားလိုက်ရတာ ဟုတ်ပါတယ် ပြန်လှည့်ပြီးတတ်လာတဲ့ ရေလှိုင်းတွေက လျှောက်နင်းခဲ့တဲ့ကိုယ့်ခြေရာတွေကို ပျောက်ပျောက်

ကုန်အောင် ဖျက်ဖျက်သွားခဲ့ကြတာကိုး။ 

ဒါပေမယ့် ခြေရာတွေပျက်သွား၊ ပျောက်သွားပေမယ့် လျှောက်တဲ့အထိတော့ ရောက်တာပဲ။ လျှောက်ရင်တော့
လျှောက်နိုင်သလောက် ရောက်တာပါပဲ၊ ဖိနပ်က အခုမှကိုယ့်ကို တကယ်ခိုစီးပြီး ပါလာတာကိုလည်း သတိထားမိတယ်။ ဒီတစ်ခါတော့ ကိုယ့်ကိုယ်ကို ပြန်ပြီးပြောရတယ်။ ခြေရာမထင်ခဲ့တာတွေကို ပြန်ကြည့်ပြီး လွမ်းမောရင်း ရပ်မနေနဲ့။ တွေဝေမနေနဲ့။ လျှောက်ရမည့် နေရာဆီကို “လျှောက်…ဆက်လျှောက်” လို့။

ရှေ့ကို လှမ်းကြည့်လိုက်တော့ ပန်းတိုင်ဆိုတဲ့ ရောင်ခြည်လေးကို ပြပြလေးမြင်နေရပြီ…။ ကဲ…လျှောက်…ဆက်လျှောက်လို့ ကိုယ့် ဘာသာပဲ အားပေးမိပါတယ်…။
----------------------------------------------------------------------------------------------------------------
ဘ၀ခရီးကိုလျှောက်လှမ်းကြတဲ့အခါမှာလည်း မှားခဲ့ဖူးတဲ့အမှားတွေကို ပြန်မမှားစေဖို့ သင်ခန်းစာယူပြီး ရှေ့ ဆက်လျှောက်လှမ်းရမယ့် အနာဂတ်ခရီးလမ်းကို  တည့်တည့်ဆက်လျှောက်ကြပါစို့လို့......။

 


source: ဆရာကြီးနန္ဒသိန်းဇံ စာအုပ်မှ 


 မစိုး

Monday, September 26, 2011

ကျွန်မနှင့်အဖွားအို


အလုပ်သွား အလုပ်ပြန် ဒီတံတားလေးပေါ်က ကျွန်မဖြတ်သန်းသွားနေကြ။ တံတားလေးပေါ်မှာ အလှူခံနေတဲ့ အဖွားအိုတစ်ယောက်ကို နေ့စဉ်မြင်တွေ့နေရလို့ မျက်မှန်းတန်းမိတာကြာပြီ။ အလှူခံနေတဲ့ အဖွားကယောဂီ ၀တ်စုံလေးဝတ်ပြီး ညှိုးငယ်နွမ်းပါးတဲ့ မျက်လုံးလေးနဲ့ ဇရာရဲ့အထုအထောင်းကို အတော်ခံခဲ့ရပြီးပုံပေါ်တယ်။ တံတားရဲ့လှေကားအတတ်နားလေးမှာ အဖွားကိုမြင်နေကြ။ နေ့စဉ်တိုင်းလိုလို မိုးရွာရွာ၊ နေပူပူ အဖွားရှိတတ် တယ်။

