Showing posts with label အတွေးစု. Show all posts
Showing posts with label အတွေးစု. Show all posts

Saturday, June 15, 2013

ရည်မှန်းချက်ကို လက်တွေ့အကောင်အထည်ဖော်ခြင်း။




ရည်မှန်းချက်ကို လက်တွေ့အကောင်အထည်ဖော်ခြင်း။

(ရည်မှန်းချက်ကို လက်တွေ့အကောင်အထည်ဖော်ခြင်းဆိုတာ လွင်တီးခေါင်ကို ပန်းမန်စိုက်ပျိုးပြီး ပန်းဥယျာဉ်ဖြစ်ခုဖြစ်အောင် ဖန်တီးတာနဲ့တူပါတယ်။ မလွယ်တာမှန်ပေမယ့် ဖြစ်နိုင်တာကို လုပ်တာမျိုးဖြစ် လို့ လုပ်ရကျိုးနပ်ပါတယ်။ လုပ်ရင်ဖြစ်တဲ့ အစဉ်အလာကြီး မျက်မှောက်ရှိနေတာမို့ ကြိုးပမ်းရတာ စိတ်အားငယ် စရာဘာမှမရှိပါဘူး။) 

လူ့ဘ၀ဆိုတာ သံသရာခရီးသွားရင်း တစ်ထောက်ဝင်နားရခြင်း ဖြစ်တယ်လို့ ပြောကြပါတယ်။ တကယ်တော့ လူ့ဘ၀ဆိုတာ အဆန်းတကြယ် အဓိပ္ပါယ်ဖွင့်ရန် ဆန်းကြယ်တာတွေ တွေ့ရသလို ရိုးရိုးကလေးချခင်း  ကြည့်ပြန်တော့လည်း ဆန်းကြယ်တာဆိုလို့ ဘာမှမရှိတာကို တွေ့ရပါလိမ့်မယ်။ ဒါပေမယ့် လူရယ်လို့ ဖြစ်လာ တဲ့အခိုက်အတန့်မှာ ထိုက်ထိုက်တန်တန် တစ်စုံတစ်ရာလုပ်နိုင်၊ ပြသနိုင်တဲ့ စွမ်းရည်ကလေး တစ်ခုလောက်
 တော့ ပိုင်ဆိုင်ထားသင့်ကြပါတယ်။

တချို့လူတွေမှာ ရည်မှန်းချက်ရယ်လို့ မရှိဘူး။ ကြုံရာဆုံရာ အလုပ်လုပ်ရင်း ဘ၀နေ၀င်သွားခဲ့ကြတယ်။ တခြားလူတွေ ဖြစ်ထွန်းအောင်မြင်တဲ့ဘ၀ကို တည်ဆောက်သွားခဲ့ကြတာကို အစဉ်အလာတစ်ရပ် လို မြင်တွေ့နေပါလျက်နဲ့ မိမိအတွက် ဘာမှကြိုးစားအားထုတ်ခြင်း မပြုမိတာကတော့ အကျည်းတန်လွန်းလှ ပါတယ်။

လူတွေဟာ ကိုယ့်ဘ၀ကို သာယာစိုပြေအောင် လုပ်ဖို့ဘ၀တာဝန်တွေ ရှိနေပါတယ်။ လူ့ဘ၀ဆိုတာ ရည်မှန်း ချက်နဲ့ ပန်းတိုင်ရှိဖို့လိုပါတယ်။ လူ့ဘ၀ဆိုတာ ပန်းဥယျာဉ်ကလေးလို လှပစိုပြေအောင် တဖြည်းဖြည်း ပြုစု ပျိုးထောင်ရမှာ ဖြစ်ပါတယ်။ ရည်မှန်းချက်ကို လက်တွေ့အကောင်အထည်ဖော်ခြင်းဆိုတာ လွင်တီးခေါင်ကို ပန်းမန်စိုက်ပျိုးပြီး ပန်းဥယျာဉ်တစ်ခုဖြစ်အောင် ဖန်တီးတာနဲ့တူပါတယ်။ မလွယ်တာမှန်ပေမယ့်
ဖြစ်နိုင်တာကို လုပ်တာမျိုးဖြစ်လို့ လုပ်ရကျိုးနပ်ပါတယ်။ လုပ်ရင်ဖြစ်တဲ့ အစဉ်အလာကြီး မျက်မှောက်မှာ ရှိနေတာမို့ ကြိုးပမ်းရတာ စိတ်အားငယ်စရာ ဘာမှမရှိပါဘူး။

အလုပ်လုပ်လွန်းလို့ သေတဲ့လူဆိုတာ ရှိကောင်းရှိမှာပါ။ ဒါပေမယ့် သေရင်တောင် သေရကျိုးနပ်ပါတယ်။ အလုပ်မလုပ်ဘဲ သေသွားတာကမှ အပြစ်တင်စရာ ဖြစ်ပါတယ်။ မိမိထားတဲ့ ရည်မှန်းချက်ဆိုတာပေါ်လွင် ပီပြင်ဖို့ အရေးကြီးပါတယ်။ ငွေလိုချင်လား၊ နာမည်လိုချင်တာလား၊ ဆိုတာကို ပြတ်ပြတ်သားသား
မေးခွန်းထုတ် ဆုံးဖြတ်ပြီး ရည်မှန်းတဲ့အရာကိုရရှိအောင် နေ့စဉ်နဲ့အမျှ တဖြည်းဖြည်း အားထုတ်သွား ရမှာဖြစ်ပါတယ်။

ဒီနေ့ ကမ္ဘာကျော် ပုဂ္ဂိုလ်အတော်များများဟာ ကိုယ်ဖြစ်ချင်တဲ့အတိုင်း ဖြစ်ခွင့်ရလာကြတယ်။ လွယ်လွယ်နဲ့ ရလာကြတာတော့ မဟုတ်ဘူး။ ဖြစ်ချင်ရာဖြစ်ရဖို့ နှစ်ပေါင်းများစွာ မရမနေကြိုးပမ်းခဲ့ တာကြောင့်ဖြစ်လာကြ
တာပါ။ ကမ္ဘာကျော်သူဌေးကြီး ရော့ဖဲလားဟာ ရည်မှန်းချက်မရှိခဲ့ရင် လက်တွန်းလှည်းကလေးနဲ့ ကုန်စုံ လည်ရောင်းရတဲ့ ဈေးသည်လေးဘ၀နဲ့ပဲ သေဆုံးရမှာ ဖြစ်ပါတယ်။

ရည်မှန်းချက်ဆိုတာ ထားတော့ထားပါရဲ့။ အကောင်အထည်ပေါ်မသွားရင် ဘောင်ပဲရှိတဲ့ ပန်းချီကားချပ်လို ဘာမှအဓိပ္ပါယ်ရှိမှာ မဟုတ်ပါဘူး။ ဒါကြောင့်ရည်မှန်းချက်ကို အကောင်အထည်ဖော်ဆောင်တဲ့အနေနဲ့ အလုပ်ကို မဖြစ်မနေလုပ်သင့်ပါတယ်။ ဒီလို အလုပ်လုပ်မှလည်း လူ့ဘ၀ အဓိပ္ပါယ်ဟာ ပီပြင်နိုင်ပါလိမ့်မယ်။





