Wednesday, June 26, 2013

တကယ့်သတ္တိ။



အလုပ်တခုကို လုပ်ဖြစ်တယ် မဖြစ်ဘူးဆိုတာ ကိုယ့်စိတ်ထဲက ယုံကြည်စွာ ဆုံးဖြတ်လုပ်ကိုင်မှ ဖြစ်မြောက် သွားတာမျိုးပါ။ မိမိရဲ့စိတ်ထဲမှာ ကြောက်ရွံ့တွန့်ဆုတ်နေရင် ဘာမှမလုပ်နိုင်ပါဘူး။ ကိုယ့်ကိုကိုယ် မယုံကြည် ရင် သူတစ်ပါးယုံကြည်မှုဆိုတာ မျှော်လင့်လို့တောင်မရနိုင်ပါဘူး။ အလုပ်တစ်ခု လုပ်ဖို့လိုအပ်တဲ့ အဓိက တွန်းအားကို ပေးနိုင်တဲ့လူကတော့ ပင်ကိုယ်သတ္တိပါပဲ။

 အလုပ်တစ်ခုကို တကယ်လုပ်တဲ့အချိန်မှာ မလုပ်မိဘဲ ကြောက်ရွံ့တွန့်ဆုတ်နေခြင်းဟာ သတ္တိကြောင်တာ ပါပဲ။ “ဖြစ်မှဖြစ်ပါ့မလား” လူတွေက ငါ့ကို ဘယ်လိုမြင်မလဲ၊ ဘယ်လိုထင်ကြမလဲ၊ လုပ်လို့မဖြစ်ရင် ဒုက္ခပါပဲ စသည်ဖြင့် စစ်မရောက်ခင်မှာ မြားကုန်နေတာက ယုံကြည်မှုလျော့နည်းတာပဲ ဖြစ်ပါတယ်။

သတ္တိကြောင်မှု၊ မိမိကိုယ်ကို မယုံကြည်နိုင်မှုဟာ လူကိုအတော် ဒုက္ခပေးပါတယ်။ အလုပ်တစ်ခုကို လုပ်မယ် ကြံရင် ကိုယ့်ထက်ရှေ့ရောက်သူတွေ၊သာသူတွေ အများကြီးတွေ့နိုင်ပါတယ်။ ငါလုပ်တာ သူတို့လောက်
ကောင်းပါ့မလား။ ကဲ့ရဲ့စရာများဖြစ်နေမလားစသည့် အဆိုးတွေ ဝင်လာနိုင်ပါသေးတယ်။

ဒါဟာစိတ်ချောက်ချားမှုသက်သက်သာ ဖြစ်ပါတယ်။ လောကမှာ အောင်မြင်တယ်။ ဖြစ်ထွန်းတယ်ဆိုတာ
တွေဟာ အခြေအနေ အချိန်အခါပေးရုံနဲ့ မပြီးသေးဘူး။ အရည်အချင်းရှိရုံနဲ့လည်း မရဘူး။ လုပ်ရဲကိုင်ရဲ ရှိဖို့ လည်း လိုတယ်။ တစ်နည်းပြောရရင် သတ္တိရှိဖို့ လိုတယ်။ လုပ်ရင်ဖြစ်နိုင်မှန်း သိနေရုံနဲ့ မလုံလောက်ပါဘူး။ ဇွဲကောင်းကောင်းနဲ့ အကောင်အထည်ဖော် လုပ်ကိုင်ရဲဖို့ လိုပါတယ်။

