A fisherman friend told me that one doesn’t need atop for a
crab basket. If one of the crabs starts to climb up the side of the basket, the
other crabs will reach up and pull
it back down. Some people are a lot like
crabs.
Charles L. Allen
တစ်ချို့ကကဏန်းတွေနဲ့တူတယ်။
တံငါမိတ်ဆွေတစ်ယောက်က
ကျွန်တော့်ကိုပြောပြဖူးတယ်။ ကဏန်းထည့်တဲ့ခြင်းမှာ အဖုံးဖုံးစရာမလိုဘူး တဲ့။
ကဏန်းတစ်ကောင်ချင်း ဘေးတွားတတ်လာတာနဲ့ တခြားကဏန်းတွေကထပြီး အဲဒီအကောင်ကို
အောက်ဆွဲချကြသတဲ့။ လူတချို့ဟာ ကဏန်းတွေနဲ့ အတော်တူဆိုပဲ။
အောက်ဆွဲချကြသတဲ့။ လူတချို့ဟာ ကဏန်းတွေနဲ့ အတော်တူဆိုပဲ။
ချားလ်စ်၊ အယ်လ်၊ အယ်လင်
ဒီအဆိုအမိန့်ကို
ဖတ်လိုက်ရတော့ ပထမဦးဆုံးကဏန်းရဲ့ ရုပ်ပုံကို သွားမြင်ယောင်မိတယ်။ မျက်လုံးမျက်ဆံ က
ပြူးကြောင်ကြောင်၊ ခြေတွေလက်တွေက ခပ်များများ၊ သွားတော့ ဘေးတိုက်ကန့်လန့်။
လူတွေထဲမှာ ခွတီးခွကျ၊ ဖြောင့်ဖြောင့်စင်းစင်းမဟုတ်တဲ့ လူစားမျိုးတွေ့ရင် ကဏန်းနဲ့နှိုင်းပြီး
ပြောလေ့ရှိကြတာကိုလည်း သတိရမိတယ်။
ဒါပေမယ့် ဒီနေရာမှာတော့ ခွကျတာလောက်တင် မဟုတ်တော့ဘူး။ ပိုပြီးနယ်ကျယ်လာတယ်။ ကဏန်း တစ်ကောင်ရဲ့ အမူအကျင့်သာ မဟုတ်တော့ဘဲ ကဏန်းအားလုံးနဲ့ဆိုင်တဲ့ အလေ့အထကြီး ဖြစ်လာတယ်။ ဒါကလည်း ခြင်းတောင်းထဲ ဖမ်းထည့်လိုက်တော့မှ ပေါ်လာတာကိုး။ အကျပ်အတည်း အခက်အခဲကနေ လွတ်မြောက်ဖို့၊ ဘ၀ရဲ့တိုးတတ်ရာ တိုးတတ်ကြောင်း အခွင့်အလမ်းရှာကြဖို့ ကိုယ်တတ်နိုင်သမျှ ရုန်းကန် ကြိုးပမ်းကြတာဟာ သက်ရှိသတ္တ၀ါတွေရဲ့ သဘာဝပါပဲ။
အဲဒီလို ကြိုးပမ်းကြတဲ့ နေရာမှာ တစ်ဦး လွတ်မြောက်သွားတာ တိုးတတ်အောင်မြင်သွားတာကို တစ်ဦးက အားပေးတတ်၊ ၀မ်းသာပီတိဖြစ်တတ်၊ ဂုဏ်ယူတတ်၊ နည်းခံမှတ်သားတတ်ရမယ်။ ကိုယ့်အလှည့်ကျတော့ လည်း သူ့လိုအားကြိုးမာန်တတ် ရုန်းကန်လှုပ်ရှားတတ်ရမယ်။ ဒါမှသာ သတ္တ၀ါအပေါင်း တိုးတတ်ရာ တိုးတတ်ကြောင်း၊ လွတ်မြောက်ရာလွတ်မြောက်ကြောင်း ဖြစ်ပေလိမ့်မယ်။
ခုတော့ ဒီလိုမဟုတ်ဘူး။ တစ်ဦးကလှုပ်မယ်မကြံနဲ့ ဟုတ်ဟုတ်မဟုတ်ဟုတ် ၀ိုင်းလှုပ်ကြ။ တတ်မယ်မကြံနဲ့၊ တတ်တာမြင်တာနဲ့ ၀ိုင်းဆွဲချတော့တာပဲ။ ဘယ့်နှယ် တတ်ပါစေဦးတော့ လား။ ခြင်းနှုတ်ခမ်းဝရောက် သွားတာနဲ့ပဲ ရာသက်ပန် လွတ်မြောက်သွားရောတဲ့လား။ ခဏတဖြုတ် စောင့်ကြည့်စမ်းပါဦး။ အကဲခတ်စမ်း ပါဦး။ တော်ကြာ ခြင်းဝရောက်ခါမှ တံငါကတွေ့သွားလို့ “ဒီလောက်တောင် အဖြစ်သည်းလှတာ သေဟ” ဆိုပြီး ကိုင်ပေါက်တာခံရရင် ဘယ့်နှယ်လုပ်မလဲ။ ရှေ့ကသွားတိုင်း အရင်ရောက်မယ်လို့ တထစ်ချ တွက်လို့ ရတာမဟုတ်ဘူး။