Monday, December 17, 2012

အလွယ်တကူ စိတ်မပျက်နဲ့။

အလွယ်တကူ စိတ်မပျက်နဲ့။
(လောကမှာ စိတ်ဓာတ်တတ်စရာထက် စိတ်ပျက်စရာတွေက ပိုပြီးများနေလေ့ရှိပါတယ်။ အသိတရား ရင့်ကျက်လာလေလေ စိတ်ပျက်စရာတွေ  ပိုပြီးတွေ့ရလေလေပါပဲ။)

စိတ်ချမ်းသာတယ်၊ စိတ်မချမ်းသာဘူးဆိုတာ စိတ်ရာသီဥတုရဲ့ ဖောက်ပြန်မှုတစ်ခုသာ ဖြစ်ပါတယ်။

ရာသီဥတုဆိုတာ အမြဲပြောင်းလဲနေတာပဲ မဟုတ်လား။ မိုးရာသီဆိုပေမယ့် နေ့တိုင်းမိုးမရွာဘဲ နေသာနေတဲ့ ရက်မျိုးတွေလည်း ရှိပါသေးတယ်။ တစ်ခါတစ်ရံကျတော့ မိုးကြီးကအုံ့ဆိုင်းနေလိုက်တာ ချက်ချင်းပဲရွာတော့ မလိုနဲ့ မရွာဘဲနေကလေးသာလာပြန်ပါရော။

စိတ်ဆိုတာ မိုးတွင်းနဲ့အတော်တူတယ်လို့ ဆိုရမှာဖြစ်တယ်။ ကိုယ့်စိတ်ကိုမထိန်းနိုင်ဘဲ စိတ်ဓာတ်တတ် လွယ်၊ ကျလွယ်တတ်တဲ့လူတွေရဲ့ စိတ်ဓာတ်အခြေအနေမျိုးဟာ ပိုပြီးတောင် မိုးတွင်းဆန်နေပါသေးတယ်။ ဒီစိတ်ထားဟာ ဘ၀အတွက်ကောင်းတဲ့ အလားအလာမဟုတ်ပါဘူး။

လူတစ်ယောက်ဟာကိုယ့်စိတ် ဘယ်လိုအခြေအနေမျိုး ရှိနေတယ်ဆိုတာကို မျက်ခြည်မပျက်လေကောင်း 
လေပါပဲ။

စိတ်ဓာတ်ကျနေသလား။ တတ်ကြွနေသလား။ ရွှင်လန်းနေသလား။ ညှိုးငယ်နေသလား ဆိုတာတွေကို စစ်တမ်းထုတ်နေရမှာဖြစ်တယ်။

စိတ်ဓာတ်ကျနေချိန်မှာပြောတဲ့စကား၊ လုပ်တဲ့အလုပ်တွေဟာ ဘယ်လိုနည်းနဲ့မှထိရောက်မှုမရှိနိုင်ပါဘူး။ အလွယ်တကူစိတ်ပျက်တတ်တဲ့လူဟာ ဘာနဲ့တူသလဲဆိုတော့ သက္ကလက်ဘောလုံးလေးနဲ့တူတယ်။ သက္ကလက်ဘောလုံးလေးကိုတွေ့ဖူးမှာပါ။ ဘာနဲ့ပဲထိထိ၊ အလွယ်တကူ လိမ့်ထွက်သွားလေ့ရှိပါတယ်။ မတည်ငြိမ်ဘူး။ သက္ကလက်ဘောလုံးလိုစိတ်မျိုးဟာ ဘယ်လိုအမှုမျိုးကို အောင်မြင်အောင် စွမ်းဆောင်နိုင်မှာ လဲ။

လောကကြီးထဲမှာ ကြုံတွေ့ရတဲ့ ဖြစ်ရပ်တွေကို သုံးသပ်ကြည့်ရင် စိတ်တတ်စရာထက် စိတ်ပျက်စရာတွေက ပိုပြီးများနေလေ့ရှိပါတယ်။ ပီပြင်အောင်ပြောရရင် အသိတရား ရင့်ကျက်လာလေလေ၊ စိတ်ပျက်စရာတွေကို ပိုပြီးတွေ့ရတတ်လေပါပဲ။ ဒီလိုပြောလို့ စိတ်ဓာတ်ကျစရာတွေကို ပြောတာပဲလို့မယူပါနဲ့။ အမှန်အတိုင်း အခြေအနေကို သိရအောင် ပြောပြတာသာဖြစ်ပါတယ်။

စိတ်ပျက်စရာတွေရှိတိုင်း ကိုယ်နဲ့တော့မဆိုင်ပါဘူး။ ပန်းဥယျာဉ်ထဲမှာ အပူအပင်မဲ့စွာ ပန်းကလေးတွေနား မှာ ရစ်ပတ်ပျံသန်းနေတဲ့ လိပ်ပြာလေးတွေကို တွေ့ဖူးကြမှာပါ။ အဲဒီလိပ်ပြာလေးတွေဟာ ကားသံတွေ၊ ဆူညံသံတွေနဲ့ အခြားအန္တရာယ်တွေကို သူတို့အာရုံထဲ မသွင်းထားကြဘူး။ ဆိုလိုတာကတော့ လိပ်ပြာလေး လို မဆိုင်တာတွေကို မိမိအာရုံထဲ မသွင်းဖို့ သိပ်အရေးကြီးပါတယ်။

သူများသေတာမြင်တာနဲ့ သံဝေဂရပြီး ကိုယ်ကြံစည်ထားတာတွေ လုပ်လက်စတွေကို စွန့်ပစ်ရတော့မှာလား။ စိတ်ပျက်စရာဆိုတာဘာလဲ။ ဖြစ်ချင်တာတွေ အားလုံးဖြစ်မလာတဲ့အခါ ခံစားရတဲ့စိတ်ဝေဒနာတစ်ရပ်ပဲ မဟုတ်လား။ ဒါကိုကုစားလို့ ရပါတယ်။ ကုစားခံလို့ရနိုင်တဲ့ နည်းတွေရှိပါတယ်။ အတိုချုပ် ကုစားတဲ့နည်းက 
တော့ စိတ်ဓာတ်တတ်စရာ၊ စိတ်ဓာတ်ပျက်စရာတွေဟာ မိမိရဲ့စိတ်မှာ အမြဲတမ်းခိုအောင်းနေပြီး
နေနိုင်ရဲ့လား ဆိုတာကိုအမှန်အတိုင်း ရှာဖွေသုံးသပ်ကြည့်ဖို့ပါပဲ။ ဒီအခါမှာခံစားချက်တွေဟာ အခြေအနေ၊ အချိန် အခါအရ ခဏတဖြုတ် ကိစ္စတွေသာဖြစ်တယ်ဆိုတာကို တွေ့ရမှာဖြစ်တယ်။

ဆွဲထားလို့တောင်မနေတဲ့ ဧည့်သည်တစ်ဦးအတွက် ဧည့်သည်များမပြန်ရင်တော့ အခက်ပဲဆိုတဲ့ပူပန် စိုးရိမ် မှုမျိုးတွေ ဘာကြောင့်မွေးထားရမှာလဲ။ ဒါကြောင့်စိတ်ပျက်လက်ပျက် ဖြစ်နေစရာလိုပါသလား။ အလွယ် တကူစိတ်ပျက်ခြင်းဟာ အောင်မြင်စွာလက်တွေ့ ရင်ဆိုင်လိုသူတွေအတွက် အနှောက်အယှက်သာ ဖြစ်ပါ တယ်။