တချို့များ လုပ်ဝံ့ဖို့ဝေးလို့ တွေးတောင် တွေးမကြည့်ပါဘူး။ ဒါဟာ ဘာနဲ့တူသလဲဆိုတော့ ငွေထုပ်ကြီး ချပေးထာကို မကောက်ရဲတာနဲ့ အခွင့်အရေး လက်လွတ်သွားတဲ့ အဖြစ်မျိုးနဲ့ တူနေပါတယ်။ တကယ်တော့ သတ္တိကြောင်လို့ နစ်နာသွားတာမျိုးပါ။ လောကမှာ ကိုယ့်ကိုကိုယ်မှလွဲ၍ ချုပ်တည်းနှောင်ဖွဲ့ထားတဲ့ အရာ ဟာမရှိဘူး။ တခြားစည်းကမ်းတို့၊ ဥပဒေတို့ဆိုတာလည်း ကိုယ့်စိတ်လောက် မထိန်းချုပ်နိုင်ကြပါဘူး။ ကိုယ့်စိတ်က လုပ်ချင်မှဖြစ်တာပါ။ အလုပ်တခုကို လုပ်ဖြစ်တယ်။ မဖြစ်ဘူးဆိုတာ ကိုယ့်စိတ်က ယုံကြည်စွာ ဆုံးဖြတ်လုပ်ကိုင်မှ ဖြစ်မြောက်သွားတာပါ။ မိမိရဲ့စိတ်ထဲမှာ ကြောက်ရွံ့တွန့်ဆုတ်နေရင်တော့ ဘာမှမလုပ် 
နိုင်ပါဘူး။

ကိုယ့်ကိုကိုယ်မယုံကြည်ရင် သူတစ်ပါးယုံကြည်မှုဆိုတာ မျှော်လင့်လို့တောင်မရနိုင်ပါဘူး။ အလုပ်တစ်ခု လုပ်ဖို့ လိုအပ်တဲ့ အဓိကတွန်းအားကို ပေးနိုင်တဲ့ အစွမ်းအစကတော့ ပင်ကိုယ်သတ္တိပါပဲ။ ပင်ကိုယ် သတ္တိ အသုံးချတဲ့နေရာမှာလည်း သတိထားရမယ့် အချက်တစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ သတ္တိကို အလွဲမသုံး ဖို့ပါပဲ။ တချို့ကျတော့ မဟုတ်တာလုပ်ဖို့အတွက်မှာ သတ္တိကောင်းတတ်ကြတယ်။ ဒီလိုတလွဲဆံပင်ကောင်း
 နိုင်အောင် မူးယစ်ဆေးဝါးတွေရဲ့ အကူအညီကိုပါ ယူတတ်ကြပါသေးတယ်။

အရက်သောက်ပြီး ရဲဆေးတင်တဲ့လူမျိုးတွေ တွေ့ဖူးကြမှာပါ။ သူတို့တွေ အရက်မူးပြီး ထင်တာတွေ လုပ်ဖြစ်သွားတော့ ပြဿနာရှုပ်ကုန်တာပဲ ရှိတာပေါ့။ ပြေလည်သွားတယ် ဆိုတာမျိုးတော့ မကြားဖူး သလောက်ပါပဲ။ ဒီအလုပ်မျိုးလုပ်ကိုင်တဲ့ လူတွေဟာ လက်ထဲက ပိုက်ဆံတွေ ဖြန့်ကျဲပြီးမှ တစ်ခုစီလိုက်
ကောက်သလို အဓိပ္ပါယ်မဲ့ အလုပ်ရှုပ်လိုက်တာပဲ ဖြစ်ပါတယ်။ လောကကြီးမှာ အခက်အခဲအတားအဆီး
တွေဟာ ရှိနေမှာပါပဲ။ အခက်အခဲမရှိဘဲ အတားအဆီးကို မကျော်လွှားရဘဲ အောင်မြင်မှုဆိုတာမရနိုင်ပါဘူး။

ဒါကြောင့်လောကရဲ့ ထိုက်တန်တဲ့ ပစ္စည်းတစ်ခုခုလိုချင်တယ်ဆိုရင် သတ္တိရှိရှိ ကြိုးစားရမှာပဲ။ မိုက်ရူးရဲ အပြုအမူမျိုးတွေနဲ့တော့ ဘာမှမရနိုင်ပါဘူး။ အောင်မြင်မှုအတွက် အဟန့်အတားဖြစ်စေတဲ့ အားငယ်စိတ်ကို ဖယ်ရှားပြီး သတ္တိရှိလာအောင် ကိုယ့်ကိုယ်ကို လှုံ့ဆော်အားပေးပြီး လေ့ကျင့်အားထုတ်ကြ၊ ကြိုးစားကြပါ။ မည်သည့်ကိစ္စမျိုးကိုမဆို အောင်မြင်ကျော်လွှားနိုင်ပါလိမ့်မယ်။

