Showing posts with label မျှဝေခြင်း. Show all posts
Showing posts with label မျှဝေခြင်း. Show all posts

Wednesday, June 26, 2013

တကယ့်သတ္တိ။



အလုပ်တခုကို လုပ်ဖြစ်တယ် မဖြစ်ဘူးဆိုတာ ကိုယ့်စိတ်ထဲက ယုံကြည်စွာ ဆုံးဖြတ်လုပ်ကိုင်မှ ဖြစ်မြောက် သွားတာမျိုးပါ။ မိမိရဲ့စိတ်ထဲမှာ ကြောက်ရွံ့တွန့်ဆုတ်နေရင် ဘာမှမလုပ်နိုင်ပါဘူး။ ကိုယ့်ကိုကိုယ် မယုံကြည် ရင် သူတစ်ပါးယုံကြည်မှုဆိုတာ မျှော်လင့်လို့တောင်မရနိုင်ပါဘူး။ အလုပ်တစ်ခု လုပ်ဖို့လိုအပ်တဲ့ အဓိက တွန်းအားကို ပေးနိုင်တဲ့လူကတော့ ပင်ကိုယ်သတ္တိပါပဲ။

 အလုပ်တစ်ခုကို တကယ်လုပ်တဲ့အချိန်မှာ မလုပ်မိဘဲ ကြောက်ရွံ့တွန့်ဆုတ်နေခြင်းဟာ သတ္တိကြောင်တာ ပါပဲ။ “ဖြစ်မှဖြစ်ပါ့မလား” လူတွေက ငါ့ကို ဘယ်လိုမြင်မလဲ၊ ဘယ်လိုထင်ကြမလဲ၊ လုပ်လို့မဖြစ်ရင် ဒုက္ခပါပဲ စသည်ဖြင့် စစ်မရောက်ခင်မှာ မြားကုန်နေတာက ယုံကြည်မှုလျော့နည်းတာပဲ ဖြစ်ပါတယ်။

သတ္တိကြောင်မှု၊ မိမိကိုယ်ကို မယုံကြည်နိုင်မှုဟာ လူကိုအတော် ဒုက္ခပေးပါတယ်။ အလုပ်တစ်ခုကို လုပ်မယ် ကြံရင် ကိုယ့်ထက်ရှေ့ရောက်သူတွေ၊သာသူတွေ အများကြီးတွေ့နိုင်ပါတယ်။ ငါလုပ်တာ သူတို့လောက်
ကောင်းပါ့မလား။ ကဲ့ရဲ့စရာများဖြစ်နေမလားစသည့် အဆိုးတွေ ဝင်လာနိုင်ပါသေးတယ်။

ဒါဟာစိတ်ချောက်ချားမှုသက်သက်သာ ဖြစ်ပါတယ်။ လောကမှာ အောင်မြင်တယ်။ ဖြစ်ထွန်းတယ်ဆိုတာ
တွေဟာ အခြေအနေ အချိန်အခါပေးရုံနဲ့ မပြီးသေးဘူး။ အရည်အချင်းရှိရုံနဲ့လည်း မရဘူး။ လုပ်ရဲကိုင်ရဲ ရှိဖို့ လည်း လိုတယ်။ တစ်နည်းပြောရရင် သတ္တိရှိဖို့ လိုတယ်။ လုပ်ရင်ဖြစ်နိုင်မှန်း သိနေရုံနဲ့ မလုံလောက်ပါဘူး။ ဇွဲကောင်းကောင်းနဲ့ အကောင်အထည်ဖော် လုပ်ကိုင်ရဲဖို့ လိုပါတယ်။

တချို့များ လုပ်ဝံ့ဖို့ဝေးလို့ တွေးတောင် တွေးမကြည့်ပါဘူး။ ဒါဟာ ဘာနဲ့တူသလဲဆိုတော့ ငွေထုပ်ကြီး ချပေးထာကို မကောက်ရဲတာနဲ့ အခွင့်အရေး လက်လွတ်သွားတဲ့ အဖြစ်မျိုးနဲ့ တူနေပါတယ်။ တကယ်တော့ သတ္တိကြောင်လို့ နစ်နာသွားတာမျိုးပါ။ လောကမှာ ကိုယ့်ကိုကိုယ်မှလွဲ၍ ချုပ်တည်းနှောင်ဖွဲ့ထားတဲ့ အရာ ဟာမရှိဘူး။ တခြားစည်းကမ်းတို့၊ ဥပဒေတို့ဆိုတာလည်း ကိုယ့်စိတ်လောက် မထိန်းချုပ်နိုင်ကြပါဘူး။ ကိုယ့်စိတ်က လုပ်ချင်မှဖြစ်တာပါ။ အလုပ်တခုကို လုပ်ဖြစ်တယ်။ မဖြစ်ဘူးဆိုတာ ကိုယ့်စိတ်က ယုံကြည်စွာ ဆုံးဖြတ်လုပ်ကိုင်မှ ဖြစ်မြောက်သွားတာပါ။ မိမိရဲ့စိတ်ထဲမှာ ကြောက်ရွံ့တွန့်ဆုတ်နေရင်တော့ ဘာမှမလုပ် 
နိုင်ပါဘူး။