Friday, December 14, 2012

ကျွန်မတွေးမိသမျှ


“ဘဝအတွေ့အကြုံ များအောင် ဘယ်လိုလုပ်ရမလဲ”ဆိုတဲ့ မေးခွန်းကို ကျွန်မဘာသာမေးပြီး ကိုယ့်ဖာသာပဲ ဒီလိုပြန်ဖြေကြည့်မိတယ်။။

ရှေးရှေးတုန်းလူတွေဟာ သူတို့ရဲ့အမှားတွေကို စာအုပ်တွေထဲမှာ ရေးသားထားခဲ့ကြတယ်။ အမှန်တွေကို ရောပေါ့။ အဲဒီလိုမျိုးတန်ဖိုးရှိတဲ့ ကိုယ့်ဘဝအတွက် အထောက်အကူပြုမယ့် စာအုပ်တွေကိုဖတ်ရင် ဘဝအသိအမြင်တွေ ရင့်ကျက်လာနိုင်တာပေါ့။

ဒါကြောင့် စာများများဖတ်သင့်တယ်။ ဒါပေမယ့် တစ်ခုတော့ရှိတယ်။ စာပေမှာကိုယ်စိတ် ပျော်ရွှင်ဖို့ ဖတ်တဲ့ စာရယ်၊ ကိုယ့်ဘဝအသိဥာဏ် ရင့်ကျက်တိုးတတ်ဖို့ ဖတ်တဲ့စာရယ် (၂) မျိုးရှိတယ်။ စိတ်ပျော်ရွှင်ဖို့လည်း စာဖတ်ပါ။ အဲဒီလိုဖတ်တာထက် ကိုယ့်ဘဝအသိဥာဏ် ရင့်ကျက်တိုးတတ်ဖို့ကိုတော့ ဦးစားပေးဖတ်သင့်ပါ တယ်။

အင်္ဂလိပ်ခေတ်က ထမင်းစားဖို့ တိုင်းတစ်ပါးသားကို မျက်နှာလိုမျက်နှာရ လုပ်ကြလွန်းလို့ ဆရာကြီး သခင် ကိုယ်တော်မှိုင်းကပြောဖူးတယ်။ “ထမင်းတစ်လုတ်အတွက် ထင်းခုတ်စားလည်းရပါတယ်”တဲ့။ ကျွန်မရင်ထဲ မှာ စွဲငြိသွားစေတဲ့ စကားလေးတစ်ခွန်းပါ။ ကိုယ်ရှင်သန်ဖို့အရေး အားနည်းသူကိုဖိနှိပ်၊ အားကြီးသူကို ဖော်လံဖားနဲ့စတိုင်တော့ မထွားချင်ပါဘူး။ အားနည်းသူကိုကူညီ၊ အားကြီးသူကိုလေးစား ဘဝမှာခပ်ရိုးရိုး သမားပဲ ဖြစ်ချင်တယ်။ သူငယ်ချင်းတို့ရော ဘယ်လိုလူမျိုးဖြစ်ချင်သလဲ...........။

လူတစ်ယောက်ရဲ့စိတ်ဓာတ်ဟာ အမြဲတမ်းလည်းတတ်မနေသလို အမြဲတမ်းလည်းကျမနေဘူး။ ကျွန်မ ကတော့ စိတ်ဓာတ်ကျတဲ့အချိန်ဆို စိတ်ဓာတ်ခွန်အားဖြစ်စေတဲ့ စာတွေဖတ်၊ လမ်းညွှန်မှုပေးနိုင်တဲ့ မိဘဆရာသမား၊ မိတ်ဆွေစစ်တွေဆီ လျှောက်သွားလိုက်တာပဲ။ သူတို့ဆီက အားပေးနှစ်သိမ့်မှုနှင့်အတူ အကြံဥာဏ်ကောင်းတွေ ရတတ်တယ်လေ။

လူ့လောကမှာ မိတ်ဆွေတွေကို ပေါင်းရမှာပဲ။ မိတ်ဆွေကိုပေါင်းတာ မိတ်ဆွေဆိုတဲ့စကားလုံး နောက်က “ကောင်း” ဆိုတဲ့ စကားပါဖို့အရေးကြီးတယ်။ မိတ်ဆွေကောင်းဆိုတာ အိတ်တွေမဖောင်းလည်း ကိုယ့်ဘေးနားမှာရှိတဲ့ လူမျိုးကိုခေါ်တာ။ ဒါကြောင့်မိတ်ဆွေကောင်းနဲ့ ပဲတွေ့ဆုံချင်တယ်။ မနက်ဖြန်ဆိုတဲ့ အနာဂတ်ကာလကို ကိုယ်ကအသေအချာ မပိုင်ဆိုင်နိုင်တော့ ဘာမဟုတ်တဲ့ကိစ္စလေးတွေနဲ့ မိတ်ဆွေတွေ ရန်မဖြစ်ကြစေချင်ဘူး။ ကျွန်မကတော့ မိတ်ဆွေတွေကို တစ်ကယ်တန်ဖိုးထား ခင်မင်တတ်တယ်။

လူတိုင်းမှာ လက်ပက်နာရီတစ်လုံးစီ ရှိသင့်တယ်လို့ ကျွန်မထင်တယ်။ ဘဝမှာကိစ္စတော် တော်များများဟာ အချိန်နဲ့အလုပ်လုပ်နေကြတာပါ။ နာရီမဝတ်တော့အချိန်မသိဘူး။ အချိန်မသိတော့ အချိန်ကိုမလေးစား ဘူးပေါ့။ အချိန်ကိုမလေးစားတဲ့သူဟာ ဘယ်တော့မှမတိုးတတ်၊ မအောင်မြင်ဘူး။ လောကကြီးမှာ အလကား ရတာကို အလကားပဲအဖြစ်ခံ လိုက်မယ်ဆိုရင် ညံ့ရာကျပါတယ်။ အချိန်ဆိုတဲ့ ကာလရထားက ဘယ်ဘူတာ မှမရပ်ဘူး။ ရပ်ခိုင်းလို့လည်းမရဘူး။ “အချိန်နှင့်ဒီရေသည် လူကိုမစောင့်”တဲ့။ ဒီတော့အချိန်ကိုသိ၊ အ ချိန်ကိုလေးစားပြီး ထိပ်ဆုံးကို ရောက်အောင်သွားလိုက်ပါ။

လောကမှာ ဘာပဲလုပ်လုပ် ကြိုတင်ပြင်ဆင်ထားရင် အမှားနည်းတာပေါ့။ ကဲ...ဒီတော့ သူငယ်ချင်းတို့လည်း ဘဝမှာပျော်ရွှင်ချမ်းမြေ့ပြီး အမှားနည်းချင်ရင် ကြိုတင်ပြင်ဆင်မှုလေးတွေ လုပ်ထားသင့်တယ်နော်။

ဘဝရဲ့လမ်းတွေဟာ ဘယ်တော့မှမဖြောင့်ဖြူးဘူး။ အခက်အခဲတွေ အတားအဆီးတွေက အနည်းနဲ့အများ ဆိုသလို ရှိနေကြတာပါပဲ။ အဲဒါကို စိတ်ပျက်ညည်းညူနေလို့တော့ မဖြစ်ဘူး။ ဇွဲရှိရှိနဲ့ ရင်ဆိုင်ကျော်ဖြတ် သွားရမှာပဲ။ အမှားပေါင်းတစ်ထောင် မှားဖူးရင်အမှန်ပေါင်း တစ်ထောင်သိသွားသလိုပါပဲ။ အဲ.... တစ်ခုတော့ သတိထား။ အမှားတစ်ခုထဲကိုပဲ ထပ်ခါထပ်ခါ မကျူးလွန်နဲ့နော်။