မောင်မြင့်ကြည့်(စာပေဗိမာန်)


Thursday, June 20, 2013

တစ်ချို့ကကဏန်းတွေနဲ့တူတယ်။





Some are like Crabs
A fisherman friend told me that one doesn’t need atop for a crab basket. If one of the crabs starts to climb up the side of the basket, the other  crabs will reach up and pull it  back down. Some people are a lot like crabs.
Charles L. Allen

တစ်ချို့ကကဏန်းတွေနဲ့တူတယ်။
တံငါမိတ်ဆွေတစ်ယောက်က ကျွန်တော့်ကိုပြောပြဖူးတယ်။ ကဏန်းထည့်တဲ့ခြင်းမှာ အဖုံးဖုံးစရာမလိုဘူး တဲ့။ ကဏန်းတစ်ကောင်ချင်း ဘေးတွားတတ်လာတာနဲ့ တခြားကဏန်းတွေကထပြီး အဲဒီအကောင်ကို
အောက်ဆွဲချကြသတဲ့။ လူတချို့ဟာ ကဏန်းတွေနဲ့ အတော်တူဆိုပဲ။
ချားလ်စ်၊ အယ်လ်၊ အယ်လင်

ဒီအဆိုအမိန့်ကို ဖတ်လိုက်ရတော့ ပထမဦးဆုံးကဏန်းရဲ့ ရုပ်ပုံကို သွားမြင်ယောင်မိတယ်။ မျက်လုံးမျက်ဆံ က ပြူးကြောင်ကြောင်၊ ခြေတွေလက်တွေက ခပ်များများ၊ သွားတော့ ဘေးတိုက်ကန့်လန့်။ လူတွေထဲမှာ ခွတီးခွကျ၊ ဖြောင့်ဖြောင့်စင်းစင်းမဟုတ်တဲ့ လူစားမျိုးတွေ့ရင် ကဏန်းနဲ့နှိုင်းပြီး ပြောလေ့ရှိကြတာကိုလည်း သတိရမိတယ်။

ဒါပေမယ့် ဒီနေရာမှာတော့ ခွကျတာလောက်တင် မဟုတ်တော့ဘူး။ ပိုပြီးနယ်ကျယ်လာတယ်။ ကဏန်း တစ်ကောင်ရဲ့ အမူအကျင့်သာ မဟုတ်တော့ဘဲ ကဏန်းအားလုံးနဲ့ဆိုင်တဲ့ အလေ့အထကြီး ဖြစ်လာတယ်။ ဒါကလည်း ခြင်းတောင်းထဲ ဖမ်းထည့်လိုက်တော့မှ ပေါ်လာတာကိုး။ အကျပ်အတည်း အခက်အခဲကနေ လွတ်မြောက်ဖို့၊ ဘ၀ရဲ့တိုးတတ်ရာ တိုးတတ်ကြောင်း အခွင့်အလမ်းရှာကြဖို့ ကိုယ်တတ်နိုင်သမျှ ရုန်းကန် ကြိုးပမ်းကြတာဟာ သက်ရှိသတ္တ၀ါတွေရဲ့ သဘာဝပါပဲ။

အဲဒီလို ကြိုးပမ်းကြတဲ့ နေရာမှာ တစ်ဦး လွတ်မြောက်သွားတာ တိုးတတ်အောင်မြင်သွားတာကို တစ်ဦးက အားပေးတတ်၊ ၀မ်းသာပီတိဖြစ်တတ်၊ ဂုဏ်ယူတတ်၊ နည်းခံမှတ်သားတတ်ရမယ်။ ကိုယ့်အလှည့်ကျတော့ လည်း သူ့လိုအားကြိုးမာန်တတ် ရုန်းကန်လှုပ်ရှားတတ်ရမယ်။ ဒါမှသာ သတ္တ၀ါအပေါင်း တိုးတတ်ရာ တိုးတတ်ကြောင်း၊ လွတ်မြောက်ရာလွတ်မြောက်ကြောင်း ဖြစ်ပေလိမ့်မယ်။