နေ့စဉ်မြင်တွေ့လာတော့ အဖွားကိုသတိထားမိတဲ့အပြင် အဖွားရဲ့မျက်ဝန်းလေးတွေကို သနားမိတာကြောင့် ကျွန်မတတ်နိုင်သလောက်လေး အဖွားကို အမြဲလှူခဲ့တယ်။ မနက်အလုပ်သွားလို့ တံတားပေါ်အတတ်မှာ အဖွားကို မြင်တွေ့နေကြ၊ တစ်နေ့မှာတော့ အဖွားကို မမြင်ခဲ့မိဘူး။ ညနေအလုပ်ကပြန်တော့လည်း အဖွားကို မတွေ့ဘူး။ နေ့စဉ်မြင်တွေ့နေကြ မမြင်ရတော့ တံတားပေါ်အဖြတ်မှာ ရင်ထဲမှာဟာတာတာနဲ့ တစ်ခုခုလိုနေ သလိုလိုနဲ့ အိမ်ရောက်လေရာ အဖွားအကြောင်းက အတွေးထဲမှာ တ၀ဲလည်လည်။ အဖွားဘာဖြစ်နေလဲ အသက်ကြီးတော့ နေများမကောင်းဘူးလား။ အဖွားဘာဖြစ်နေလဲ။ သွားရင်းလာရင်းတစ်ခုခုဖြစ်နေလား။ အဖွားကိုပြုစုမယ့်သူရော ရှိရဲ့လား။ ဆိုတဲ့အတွေးစတွေနဲ့ .......

နောက်နေ့အလုပ်သွားတော့လည်း အဖွားအတွက် ပဲပလာတာလေး ၀ယ်ပြီးတံတားပေါ်အတတ် အဖွားကို မတွေ့ပြန်ဘူး။ ဘယ်တွေရောက်လို့ ဘာဖြစ်နေလဲအဖွားရယ်။ အဖွားကိုရှာရတာ အဖွားအကြောင်းတွေးရတာ နဲ့ စိတ်ထဲမှာ နေလို့မရခဲ့ဘူး။ ဒါဟာ မြင်ပါများလို့ ရလာတဲ့ သံယောဇဉ်။

ငါးရက်မြောက်နေ့မှာတော့ အဖွားကိုပြန်တွေ့ခဲ့တယ်။ အဖွားကိုမေးကြည့်မိတယ်။ အဖွားမျက်လုံးသွားခွဲတာ တဲ့။ သနားစရာအဖွားအို ပြုစုမယ့်သူမရှိ အသက်အရွယ်ကကြီးလာ နေထိုင်စားသောက်ဖို့တစ်ဝမ်းတစ်ခါး အတွက် အလှူခံနေရတာကို မြင်ရတော့ မျက်ရည်လည်တဲ့အထိ ရင်နင့်အောင် ခံစားမိတယ်။ ကျွန်မတတ်နိုင် သလောက်လေး အဖွားကိုဒါနပြုခဲ့တယ်။

လူဆိုတာ မြင်ပါများလာရင် သံယောဇဉ်ဆိုတာ ဖြစ်လာတတ်တာကို ကျွန်မခံစားမိသလိုရေးမိတယ်။ လူတွေ မှာထားခဲ့မိတဲ့ သံယောဇဉ်တစ်ခုကြောင့် စိတ်ပူမိတာတွေ သောကလေးတွေ ရလာတတ်တယ်။ ဆွေမျိုးသား ချင်းမဟုတ်ပေမယ့်လည်း ကိုယ်ချင်းစာသနားမိစိတ်လေးကြောင့်လည်း သနားလို့ သံယောဇဉ်ဖြစ်မိတယ်။ ကျွန်မကိုယ်တိုင်လည်း ဘ၀ကိုရုန်းကန်နေရသူမို့ အဖွားကို လှူဒါန်းဖို့ အများကြီးမတတ်နိုင်ခဲ့ဘူး။ ဒါပေမယ့် ကျွန်မတတ်နိုင်သလောက် အဖွားကို လှူခဲ့တယ်။ အဖွားနဲ့ ကျွန်မအကြားမှာ မမြင်ရ၊မကြားရတဲ့ သံယောဇဉ် ပါးပါးလေးရှိတယ်။ အဖွားကိုမမြင်မိရင် ကျွန်မရှာတတ်သလို ကျွန်မကိုမတွေ့ခဲ့ရင်လည်း အဖွားကမေးတတ်ပြီ အဖွားလိုမျိုး အသက်အရွယ်ကြီးလာချိန်မှာ ပြုစုသူမဲ့လို့၊ ခိုကိုးရာမဲ့လို့ အလှူခံစားနေရတဲ့သူတွေ ဘယ်လောက်များ ရှိသလဲ။ ဆိုတဲ့ အတွေးစများစွာနှင့်အတူ............


ခံစားရေးဖွဲ့သူ
 မစိုး