တစ်ခါတစ်ရံဘဝအတွက် အခွင့်အရေးကောင်းဆိုတာ စောင့်နိုင်၊အောင့်နိုင်မှ ရတယ်လေ လူတွေရဲ့ဖြစ်တည် မှု သဘာဝအရ တစ်ယောက်နဲ့တစ်ယောက် မတူညီတာတွေ ကွဲလွဲတာတွေရှိမှာပဲ။ အဲဒါတွေကို အပြစ် တင်ပြီး စိတ်နာမုန်းတီးရမယ်ဆိုရင် ချစ်ခြင်းမေတ္တာနဲ့ပျော်ရွှင်ချိန်ဆိုတာ ဘယ်တော့ရှိတော့မှာလဲ။ စကားပုံ တစ်ခုရှိတယ်။ “ဆင်းရဲဒုက္ခက အိမ်ရှေ့တံခါးကိုလာခေါက်ရင် ချစ်ခြင်းက ပြတင်းပေါက်က ထွက်ပြေးသွား တယ်”တဲ့။ ဒါကြောင့် ဆင်းရဲဒုက္ခတွေများလာရင် လူအချင်းချင်း ချစ်ခင်မှုတွေက ထွက်ပြေးသွားလေရော့ လား လို့တွေးမိတယ်။

ဒါပေမယ့် တစ်ခါတစ်လေ ဖြစ်ချင်တာနဲ့ဖြစ်သင့်တာမှာ ဖြစ်သင့်တာကို ကြိတ်မှိတ်လုပ်ရတယ်။ ဒါမှဘဝတွေ က တိုးတတ်တောက်ပြောင်လာမှာပေါ့။ ဖြစ်ချင်တာကို ဖြစ်ခွင့်ရခဲ့ရင်တော့ ပိုပြီးတောက်ပြောင်လာမှာ သေချာပါတယ်။

(15.3.10.တနင်္လာ)မှာ Multiply မှာရေးခဲ့တာပါ။

Wednesday, October 19, 2011

ဘ၀ဆိုတာ ရှင်သန်ခြင်း။


ကျွန်မရဲ့ဘဝ နောက်ပိုင်းအချိန်တွေကို သဘာဝကျကျ ကောင်းမွန်ပျော်ရွှင်စွာ ဖြတ်သန်းကြည့်ဖို့ စိတ်ကူး 
လေးတွေရှိတယ်။ ဒီခေတ်ထဲမှာ လူတွေက နည်းပညာတိုးတတ်မှုတွေ နောက်တကောက်ကောက် လိုက်ကြရ တယ်။ စားဝတ်နေရေးနောက် လိုက်ကြတယ်။ အောင်မြင်မှုနောက် လိုက်ကြရတယ်။ စိတ်ချမ်းသာမှု၊ စိတ်ပျော်ရွှင်မှု အတော်ကြီးနည်းပါး လာကြတယ်။

စိတ်ချမ်းသာ ပျော်ရွှင်မှုဆိုတာ ကိုယ်တိုင်ဖန်တီး မွေးယူရတဲ့အရာလို့ ကျွန်မနားလည်ထားတယ်။ ဘဝထဲမှာ ကျွန်မတို့အဆိုးတွေ၊ ဒုက္ခတွေ၊ အခက်အခဲတွေ မလွှဲမဖယ်သာ ကြုံတွေ့နိုင်ပေမယ့် အဲဒီ့ထဲကမှ အကောင်းတွေ ကျေနပ်နှစ်သိမ့်စရာတွေ ရရှိဖို့လည်း ကြိုးစားရှာဖွေဖန်တီးယူကြရမှာပဲလေ။

မနက်ခင်း အိပ်ရာနိုးခွင့်ရတာကိုက အခွင့်အရေးတစ်ခုပဲလေ။ တစ်ရက်တစ်မနက် အသက်ရှင်ခွင့်လေးကိုပဲ ဆုကြေးတစ်ခုလို သတ်မှတ်မိပါတယ်။ တစ်နေ့တစ်မနက် အသက်ရှင်နေရတာကိုက အကောင်းဆုံး ဆုလာဘ်ပဲ။ ဘဝမှာအကောင်းဆုံး နေထိုင်ခွင့်၊ ရှင်သန်ခွင့်၊ ရပ်တည်ခွင့်တွေရမယ်။ ပျော်ရွှင်စွာဖန်တီး လုပ်ဆောင်ခွင့်တွေရမယ်။ ဒါကိုက အခွင့်ထူးပါပဲ……။

ပြုပြင်ပြောင်းလဲယူဖို့ ကြောက်ရွံ့မနေသင့်ဘူး။ နွံထဲမှာအနစ်ခံပြီး ဘဝတွေကို စတေးပစ်စရာမလိုဘူး။ အချိန်ဆိုတာ ဘယ်တော့မှ မနှောင်းပါဘူး။ ကိုယ်နစ်ခဲ့တာ၊ ကိုယ်လွဲမှားခဲ့တာ အချိန်ကြာမြင့်ခဲ့တယ် ဆိုရင်တော့လည်း ချက်ချင်းကြီး ပြုပြင်ယူလို့ မရနိုင်ဘူးလေ။ အဲဒီ့အချိန်တွေအတိုင်း ဆတူအချိန်အတိုင်း အတာတစ်ခု ပေးဆပ်စောင့်စား ယူသင့်တာပေါ့လေ။

ဆက်ခနဲ ချက်ချင်းပြန်ကောင်းဖို့ လုပ်ယူလို့တော့မရနိုင်ဘူး။ ကိုယ့်အတွက် အကောင်းဆုံးနားလည် စာနာပေးနိုင်မယ့် လူ့အသိုက်အဝန်းလေးတစ်ခုရဖို့ ဖြစ်တည်ဖို့ဖန်တီး တည်ဆောက်ယူကြရမှာပဲ။ ကျွန်မတို့ဘဝမှာ လမ်းတွေအများကြီး ဖြတ်သန်းကျော်လွှားခဲ့ကြပြီးပြီ။ ချန်ထားခဲ့ရတဲ့အရာ အချို့ရှိသလို အသစ်တစ်ဖန် မျှော်လင့်စရာတွေလည်း တပြန့်တပြော မကုန်ဆုံးနိုင်အောင်ပဲပေါ့။ ကောင်းကင်က ကြည်လင်နေဦးမှာပါ။

မြေသားကလည်း ခိုင်ခံ့သေချာနေဦးမယ်။ လတ်ဆက်တဲ့လေပြေ၊ စိမ်းသစ်တဲ့သဘာဝတရား အမြဲတည် ရှိနေဦးမယ်။ အဲဒီအချိန်တွေထဲက ကျမတို့ဘာတွေများ ရယူနိုင်ကြဦးမလဲ။ ကိုယ့်အတွက်၊ ကိုယ့်ပတ်ဝန်းကျင် အတွက် ဘာတွေများ စွမ်းဆောင်ပေးနိုင်ကြဦးမလဲ။ ဘဝဆိုတာ အသစ်အသစ်သော အရာတွေနှင့် အကောင်းဆုံး တည်ဆောက်ခွင့်တွေ ဖန်တီးရယူနိုင်ဖို့ အခွင့်အရေးတွေ အများကြီးရှိနေသေးတဲ့ အရာတစ်ခုပါ။