ခုတော့ ဒီလိုမဟုတ်ဘူး။ တစ်ဦးကလှုပ်မယ်မကြံနဲ့ ဟုတ်ဟုတ်မဟုတ်ဟုတ် ၀ိုင်းလှုပ်ကြ။ တတ်မယ်မကြံနဲ့၊ တတ်တာမြင်တာနဲ့ ၀ိုင်းဆွဲချတော့တာပဲ။ ဘယ့်နှယ် တတ်ပါစေဦးတော့ လား။ ခြင်းနှုတ်ခမ်းဝရောက် သွားတာနဲ့ပဲ ရာသက်ပန် လွတ်မြောက်သွားရောတဲ့လား။ ခဏတဖြုတ် စောင့်ကြည့်စမ်းပါဦး။ အကဲခတ်စမ်း ပါဦး။ တော်ကြာ ခြင်းဝရောက်ခါမှ တံငါကတွေ့သွားလို့ “ဒီလောက်တောင် အဖြစ်သည်းလှတာ သေဟ” ဆိုပြီး ကိုင်ပေါက်တာခံရရင် ဘယ့်နှယ်လုပ်မလဲ။ ရှေ့ကသွားတိုင်း အရင်ရောက်မယ်လို့ တထစ်ချ တွက်လို့ ရတာမဟုတ်ဘူး။

ကံ၊ဉာဏ်၊၀ီရိယ မျှတအောင် ကျင့်ကြံအားထုတ်မှ လွတ်မြောက်ကြ၊ တိုးတတ်အောင်မြင်ကြတာပါ။ 
လှေဝမ်းထဲမှာ ဖမ်းမိတဲ့ ငါးသုံးကောင်လိုပေါ့။ တစ်ကောင်က ၀ီရိယပိုပြီး တဖျပ်ဖျပ်ထခုန်နေတော့အမြင် ကပ်တာနဲ့ ရိုက်အသတ်ခံရတယ်။ တစ်ကောင်က အခြေအနေစောင့်ကြည့်ပြီး အခါအခွင့်လည်းသင့်ရော လွတ်အောင် ခုန်ထွက်သွားတယ်။ “ကံမရှိ ဉာဏ်ရှိတိုင်းမွဲ”၊ ကံကောင်းရင် လွတ်မှာပဲဆိုပြီး ဆင်ခြေ ဆင်လက်တွေနဲ့ မှိန်းစက်နေတဲ့ အကောင်ကတော့ ကမ်းကပ်တဲ့အခါ တံငါသည်လက်ထဲ ကန့်လန့်ကန့်လန့် ပါသွားတယ် မဟုတ်လား။

ဒါကို ကဏန်းတွေမသိကြ၊ နားမလည်ကြဘူး။ မသိနားမလည်တဲ့အတွက် ပြုပြင်ဆင်ခြင်ကြမှာလည်း မဟုတ်ဘူး။ မပြုပြင်သမျှ ကာလပတ်လုံး ကဏန်းခြင်းမှာ အဖုံးအဖိမပါဖြစ်နေဦးမှာပဲ။ ဖြစ်ပစေလေ။

မဖြစ်စေချင်တာက မဆီမဆိုင် လူက ကဏန်းနဲ့သွားတူနေတာ။ သူတစ်ပါးလွတ်လပ်တာ၊ ကြီးပွားတိုးတတ် တာကို အောက်ဆွဲချချင်တဲ့ စိတ်ဓာတ်မျိုး၊ အမူအကျင့်မျိုးဟာ လူ့လောကမှာ မထားအပ်မထားရ၊ မလုပ် အပ်၊ မလုပ်ရဘူး။ အများသူငါ လွတ်လပ်မှု၊ ကြီးပွားတိုးတတ်မှုအတွက် မိမိအပါအ၀င် အများသူငါက
သာဓု ခေါ်နိုင်ရမယ်။ လှိုက်လှိုက်လှဲလှဲ လက်ခုပ်သြဘာတီးပြီး ကြိုဆိုနိုင်ရမယ်။ အဲဒါဟာ လူ့လောကမှာ လူတွေ ကျင့်ကြံနေထိုင်အပ်တဲ့ လူကျင့်တရား။