ကိုယ့်ကိုကိုယ်မယုံကြည်ရင် သူတစ်ပါးယုံကြည်မှုဆိုတာ မျှော်လင့်လို့တောင်မရနိုင်ပါဘူး။ အလုပ်တစ်ခု လုပ်ဖို့ လိုအပ်တဲ့ အဓိကတွန်းအားကို ပေးနိုင်တဲ့ အစွမ်းအစကတော့ ပင်ကိုယ်သတ္တိပါပဲ။ ပင်ကိုယ် သတ္တိ အသုံးချတဲ့နေရာမှာလည်း သတိထားရမယ့် အချက်တစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ သတ္တိကို အလွဲမသုံး ဖို့ပါပဲ။ တချို့ကျတော့ မဟုတ်တာလုပ်ဖို့အတွက်မှာ သတ္တိကောင်းတတ်ကြတယ်။ ဒီလိုတလွဲဆံပင်ကောင်း
 နိုင်အောင် မူးယစ်ဆေးဝါးတွေရဲ့ အကူအညီကိုပါ ယူတတ်ကြပါသေးတယ်။

အရက်သောက်ပြီး ရဲဆေးတင်တဲ့လူမျိုးတွေ တွေ့ဖူးကြမှာပါ။ သူတို့တွေ အရက်မူးပြီး ထင်တာတွေ လုပ်ဖြစ်သွားတော့ ပြဿနာရှုပ်ကုန်တာပဲ ရှိတာပေါ့။ ပြေလည်သွားတယ် ဆိုတာမျိုးတော့ မကြားဖူး သလောက်ပါပဲ။ ဒီအလုပ်မျိုးလုပ်ကိုင်တဲ့ လူတွေဟာ လက်ထဲက ပိုက်ဆံတွေ ဖြန့်ကျဲပြီးမှ တစ်ခုစီလိုက်
ကောက်သလို အဓိပ္ပါယ်မဲ့ အလုပ်ရှုပ်လိုက်တာပဲ ဖြစ်ပါတယ်။ လောကကြီးမှာ အခက်အခဲအတားအဆီး
တွေဟာ ရှိနေမှာပါပဲ။ အခက်အခဲမရှိဘဲ အတားအဆီးကို မကျော်လွှားရဘဲ အောင်မြင်မှုဆိုတာမရနိုင်ပါဘူး။

ဒါကြောင့်လောကရဲ့ ထိုက်တန်တဲ့ ပစ္စည်းတစ်ခုခုလိုချင်တယ်ဆိုရင် သတ္တိရှိရှိ ကြိုးစားရမှာပဲ။ မိုက်ရူးရဲ အပြုအမူမျိုးတွေနဲ့တော့ ဘာမှမရနိုင်ပါဘူး။ အောင်မြင်မှုအတွက် အဟန့်အတားဖြစ်စေတဲ့ အားငယ်စိတ်ကို ဖယ်ရှားပြီး သတ္တိရှိလာအောင် ကိုယ့်ကိုယ်ကို လှုံ့ဆော်အားပေးပြီး လေ့ကျင့်အားထုတ်ကြ၊ ကြိုးစားကြပါ။ မည်သည့်ကိစ္စမျိုးကိုမဆို အောင်မြင်ကျော်လွှားနိုင်ပါလိမ့်မယ်။

မောင်မြင့်ကြည့်(စာပေဗိမာန်)


Thursday, June 20, 2013

တစ်ချို့ကကဏန်းတွေနဲ့တူတယ်။





Some are like Crabs
A fisherman friend told me that one doesn’t need atop for a crab basket. If one of the crabs starts to climb up the side of the basket, the other  crabs will reach up and pull it  back down. Some people are a lot like crabs.
Charles L. Allen

တစ်ချို့ကကဏန်းတွေနဲ့တူတယ်။
တံငါမိတ်ဆွေတစ်ယောက်က ကျွန်တော့်ကိုပြောပြဖူးတယ်။ ကဏန်းထည့်တဲ့ခြင်းမှာ အဖုံးဖုံးစရာမလိုဘူး တဲ့။ ကဏန်းတစ်ကောင်ချင်း ဘေးတွားတတ်လာတာနဲ့ တခြားကဏန်းတွေကထပြီး အဲဒီအကောင်ကို
အောက်ဆွဲချကြသတဲ့။ လူတချို့ဟာ ကဏန်းတွေနဲ့ အတော်တူဆိုပဲ။
ချားလ်စ်၊ အယ်လ်၊ အယ်လင်

ဒီအဆိုအမိန့်ကို ဖတ်လိုက်ရတော့ ပထမဦးဆုံးကဏန်းရဲ့ ရုပ်ပုံကို သွားမြင်ယောင်မိတယ်။ မျက်လုံးမျက်ဆံ က ပြူးကြောင်ကြောင်၊ ခြေတွေလက်တွေက ခပ်များများ၊ သွားတော့ ဘေးတိုက်ကန့်လန့်။ လူတွေထဲမှာ ခွတီးခွကျ၊ ဖြောင့်ဖြောင့်စင်းစင်းမဟုတ်တဲ့ လူစားမျိုးတွေ့ရင် ကဏန်းနဲ့နှိုင်းပြီး ပြောလေ့ရှိကြတာကိုလည်း သတိရမိတယ်။