***တစ်ချို့ကဘဝကို ရှင်သန်ခြင်းလို့ အဓိပ္ပါယ်ဖွင့်တယ်။***










Tuesday, October 4, 2011

အကြိမ်ကြိမ်တို့အကြောင်း။

မန္တလေးမြို့မဟာမြတ်မုနိဘုရား ပရဝုဏ်အတွင်းရှိ ရခိုင်ကုလားရုပ်ကြီးများမှာ ရခိုင် ကုလားရုပ်ကြီးများ ဟု ခေါ်ကြသော်လည်း စင်စစ် ထိုအရုပ်ကြီးများသည် ကြေးသတ္ထုဖြင့် ထူထူထဲထဲ သွန်းလုပ်ထားသော ဗိသျှနူးနတ်ရုပ်ကြီးများ ဖြစ်ကြသည်။ ထိုအရုပ်ကြီးများသည် ဘိုးတော်ဘုရားလက်ထက် ရခိုင်မှရောက်လာ ကြခြင်းဖြစ်သည်။                            

ဝမ်းနာရောဂါရှိသော သူများသည် ထိုအရုပ်များ၏ ချက်ကိုနှိုက်လျှင် ရောဂါပျောက်သည် ဟုဆို သဖြင့် မြန်မာပြည် အရပ်ရပ်မှ ရောက်လာကြသော ဘုရားဖူး များအနက် ဝမ်းနာ ရောဂါပျောက်ချင် သူတို့က ထိုကြေးရုပ်ကြီးများ၏ ချက်ကိုလက်ဖြင့် နှိုက်ကြပွတ်ကြသည်။ ဝမ်းနာရောဂါ ပျောက်ချင်သူ ရှေ့လူတွေလိုပင် ဝမ်းနာရောဂါ ပျောက်ချင်သူ နောက်လူများကလည်း သူတစ်လက်ငါတစ်လက် ထိုကြေးရုပ်တို့၏ ချက်ကို အဆက်ဆက် ပွတ်ခဲ့၊နှိုက်ခဲ့ကြသည်။ လက်ဖြင့် ပွတ်ရုံ၊နှိုက်ရုံမျှဖြင့် ထိုအရုပ်ကြီးတွေ ဘာမှမဖြစ်နိုင် ဟု ရှေ့ရှေ့က နှိုက်ခါစ ပွတ်ခါစလူတွေ ထင်မိခဲ့ကြမည်။

သို့ရာတွင်................ ထူထည်းမာကျောသော ကြေးသတ္ထုပင်ဖြစ်သော်ငြားလည်း နှစ်ကာလကြာရှည်စွာ အဆက်ဆက်အခါခါ အကြိမ်ကြိမ်အဖန်ဖန် ပွတ်ခဲ့၊နှိုက်ခဲ့မှုကြောင့် ယခုအခါတွင် ထိုကြေးရုပ်ကြီးများ၏ ချက်တွေ၊ဟောင်းလောင်းပေါက်နေကြပြီ၊ ထိုမျှမကသေး အရုပ်ကြီးတို့၏ မျက်စိကိုပွတ်လျှင်၊ မျက်စိရောဂါပျောက်သည်ဟု မည်သူက စပြောခဲ့သည်မသိ၊ မျက်စိကိုလည်း စဉ်ဆက်ပွတ်ခဲ့ကြရာ ယခုအခါ ထိုအရုပ်ကြီးများ၏ မျက်စိများလည်း ပေါက်ကုန်ကြပြီ။                 

ဓမ္မပဒတွင် “အနည်းငယ်သော မကောင်းမှုသည် ငါ့အားအကျိုးသက်ရောက်လာလိမ့်မည် မဟုတ်ဟု မကောင်းမှုကို မထီမဲ့မြင်မထင်မှတ်ရာ၊ အထင်မသေးရာ၊ မိုးရေပေါက်တို့ အကြိမ်ကြိမ် ကျဖန်များလာသော အခါ ရေအိုးကြီးသည်ပင် ပြည့်လျှံသွားသကဲ့သို့ မိုက်သောသူတို့သည် အနည်းငယ်၊ အနည်းငယ်မျှသော မကောင်းမှုကို ပြုဖန်များသောအခါ မကောင်းမှုဖြင့် ပြည့်လေတော့၏။”

“အနည်းငယ်သော ကောင်းမှုသည် ငါ့အားအကျိုးသက်ရောက်လာမည် မဟုတ်ဟု ကောင်းမှုကို မထီမဲ့မြင် မထင်မှတ်ရာ၊ အထင်မသေးရာ၊ မိုးရေပေါက်တို့ အကြိမ်ကြိမ် ကျဖန်များလာသောအခါ ရေအိုးကြီးသည် ပင် ပြည့်လျှံသွားသကဲ့သို့ ပညာရှိသည် အနည်းငယ်၊ အနည်းငယ်မျှသော ကောင်းမှုကို ဆည်းပူးဖန်များသော အခါ ကောင်းမှုဖြင့် ပြည့်လေတော့၏။”

ဒီလိုပါပဲ အမေရိကန်ပြည်ထောင်စု ကင်တပ်ကီ Kentucky နယ်ရှိ ထုံးကျောက်ကုန်းမြင့်များမှဂူများ၊ နယူးမက်ဆီကိုရှိ ပေ-၄၀၀၀ခန့် ရှည်လျားသော ပေ-၃၀၀၀ခန့် မြင့်သော ပေ-၆၀၀မျှကျယ်သော ကားလ်စဗတ် Carlsbad Cavern ထုံးကျောက်လှိုဏ်ဂူ၊ ထို့နောက် မြန်မာပြည်ပင်းတယမြို့နားက ထုံးကျောက် လှိုဏ်ဂူများ၊ ထိုထိုလှိုဏ်ဂူများအတွင်း၌ အဆန်းတကျယ် ပုံသဏ္ဌာန်မျိုးစုံ ဖြစ်ပေါ်နေသော ကျောက်စက် ပန်းဆွဲ၊ ကျောက်စက်မိုးမျှော်တို့ ရှိကြသည်။ ထုံးရေ   (ကယ်လ်စီယမ်ဟိုက်ဒရောဆိုက်) စက် တို့တစ်ပေါက်
ပေါက် အထပ်ထပ် အကြိမ်ကြိမ်ကျရာမှ နှစ်ကာလ ကြာရှည်လာသောအခါ ထုံးများတဖြည်းဖြည်း စုပုံခြင်းဖြင့် ထိုသို့ကျောက်စက်ပန်းဆွဲ၊ ကျောက်စက်မိုးမျှော်တို့ ဖြစ်လာကြခြင်း ဖြစ်သည်။

ရခိုင်ကြေးရုပ်တုကြီးတွေ ဝမ်းပေါက်၊ မျက်စိပေါက်၊ ဖြစ်ရခြင်းသည် မဖြစ်စလောက်ဟု ထင်ရသော ထိမှု၊ ပွတ်မှုတို့အကြိမ်အရေအတွက်များစွာဖြစ်ခြင်းကြောင့် ဖြစ်သည်။ ကျောက်စက်ပန်းဆွဲ၊ ကျောက်စက်မိုးမျှော်တို့ အဆန်းတကျယ် ဖြစ်ရခြင်း၌လည်း မဖြစ်စလောက်ဟုထင်ရသောထုံးရေစက်ကျခြင်းတို့ အကြိမ်အရေအ တွက် များစွာဖြစ်ခြင်းကြောင့်ဖြစ်သည်။