ကဏန်းလောကမှာ ကဏန်းကျင့်တရားနှင့်အညီ ကျင့်သုံးနေထိုင်ကြသလို လူ့လောကမှာလည်း လူကျင့် တရားနှင့်အညီ ကျင့်သုံးနေထိုင်တတ်ဖို့ ကြိုးစားကြရပေလိမ့်မယ်။ လူဖြစ်ပါလျက်နဲ့ ကဏန်းကိုအတုခိုးပြီး ကဏန်းအချိုးမျိုးတော့ မချိုးမိစေနဲ့။ မတော်လို့ လူရင့်မာကြီးက အဖုံးမပါတဲ့ ကဏန်းခြင်းထဲ ကားရား ကျပြီး ပြန်ဖက်တတ်လို့မရ ဖြစ်နေရင် မခက်ပေဘူးလား။

ဆရာမြင့်စိုးလှိုင်ရဲ့စကားနောက်တရားပါ စာအုပ်မှ ပြန်လည်မျှဝေလိုက်ပါတယ်။








Saturday, June 15, 2013

ရည်မှန်းချက်ကို လက်တွေ့အကောင်အထည်ဖော်ခြင်း။




ရည်မှန်းချက်ကို လက်တွေ့အကောင်အထည်ဖော်ခြင်း။

(ရည်မှန်းချက်ကို လက်တွေ့အကောင်အထည်ဖော်ခြင်းဆိုတာ လွင်တီးခေါင်ကို ပန်းမန်စိုက်ပျိုးပြီး ပန်းဥယျာဉ်ဖြစ်ခုဖြစ်အောင် ဖန်တီးတာနဲ့တူပါတယ်။ မလွယ်တာမှန်ပေမယ့် ဖြစ်နိုင်တာကို လုပ်တာမျိုးဖြစ် လို့ လုပ်ရကျိုးနပ်ပါတယ်။ လုပ်ရင်ဖြစ်တဲ့ အစဉ်အလာကြီး မျက်မှောက်ရှိနေတာမို့ ကြိုးပမ်းရတာ စိတ်အားငယ် စရာဘာမှမရှိပါဘူး။) 

လူ့ဘ၀ဆိုတာ သံသရာခရီးသွားရင်း တစ်ထောက်ဝင်နားရခြင်း ဖြစ်တယ်လို့ ပြောကြပါတယ်။ တကယ်တော့ လူ့ဘ၀ဆိုတာ အဆန်းတကြယ် အဓိပ္ပါယ်ဖွင့်ရန် ဆန်းကြယ်တာတွေ တွေ့ရသလို ရိုးရိုးကလေးချခင်း  ကြည့်ပြန်တော့လည်း ဆန်းကြယ်တာဆိုလို့ ဘာမှမရှိတာကို တွေ့ရပါလိမ့်မယ်။ ဒါပေမယ့် လူရယ်လို့ ဖြစ်လာ တဲ့အခိုက်အတန့်မှာ ထိုက်ထိုက်တန်တန် တစ်စုံတစ်ရာလုပ်နိုင်၊ ပြသနိုင်တဲ့ စွမ်းရည်ကလေး တစ်ခုလောက်
 တော့ ပိုင်ဆိုင်ထားသင့်ကြပါတယ်။

တချို့လူတွေမှာ ရည်မှန်းချက်ရယ်လို့ မရှိဘူး။ ကြုံရာဆုံရာ အလုပ်လုပ်ရင်း ဘ၀နေ၀င်သွားခဲ့ကြတယ်။ တခြားလူတွေ ဖြစ်ထွန်းအောင်မြင်တဲ့ဘ၀ကို တည်ဆောက်သွားခဲ့ကြတာကို အစဉ်အလာတစ်ရပ် လို မြင်တွေ့နေပါလျက်နဲ့ မိမိအတွက် ဘာမှကြိုးစားအားထုတ်ခြင်း မပြုမိတာကတော့ အကျည်းတန်လွန်းလှ ပါတယ်။