ကံ၊ဉာဏ်၊၀ီရိယ မျှတအောင် ကျင့်ကြံအားထုတ်မှ လွတ်မြောက်ကြ၊ တိုးတတ်အောင်မြင်ကြတာပါ။
လှေဝမ်းထဲမှာ ဖမ်းမိတဲ့ ငါးသုံးကောင်လိုပေါ့။ တစ်ကောင်က ၀ီရိယပိုပြီး တဖျပ်ဖျပ်ထခုန်နေတော့အမြင် ကပ်တာနဲ့ ရိုက်အသတ်ခံရတယ်။ တစ်ကောင်က အခြေအနေစောင့်ကြည့်ပြီး အခါအခွင့်လည်းသင့်ရော လွတ်အောင် ခုန်ထွက်သွားတယ်။ “ကံမရှိ ဉာဏ်ရှိတိုင်းမွဲ”၊ ကံကောင်းရင် လွတ်မှာပဲဆိုပြီး ဆင်ခြေ ဆင်လက်တွေနဲ့ မှိန်းစက်နေတဲ့ အကောင်ကတော့ ကမ်းကပ်တဲ့အခါ တံငါသည်လက်ထဲ ကန့်လန့်ကန့်လန့် ပါသွားတယ် မဟုတ်လား။
ဒါကို ကဏန်းတွေမသိကြ၊ နားမလည်ကြဘူး။ မသိနားမလည်တဲ့အတွက် ပြုပြင်ဆင်ခြင်ကြမှာလည်း မဟုတ်ဘူး။ မပြုပြင်သမျှ ကာလပတ်လုံး ကဏန်းခြင်းမှာ အဖုံးအဖိမပါဖြစ်နေဦးမှာပဲ။ ဖြစ်ပစေလေ။
မဖြစ်စေချင်တာက မဆီမဆိုင် လူက ကဏန်းနဲ့သွားတူနေတာ။ သူတစ်ပါးလွတ်လပ်တာ၊ ကြီးပွားတိုးတတ် တာကို အောက်ဆွဲချချင်တဲ့ စိတ်ဓာတ်မျိုး၊ အမူအကျင့်မျိုးဟာ လူ့လောကမှာ မထားအပ်မထားရ၊ မလုပ် အပ်၊ မလုပ်ရဘူး။ အများသူငါ လွတ်လပ်မှု၊ ကြီးပွားတိုးတတ်မှုအတွက် မိမိအပါအ၀င် အများသူငါက
သာဓု ခေါ်နိုင်ရမယ်။ လှိုက်လှိုက်လှဲလှဲ လက်ခုပ်သြဘာတီးပြီး ကြိုဆိုနိုင်ရမယ်။ အဲဒါဟာ လူ့လောကမှာ လူတွေ ကျင့်ကြံနေထိုင်အပ်တဲ့ လူကျင့်တရား။
ကဏန်းလောကမှာ ကဏန်းကျင့်တရားနှင့်အညီ ကျင့်သုံးနေထိုင်ကြသလို လူ့လောကမှာလည်း လူကျင့် တရားနှင့်အညီ ကျင့်သုံးနေထိုင်တတ်ဖို့ ကြိုးစားကြရပေလိမ့်မယ်။ လူဖြစ်ပါလျက်နဲ့ ကဏန်းကိုအတုခိုးပြီး ကဏန်းအချိုးမျိုးတော့ မချိုးမိစေနဲ့။ မတော်လို့ လူရင့်မာကြီးက အဖုံးမပါတဲ့ ကဏန်းခြင်းထဲ ကားရား ကျပြီး ပြန်ဖက်တတ်လို့မရ ဖြစ်နေရင် မခက်ပေဘူးလား။
ဆရာမြင့်စိုးလှိုင်ရဲ့စကားနောက်တရားပါ
စာအုပ်မှ ပြန်လည်မျှဝေလိုက်ပါတယ်။
No comments:
Post a Comment
Comment ရေးသော သူငယ်ချင်းများ စိတ်သောကများကင်းစင်ပြီး
စိတ်၏ချမ်းသာခြင်းကိုယ်၏ချမ်းသာခြင်းနှင့်ပြည့်စုံပြီး အလိုရှိအပ်တောင့်တအပ်သော
အရာတိုင်းသည် အလိုရှိတိုင်းတောင့်တတိုင်းပြည့်စုံကြပါစေ....။