မဖြစ်စလောက်တို့ အကြိမ်ကြိမ်ဖြစ်သောအခါ ဖြစ်လောက်သွားကြ သည်။  ကြီးကြီးကျယ်ကျယ်တွေ ဖြစ်သွားကြသည်။  
…………………………………………………………………………………………

ဒီတော့ သူငယ်ချင်းတို့တွေလည်း ဘာမှမဖြစ်လောက်ပါဘူးဆိုပြီး ဘဝမှာအမှား လုပ်မိခဲ့တာလေးတွေ ရှိပါလိမ့်မယ်။ နည်းနည်းကနေ များများဖြစ်သွားတတ်တာကို ဒီစာလေးတွေက ထောက်ပြနေပါတယ်။ မကောင်းတာတွေကို နည်းနည်းလေးပါ မဖြစ်လောက်ပါဘူးလို့ လုပ်မိတဲ့အခါမှာ ဒီိစာလေးတွေကို သတိရမိပြီး သူငယ်ချင်းတို့တွေ သတိပြုဆင်ခြင်နိုင်အောင်ပါ။                




Monday, October 3, 2011

အလွဲမာန၏ လားရာကို ဖန်ဆင်းသူ ....။(သို့) အုန်းဆံကြိုး၏ဘဝဇာတ်ကြောင်း...။



လမ်းထောင့်က ဆေးလိပ်၊ ကွမ်းယာဆိုင်ဘေးမှာ ဆေးလိပ်ညှိဖို့ မီးရှို့ထားတဲ့ အုန်းဆံကြိုးကို သတိထားမိ ရဲ့လား။ အဲဒီအုန်းဆံကြိုးက မာနတတ်နေတယ်။ တတ်နေတဲ့ မာနက အကြီးအကျယ်ပဲ။ ဘယ်အရပ်ကလိပ် တဲ့ ဆေးပေါ့လိပ်မျိုးပဲဖြစ်ဖြစ် သူ့ကိုလာညှိရင် သူကလောင်ကျွမ်းပစ်နိုင်တယ်လို့ ဘဝင်မြင့်တယ်။ အကောင်း ဆုံး နာမည်အကြီးဆုံးဆိုတဲ့ စီးကရက်ဟာလည်း သူ့ကိုညှိလိုက်ရင် သူကလောင်ကျွမ်းပစ်နိုင်တယ်ဆိုပြီး စိတ် ထားဝတိံဖြစ်နေတယ်။

ဘယ်လောက်ဂုဏ်သရေရှိတဲ့၊ ဘယ်လောက်ခမ်းနားထယ်ဝါတဲ့ ဘယ်လောက်ကောင်းတဲ့ တံဆိပ်မျိုးကပ်ထား တဲ့ ဆေးပြင်းလိပ်ပဲဖြစ်ဖြစ်၊ သူ့ကိုလာပြီးညှိကြည့်စမ်းပါလား၊ လောင်ကျွမ်းသွားစေရမယ်လို့ ကြိမ်းဝါးတယ်။ ငါ့ကိုဂရုမစိုက်ပဲ ပစ်ထားရင် အားလုံးအိုးမဲ့အိမ်မဲ့ ဘဝပျက်သွားအောင် ဖန်တီးနိုင်စွမ်းရှိတယ်လို့ လဲ ခြိမ်းခြောက်သေးတယ်။ ဒါပေမယ့် ဒီထောင်လွှားမာနတွေနဲ့ ခြိမ်းခြောက်နေတဲ့ အုန်းဆံကြိုးဟာ သူ့ဟာ သူလောင် ကျွမ်းရင်း၊ လောင်ကျွမ်းရင်းနဲ့ နောက်ဆုံးပြာဖြစ်သွားတယ်။

***********************************************************************************

ဒီလိုပါပဲ…ကျွန်မတို့တွေရဲ့ ပတ်ဝန်းကျင်မှာ ဘာမဟုတ်သည့် အခြေအနေ အကြောင်းတရားကို အမှီပြု၍ မာနအမျိုးမျိုးတတ်နေသူများကို ခဏခဏ တွေ့ရကြုံရသည်။ ထိုသူများကို တွေ့တိုင်း အထက်ပါ ဆေးလိပ် ညှိရန်မီးရှို့ထားသော အုန်းဆံကြိုးကို မြင်ယောင်မိပါတယ်။ လူတွေမှာ မာနတစ်မျိုးမျိုး ရှိနေကြပါတယ်။ ထိုသို့ရှိနေတဲ့သူများကို ကြုံတွေ့တိုင်း အလွဲမာန၏ လားရာကို ဖန်ဆင်းသောသူများကို တရားကျမိပါတယ်။


ဆရာကြီးနန္ဒာသိန်းဇံ “တွေးချိန်ချင့်စရာ”စာအုပ်ထဲမှ အကြောင်းအရာတစ်ခုကို အခြေခံပြီး တွေးမိသလို ရေးလိုက်မိတာပါ။



Friday, September 30, 2011

ကျွန်မတွေးမိသမျှ


“ဘဝအတွေ့အကြုံများအောင် ဘယ်လိုလုပ်ရမလဲ”ဆိုတဲ့ မေးခွန်းကို ကျွန်မဘာသာမေးပြီး ကိုယ့်ဖာသာပဲ ဒီလိုပြန်ဖြေကြည့်မိတယ်။။

ရှေးရှေးတုန်း       လူတွေဟာ သူတို့ရဲ့အမှားတွေကို စာအုပ်တွေထဲမှာ ရေးသားထားခဲ့ကြတယ်။ အမှန်တွေကို 
ရောပေါ့ အဲဒီလိုမျိုးတန်ဖိုးရှိတဲ့ ကိုယ့်ဘဝအတွက် အထောက်အကူပြုမယ့် စာအုပ်တွေကိုဖတ်ရင် ဘဝအသိ အမြင်တွေ ရင့်ကျက်လာနိုင်တာပေါ့။

ဒါကြောင့် စာများများဖတ်သင့်တယ်။ ဒါပေမယ့်တစ်ခုတော့ရှိတယ်။ စာပေမှာကိုယ်စိတ်ပျော်ရွှင်ဖို့ ဖတ်တဲ့ စာရယ်၊ ကိုယ့်ဘဝအသိဥာဏ် ရင့်ကျက်တိုးတတ်ဖို့ ဖတ်တဲ့စာရယ် (၂) မျိုးရှိတယ်။ စိတ်ပျော်ရွှင်ဖို့လည်း စာဖတ်ပါ။ အဲဒီလိုဖတ်တာထက် ကိုယ့်ဘဝအသိဥာဏ် ရင့်ကျက်တိုးတတ်ဖို့ကိုတော့ ဦးစားပေးဖတ် သင့်ပါတယ်။

အင်္ဂလိပ်ခေတ်က ထမင်းစားဖို့ တိုင်းတစ်ပါးသားကို မျက်နှာလို မျက်နှာရ လုပ်ကြလွန်းလို့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ပြောဖူးတယ်။ “ထမင်းတစ်လုတ်အတွက် ထင်းခုတ်စား လည်းရပါတယ်”တဲ့။ ကျွန်မရင်ထဲမှာ စွဲငြိသွားစေတဲ့ စကားလေးတစ်ခွန်းပါ။ ကိုယ်ရှင်သန်ဖို့အရေး အားနည်းသူကို ဖိနှိပ်၊ အားကြီးသူကို ဖော်လံဖားနဲ့ စတိုင်တော့ မထွားချင်ပါဘူး။ အားနည်းသူကိုကူညီ၊ အားကြီးသူကိုလေးစား ဘဝမှာခပ်ရိုးရိုးသမားပဲ ဖြစ်ချင်တယ်။ သူငယ်ချင်းတို့ရော ဘယ်လိုလူမျိုးဖြစ်ချင်သလဲ...........။