လူတွေဟာ ကိုယ့်ဘ၀ကို သာယာစိုပြေအောင် လုပ်ဖို့ဘ၀တာဝန်တွေ ရှိနေပါတယ်။ လူ့ဘ၀ဆိုတာ ရည်မှန်း ချက်နဲ့ ပန်းတိုင်ရှိဖို့လိုပါတယ်။ လူ့ဘ၀ဆိုတာ ပန်းဥယျာဉ်ကလေးလို လှပစိုပြေအောင် တဖြည်းဖြည်း ပြုစု ပျိုးထောင်ရမှာ ဖြစ်ပါတယ်။ ရည်မှန်းချက်ကို လက်တွေ့အကောင်အထည်ဖော်ခြင်းဆိုတာ လွင်တီးခေါင်ကို ပန်းမန်စိုက်ပျိုးပြီး ပန်းဥယျာဉ်တစ်ခုဖြစ်အောင် ဖန်တီးတာနဲ့တူပါတယ်။ မလွယ်တာမှန်ပေမယ့်
ဖြစ်နိုင်တာကို လုပ်တာမျိုးဖြစ်လို့ လုပ်ရကျိုးနပ်ပါတယ်။ လုပ်ရင်ဖြစ်တဲ့ အစဉ်အလာကြီး မျက်မှောက်မှာ ရှိနေတာမို့ ကြိုးပမ်းရတာ စိတ်အားငယ်စရာ ဘာမှမရှိပါဘူး။

အလုပ်လုပ်လွန်းလို့ သေတဲ့လူဆိုတာ ရှိကောင်းရှိမှာပါ။ ဒါပေမယ့် သေရင်တောင် သေရကျိုးနပ်ပါတယ်။ အလုပ်မလုပ်ဘဲ သေသွားတာကမှ အပြစ်တင်စရာ ဖြစ်ပါတယ်။ မိမိထားတဲ့ ရည်မှန်းချက်ဆိုတာပေါ်လွင် ပီပြင်ဖို့ အရေးကြီးပါတယ်။ ငွေလိုချင်လား၊ နာမည်လိုချင်တာလား၊ ဆိုတာကို ပြတ်ပြတ်သားသား
မေးခွန်းထုတ် ဆုံးဖြတ်ပြီး ရည်မှန်းတဲ့အရာကိုရရှိအောင် နေ့စဉ်နဲ့အမျှ တဖြည်းဖြည်း အားထုတ်သွား ရမှာဖြစ်ပါတယ်။

ဒီနေ့ ကမ္ဘာကျော် ပုဂ္ဂိုလ်အတော်များများဟာ ကိုယ်ဖြစ်ချင်တဲ့အတိုင်း ဖြစ်ခွင့်ရလာကြတယ်။ လွယ်လွယ်နဲ့ ရလာကြတာတော့ မဟုတ်ဘူး။ ဖြစ်ချင်ရာဖြစ်ရဖို့ နှစ်ပေါင်းများစွာ မရမနေကြိုးပမ်းခဲ့ တာကြောင့်ဖြစ်လာကြ
တာပါ။ ကမ္ဘာကျော်သူဌေးကြီး ရော့ဖဲလားဟာ ရည်မှန်းချက်မရှိခဲ့ရင် လက်တွန်းလှည်းကလေးနဲ့ ကုန်စုံ လည်ရောင်းရတဲ့ ဈေးသည်လေးဘ၀နဲ့ပဲ သေဆုံးရမှာ ဖြစ်ပါတယ်။