လူတစ်ယောက်ရဲ့ စိတ်ဓာတ်ဟာ အမြဲတမ်းလည်း တတ်မနေသလို အမြဲတမ်းလည်းကျမနေဘူး။ ကျွန်မကတော့ စိတ်ဓာတ်ကျတဲ့အချိန်ဆို စိတ်ဓာတ်ခွန်အားဖြစ်စေတဲ့ စာတွေဖတ်၊ လမ်းညွှန်မှုပေးနိုင်တဲ့ မိဘဆရာသမား၊ မိတ်ဆွေစစ်တွေဆီ လျှောက်သွားလိုက်တာပဲ။ သူတို့ဆီက အားပေးနှစ်သိမ့်မှုနှင့်အတူ အကြံဥာဏ်ကောင်းတွေ ရတတ်တယ်လေ။

လူ့လောကမှာ မိတ်ဆွေတွေကို ပေါင်းရမှာပဲ။ မိတ်ဆွေကိုပေါင်းတာ မိတ်ဆွေဆိုတဲ့စကားလုံး နောက်က “ကောင်း” ဆိုတဲ့ စကားပါဖို့အရေးကြီးတယ်။ မိတ်ဆွေကောင်းဆိုတာ အိတ်တွေမဖောင်းလည်း ကိုယ့်ဘေး နားမှာရှိတဲ့ လူမျိုးကိုခေါ်တာ။ ဒါကြောင့်မိတ်ဆွေကောင်းနဲ့ပဲ တွေ့ဆုံချင်တယ်။ မနက်ဖြန်ဆိုတဲ့ အနာဂတ် ကာလကို ကိုယ်ကအသေအချာ မပိုင်ဆိုင်နိုင်တော့ ဘာမဟုတ်တဲ့ကိစ္စလေးတွေနဲ့ မိတ်ဆွေတွေရန်မဖြစ် ကြစေချင်ဘူး။ ကျွန်မကတော့ မိတ်ဆွေတွေကို တစ်ကယ်တန်ဖိုးထား ခင်မင်တတ်တယ်။

လူတိုင်းမှာ လက်ပက်နာရီတစ်လုံးစီ ရှိသင့်တယ်လို့ ကျွန်မထင်တယ်။ ဘဝမှာကိစ္စတော် တော်များများဟာ အချိန်နဲ့ အလုပ်လုပ်နေကြတာပါ။ နာရီမဝတ်တော့ အချိန်မသိဘူး။ အချိန်မသိတော့ အချိန်ကိုမလေးစား ဘူးပေါ့။ အချိန်ကို မလေးစားတဲ့သူဟာ ဘယ်တော့မှ မတိုးတတ်၊ မအောင်မြင်ဘူး။ လောကကြီးမှာ အလကားရတာကို အလကားပဲ အဖြစ်ခံလိုက်မယ်ဆိုရင် ညံ့ရာကျပါတယ်။ အချိန်ဆိုတဲ့ ကာလရထားက ဘယ်ဘူတာမှမရပ်ဘူး။ ရပ်ခိုင်းလို့လည်းမရဘူး။ “အချိန်နှင့်ဒီရေသည် လူကိုမစောင့်”တဲ့။ ဒီတော့ အချိန်ကိုသိ၊ အ ချိန်ကိုလေးစားပြီး ထိပ်ဆုံးကို ရောက်အောင်သွားလိုက်ပါ။

လောကမှာ ဘာပဲလုပ်လုပ် ကြိုတင်ပြင်ဆင်ထားရင် အမှားနည်းတာပေါ့။ ကဲ...ဒီတော့ သူငယ်ချင်းတို့လည်း ဘဝမှာပျော်ရွှင်ချမ်းမြေ့ပြီး အမှားနည်းချင်ရင် ကြိုတင်ပြင်ဆင်မှု လေးတွေ လုပ်ထားသင့်တယ်နော်။

ဘဝရဲ့လမ်းတွေဟာ ဘယ်တော့မှမဖြောင့်ဖြူးဘူး။ အခက်အခဲတွေ အတားအဆီးတွေက အနည်းနဲ့အများ ဆိုသလို ရှိနေကြတာပါပဲ။ အဲဒါကို စိတ်ပျက်ညည်းညူနေလို့တော့ မဖြစ်ဘူး။ ဇွဲရှိရှိနဲ့ ရင်ဆိုင်ကျော်ဖြတ် သွားရမှာပဲ။ အမှားပေါင်းတစ်ထောင် မှားဖူးရင် အမှန်ပေါင်း တစ်ထောင်သိသွားသလိုပါပဲ။ အဲ.... တစ်ခုတော့ သတိထား။ အမှားတစ်ခုထဲကိုပဲ ထပ်ခါထပ်ခါ မကျူးလွန်နဲ့နော်။

တစ်ခါတစ်ရံဘဝအတွက် အခွင့်အရေးကောင်းဆိုတာ စောင့်နိုင်၊အောင့်နိုင်မှ ရတယ်လေ လူတွေရဲ့ဖြစ်တည် မှု သဘာဝအရ တစ်ယောက်နဲ့တစ်ယောက် မတူညီတာတွေ ကွဲလွဲတာတွေရှိမှာပဲ။ အဲဒါတွေကို အပြစ်တင်ပြီး စိတ်နာမုန်းတီးရမယ်ဆိုရင် ချစ်ခြင်းမေတ္တာနဲ့ ပျော်ရွှင်ချိန်ဆိုတာ ဘယ်တော့ရှိတော့မှာလဲ။ စကားပုံတစ်ခုရှိ တယ်။ “ဆင်းရဲဒုက္ခက အိမ်ရှေ့ တံခါးကို လာခေါက်ရင် ချစ်ခြင်းက ပြတင်းပေါက်က ထွက်ပြေးသွားတယ်”တဲ့။ ဒါကြောင့် ဆင်းရဲဒုက္ခတွေများလာရင် လူအချင်းချင်း ချစ်ခင်မှုတွေက ထွက်ပြေးသွားလေရော့လားလို့တွေးမိ တယ်။

ဒါပေမယ့် တစ်ခါတစ်လေ ဖြစ်ချင်တာနဲ့ဖြစ်သင့်တာမှာ ဖြစ်သင့်တာကို ကြိတ်မှိတ်လုပ်ရတယ်။ ဒါမှဘဝတွေ က တိုးတတ်တောက်ပြောင်လာမှာပေါ့။ ဖြစ်ချင်တာကို ဖြစ်ခွင့်ရခဲ့ရင်တော့ ပိုပြီးတောက်ပြောင်လာ မှာ သေချာပါတယ်။

ခံစားရေးဖွဲ့သူ
 မစိုး

Monday, September 26, 2011

ကျွန်မနှင့်အဖွားအို


အလုပ်သွား အလုပ်ပြန် ဒီတံတားလေးပေါ်က ကျွန်မဖြတ်သန်းသွားနေကြ။ တံတားလေးပေါ်မှာ အလှူခံနေတဲ့ အဖွားအိုတစ်ယောက်ကို နေ့စဉ်မြင်တွေ့နေရလို့ မျက်မှန်းတန်းမိတာကြာပြီ။ အလှူခံနေတဲ့ အဖွားကယောဂီ ၀တ်စုံလေးဝတ်ပြီး ညှိုးငယ်နွမ်းပါးတဲ့ မျက်လုံးလေးနဲ့ ဇရာရဲ့အထုအထောင်းကို အတော်ခံခဲ့ရပြီးပုံပေါ်တယ်။ တံတားရဲ့လှေကားအတတ်နားလေးမှာ အဖွားကိုမြင်နေကြ။ နေ့စဉ်တိုင်းလိုလို မိုးရွာရွာ၊ နေပူပူ အဖွားရှိတတ် တယ်။

နေ့စဉ်မြင်တွေ့လာတော့ အဖွားကိုသတိထားမိတဲ့အပြင် အဖွားရဲ့မျက်ဝန်းလေးတွေကို သနားမိတာကြောင့် ကျွန်မတတ်နိုင်သလောက်လေး အဖွားကို အမြဲလှူခဲ့တယ်။ မနက်အလုပ်သွားလို့ တံတားပေါ်အတတ်မှာ အဖွားကို မြင်တွေ့နေကြ၊ တစ်နေ့မှာတော့ အဖွားကို မမြင်ခဲ့မိဘူး။ ညနေအလုပ်ကပြန်တော့လည်း အဖွားကို မတွေ့ဘူး။ နေ့စဉ်မြင်တွေ့နေကြ မမြင်ရတော့ တံတားပေါ်အဖြတ်မှာ ရင်ထဲမှာဟာတာတာနဲ့ တစ်ခုခုလိုနေ သလိုလိုနဲ့ အိမ်ရောက်လေရာ အဖွားအကြောင်းက အတွေးထဲမှာ တ၀ဲလည်လည်။ အဖွားဘာဖြစ်နေလဲ အသက်ကြီးတော့ နေများမကောင်းဘူးလား။ အဖွားဘာဖြစ်နေလဲ။ သွားရင်းလာရင်းတစ်ခုခုဖြစ်နေလား။ အဖွားကိုပြုစုမယ့်သူရော ရှိရဲ့လား။ ဆိုတဲ့အတွေးစတွေနဲ့ .......

နောက်နေ့အလုပ်သွားတော့လည်း အဖွားအတွက် ပဲပလာတာလေး ၀ယ်ပြီးတံတားပေါ်အတတ် အဖွားကို မတွေ့ပြန်ဘူး။ ဘယ်တွေရောက်လို့ ဘာဖြစ်နေလဲအဖွားရယ်။ အဖွားကိုရှာရတာ အဖွားအကြောင်းတွေးရတာ နဲ့ စိတ်ထဲမှာ နေလို့မရခဲ့ဘူး။ ဒါဟာ မြင်ပါများလို့ ရလာတဲ့ သံယောဇဉ်။

ငါးရက်မြောက်နေ့မှာတော့ အဖွားကိုပြန်တွေ့ခဲ့တယ်။ အဖွားကိုမေးကြည့်မိတယ်။ အဖွားမျက်လုံးသွားခွဲတာ တဲ့။ သနားစရာအဖွားအို ပြုစုမယ့်သူမရှိ အသက်အရွယ်ကကြီးလာ နေထိုင်စားသောက်ဖို့တစ်ဝမ်းတစ်ခါး အတွက် အလှူခံနေရတာကို မြင်ရတော့ မျက်ရည်လည်တဲ့အထိ ရင်နင့်အောင် ခံစားမိတယ်။ ကျွန်မတတ်နိုင် သလောက်လေး အဖွားကိုဒါနပြုခဲ့တယ်။

လူဆိုတာ မြင်ပါများလာရင် သံယောဇဉ်ဆိုတာ ဖြစ်လာတတ်တာကို ကျွန်မခံစားမိသလိုရေးမိတယ်။ လူတွေ မှာထားခဲ့မိတဲ့ သံယောဇဉ်တစ်ခုကြောင့် စိတ်ပူမိတာတွေ သောကလေးတွေ ရလာတတ်တယ်။ ဆွေမျိုးသား ချင်းမဟုတ်ပေမယ့်လည်း ကိုယ်ချင်းစာသနားမိစိတ်လေးကြောင့်လည်း သနားလို့ သံယောဇဉ်ဖြစ်မိတယ်။ ကျွန်မကိုယ်တိုင်လည်း ဘ၀ကိုရုန်းကန်နေရသူမို့ အဖွားကို လှူဒါန်းဖို့ အများကြီးမတတ်နိုင်ခဲ့ဘူး။ ဒါပေမယ့် ကျွန်မတတ်နိုင်သလောက် အဖွားကို လှူခဲ့တယ်။ အဖွားနဲ့ ကျွန်မအကြားမှာ မမြင်ရ၊မကြားရတဲ့ သံယောဇဉ် ပါးပါးလေးရှိတယ်။ အဖွားကိုမမြင်မိရင် ကျွန်မရှာတတ်သလို ကျွန်မကိုမတွေ့ခဲ့ရင်လည်း အဖွားကမေးတတ်ပြီ အဖွားလိုမျိုး အသက်အရွယ်ကြီးလာချိန်မှာ ပြုစုသူမဲ့လို့၊ ခိုကိုးရာမဲ့လို့ အလှူခံစားနေရတဲ့သူတွေ ဘယ်လောက်များ ရှိသလဲ။ ဆိုတဲ့ အတွေးစများစွာနှင့်အတူ............


ခံစားရေးဖွဲ့သူ
 မစိုး

Friday, September 16, 2011

ဘ၀တိုက်ပွဲ


ဘ၀ဆိုတာ တိုက်ခိုက်ရှင်သန်တဲ့အရာတဲ့။ ဒီတော့ ရှင်သန်မှုအတွက် ဘ၀တိုက်ပွဲကို ဆင်နွှဲနေကြရမှာပါ။ တိုက်ပွဲဆိုတဲ့အတိုင်း အလစ်အငိုက်၊ ချုံခိုအတိုက်ခံရတာတွေ ရှိမှာပါ။ ဒီတော့ ဒီလိုချုံခိုတိုက်ခိုက်တဲ့အခါမှာ ကိုယ့်မှာ တိုက်ပွဲကိုပြန်လည်တိုက်ခိုက်ဖို့ ၀မ်းစာပြည့်နေဖို့လိုတာပေါ့။ အလစ်အငိုက်မခံရအောင် ဘ၀တိုက်ပွဲ အတွက် ပြင်ဆင်လေ့ကျင့်သင့်တယ်။ 

တိုက်ပွဲတစ်ခုဖြစ်ပြီဆိုရင် နိုင်ရင်နိုင်၊ မနိုင်ရင်ရှုံးတစ်ခုခုတော့ ရင်ဆိုင်ရမှာပဲ။ အဲဒီ့အခါမှာ ခံနိုင်ရည်ရှိဖို့တော့ လိုတာပေါ့။ မုန်တိုင်းပြီးရင် လေပြေလာစမြဲပဲလေ။  

ဘ၀မှာ လေပြည်ကိုချည်း မျှော်လင့်စရာမလိုပါ။ မုန်တိုင်းမှာလည်း အောက်ဆီဂျင်ပါလေသည်။   

ဆရာတာရာမင်းဝေ ရေးခဲ့တဲ့ စာစုလေးအတိုင်းပါပဲ။ ဒီတော့ဘ၀တိုက်ပွဲကို အားတင်းတိုက်ခိုက်ဖို့ အားမွေးကြ ဖို့တော့လိုမယ်နော်...။



ခံစားရေးဖွဲ့သူ
မစိုး