ရည်မှန်းချက်ဆိုတာ ထားတော့ထားပါရဲ့။ အကောင်အထည်ပေါ်မသွားရင် ဘောင်ပဲရှိတဲ့ ပန်းချီကားချပ်လို ဘာမှအဓိပ္ပါယ်ရှိမှာ မဟုတ်ပါဘူး။ ဒါကြောင့်ရည်မှန်းချက်ကို အကောင်အထည်ဖော်ဆောင်တဲ့အနေနဲ့ အလုပ်ကို မဖြစ်မနေလုပ်သင့်ပါတယ်။ ဒီလို အလုပ်လုပ်မှလည်း လူ့ဘ၀ အဓိပ္ပါယ်ဟာ ပီပြင်နိုင်ပါလိမ့်မယ်။





Wednesday, June 12, 2013

(S) ငါးလုံး လှုပ်ရှားမှု



စက်ရုံတိုင်းတွင် တိုးတတ်အောင်မြင်စေရေးအတွက် လိုက်နာသင့်သော (S) ငါးလုံး လှုပ်ရှားမှု  

ဂျပန်နိုင်ငံသည် ကမ္ဘာပေါ်တွင် စက်မှုလက်မှု တီထွင်ကြံဆမှုနှင့် စီးပွားရေးတွင် ကမ္ဘာ့ထိပ်တန်း သို့ ရောက်ရှိနေပြီးဖြစ်သော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ဂျပန်လူမျိုးများသည် အချင်းချင်းစည်းလုံးမှုရှိခြင်း၊ တစ်ဦးပေါ်တစ်ဦး အပြန်အလှန် လေးစားမှုရှိခြင်း၊ စည်းကမ်းကို ရိုသေလိုက်နာလေးစားခြင်း၊ အစုအဖွဲ့လိုက် တာဝန်ယူမှုရှိခြင်းစသည့် ထူးခြားသော စရိုက်လက္ခဏာများ ရှိကြပါသည်။ ယခု ရှင်းလင်းတင်ပြသွား မည်ဖြစ်သော အက်(စ်)ငါးလုံးလှုပ်ရှားမှုသည် ဂျပန်နိုင်ငံမှ စတင်ခဲ့၍ ယခုအခါဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု များရှိသော တရုတ်နိုင်ငံ၊ ယိုးဒယားနိုင်ငံ၊ မလေးရှားနိုင်ငံ စသည်များနှင့် ကမ္ဘာအ၀ှမ်းတွင် ကျင့်ဆောင် အသုံးပြုလျက်ရှိကြပါသည်။ အက်(စ်)ငါးလုံး ဆိုသည်မှာ ဂျပန်ဘာသာ စကားလုံးများကို အင်္ဂလိပ်စကားလုံး များဖြင့်ရေးရာတွင် စကားလုံး၏ ထိပ်ဆုံးအင်္ဂလိပ်စာလုံးများမှာ အက်(စ်)များ ဖြစ်နေခြင်းကြောင့် အတိုကောက် အက်(စ်)ငါးလုံးဟု ခေါ်တွင်ခြင်းဖြစ်ပါသည်။ 

SEIRI, SEITON, SEISO, SEIKETSU, SHITSUKE.
တစ်ခုခြင်းအားဖြင့် အဓိပ္ပာယ် အတိုချုံးရှင်းပြပါမည်။ 

(1) SEIRI= SORTING OUT, စိစစ်ရွေးချယ် စွန့်ပစ်ခြင်း။ 
လုပ်ငန်းခွင်တွင် မလိုအပ်သော ပစ္စည်းအမယ်များအား ရွေးချယ်၍ စွန့်ပစ်ခြင်း။  
(2) SEITON= SYSTEMTIC, စနစ်တကျ စီစဉ်ထားရှိခြင်း။ 
လုပ်ငန်းခွင်တွင် လိုအပ်မည့်ကရိယာ တန်ဆာပလာများအား စနစ်တကျ အစီအရီထားရှိခြင်း။ (လိုအပ်လျင်လိုအပ်သလို အလွယ်တကူ ကောက်ယူအသုံးပြုနိုင်ရန်) 
(3) SEISO=SPICK and SPAN, သန့်ရှင်းသပ်ရပ်ခြင်း။ 
လုပ်ငန်းခွင်နေရာတွင် ဖုန်အမှိုက်သရိုက်များ အမြဲတစေ မရှိနေစေရန် အစဉ်အမြဲ သန့်ရှင်းစင်ကြယ်စေရန် လုပ်ဆောင်ထားခြင်း။ 
(4) SEIKETSU= SERENE, တည်ငြိမ်ကြည်လင်ခြင်း။ 
အထက်ပါ SEIRI,SEITON,SEISO အစဉ်အမြဲ ဂရုတစိုက်ပြုလုပ်ပါက လုပ်ငန်းခွင် ပတ်ဝန်းကျင်သည် တည်ငြိမ်ကြည်လင်သော ပတ်ဝန်းကျင်ဖြစ်လာပါမည်။ ထိုအခါ မိမိအလုပ်အား မြင့်မားသောစံနှုန်းများ   ရောက်ရှိစေ၍ အထောက်အကူပြုမည် ဖြစ်ပါသည်။ 
(5)SHITSUKE=STICK TO SELF, ပြုစု၊ ပျိုးထောင်၊ ဆုံးမခြင်း။ 
လုပ်ငန်းခွင်အတွင်းချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများအား လုပ်သားအားလုံးမှ ကောင်းစွာလိုက်နာ ကျင့်သုံးစေရန် ပြုစုပျိုးထောင်ခြင်း၊ တို့မှတဆင့် လုပ်သားအားလုံးမှ အလိုအလျှောက် လိုက်နာဆောင်ရွက် လာခြင်း။ အကျိုးကျေးဇူးများ။ 

 (၁)သန့်ရှင်းသပ်ရပ်ကြည်သာ အေးငြိမ်းမှုရှိသည့် လုပ်ငန်းခွင်သည် ၎င်း၏အကျိုးဆက်အဖြစ် အလုပ်သမား များ၏ စိတ်ဓာတ်ရေးရာ မြင့်မားတိုးတတ်မှုကို ဖြစ်စေခြင်း။ (၂)သန့်ရှင်းသပ်ရပ်ကြည်သာ အေးငြိမ်းမှုရှိသည့် လုပ်ငန်းခွင်သည် ၎င်း၏ အကျိုးဆက်အဖြစ် လုပ်ငန်းခွင် အန္တရာယ်များ အားလုံးမှ ကင်းရှင်းစေနိုင်ခြင်း။
(၃)သန့်ရှင်းသပ်ရပ်ကြည်သာ အေးငြိမ်းမှုရှိသည့် လုပ်ငန်းခွင်သည် ၎င်း၏ အကျိုးဆက်အဖြစ် ကုန်ကြမ်း၊ ကုန်ချော စသည့်ပစ္စည်းအမျိုးမျိုးကို အချိန်မှီ ပေးပို့နိုင်စွမ်းရှိစေခြင်း။ (၄)သန့်ရှင်းသပ်ရပ်ကြည်သာ အေးငြိမ်းမှုရှိသည့် လုပ်ငန်းခွင်သည် ၎င်း၏ အကျိုးဆက်အဖြစ် ကုန်ထုတ်စွမ်း အား မြင့်မားတိုးတတ်မှုရှိစေခြင်း။ 
(၅)သန့်ရှင်းသပ်ရပ်ကြည်သာ အေးငြိမ်းမှုရှိသည့် လုပ်ငန်းခွင်သည် ၎င်း၏ အကျိုးဆက်အဖြစ် ကုန်ပစ္စည်းများ၊ ဆောင်ရွက်မှုများ၏ အရည်အသွေးတို့ကို မြင့်မားတိုးတတ်စေခြင်း။ (၆)သန့်ရှင်းသပ်ရပ်ကြည်သာ အေးငြိမ်းမှုရှိသည့် လုပ်ငန်းခွင်သည် ၎င်း၏ အကျိုးဆက်အဖြစ် ကုန်ကျစရိတ်များကို လျော့နည်းသက်သာစေခြင်း။ 
(၇) ၎င်းအပြင်အခြားသော အကျိုးကျေးဇူးများကိုလည်း ဖြစ်ထွန်းစေနိုင်ပါသည်။ 

(ဒေါက်တာဝင်းမြင့်၏ ဆောင်းပါးအား မှီငြမ်းပါသည်။)