ဒါပေမယ့် ဒီနေရာမှာတော့ ခွကျတာလောက်တင် မဟုတ်တော့ဘူး။ ပိုပြီးနယ်ကျယ်လာတယ်။ ကဏန်း တစ်ကောင်ရဲ့ အမူအကျင့်သာ မဟုတ်တော့ဘဲ ကဏန်းအားလုံးနဲ့ဆိုင်တဲ့ အလေ့အထကြီး ဖြစ်လာတယ်။ ဒါကလည်း ခြင်းတောင်းထဲ ဖမ်းထည့်လိုက်တော့မှ ပေါ်လာတာကိုး။ အကျပ်အတည်း အခက်အခဲကနေ လွတ်မြောက်ဖို့၊ ဘ၀ရဲ့တိုးတတ်ရာ တိုးတတ်ကြောင်း အခွင့်အလမ်းရှာကြဖို့ ကိုယ်တတ်နိုင်သမျှ ရုန်းကန် ကြိုးပမ်းကြတာဟာ သက်ရှိသတ္တ၀ါတွေရဲ့ သဘာဝပါပဲ။

အဲဒီလို ကြိုးပမ်းကြတဲ့ နေရာမှာ တစ်ဦး လွတ်မြောက်သွားတာ တိုးတတ်အောင်မြင်သွားတာကို တစ်ဦးက အားပေးတတ်၊ ၀မ်းသာပီတိဖြစ်တတ်၊ ဂုဏ်ယူတတ်၊ နည်းခံမှတ်သားတတ်ရမယ်။ ကိုယ့်အလှည့်ကျတော့ လည်း သူ့လိုအားကြိုးမာန်တတ် ရုန်းကန်လှုပ်ရှားတတ်ရမယ်။ ဒါမှသာ သတ္တ၀ါအပေါင်း တိုးတတ်ရာ တိုးတတ်ကြောင်း၊ လွတ်မြောက်ရာလွတ်မြောက်ကြောင်း ဖြစ်ပေလိမ့်မယ်။

ခုတော့ ဒီလိုမဟုတ်ဘူး။ တစ်ဦးကလှုပ်မယ်မကြံနဲ့ ဟုတ်ဟုတ်မဟုတ်ဟုတ် ၀ိုင်းလှုပ်ကြ။ တတ်မယ်မကြံနဲ့၊ တတ်တာမြင်တာနဲ့ ၀ိုင်းဆွဲချတော့တာပဲ။ ဘယ့်နှယ် တတ်ပါစေဦးတော့ လား။ ခြင်းနှုတ်ခမ်းဝရောက် သွားတာနဲ့ပဲ ရာသက်ပန် လွတ်မြောက်သွားရောတဲ့လား။ ခဏတဖြုတ် စောင့်ကြည့်စမ်းပါဦး။ အကဲခတ်စမ်း ပါဦး။ တော်ကြာ ခြင်းဝရောက်ခါမှ တံငါကတွေ့သွားလို့ “ဒီလောက်တောင် အဖြစ်သည်းလှတာ သေဟ” ဆိုပြီး ကိုင်ပေါက်တာခံရရင် ဘယ့်နှယ်လုပ်မလဲ။ ရှေ့ကသွားတိုင်း အရင်ရောက်မယ်လို့ တထစ်ချ တွက်လို့ ရတာမဟုတ်ဘူး။

ကံ၊ဉာဏ်၊၀ီရိယ မျှတအောင် ကျင့်ကြံအားထုတ်မှ လွတ်မြောက်ကြ၊ တိုးတတ်အောင်မြင်ကြတာပါ။ 
လှေဝမ်းထဲမှာ ဖမ်းမိတဲ့ ငါးသုံးကောင်လိုပေါ့။ တစ်ကောင်က ၀ီရိယပိုပြီး တဖျပ်ဖျပ်ထခုန်နေတော့အမြင် ကပ်တာနဲ့ ရိုက်အသတ်ခံရတယ်။ တစ်ကောင်က အခြေအနေစောင့်ကြည့်ပြီး အခါအခွင့်လည်းသင့်ရော လွတ်အောင် ခုန်ထွက်သွားတယ်။ “ကံမရှိ ဉာဏ်ရှိတိုင်းမွဲ”၊ ကံကောင်းရင် လွတ်မှာပဲဆိုပြီး ဆင်ခြေ ဆင်လက်တွေနဲ့ မှိန်းစက်နေတဲ့ အကောင်ကတော့ ကမ်းကပ်တဲ့အခါ တံငါသည်လက်ထဲ ကန့်လန့်ကန့်လန့် ပါသွားတယ် မဟုတ်လား။

ဒါကို ကဏန်းတွေမသိကြ၊ နားမလည်ကြဘူး။ မသိနားမလည်တဲ့အတွက် ပြုပြင်ဆင်ခြင်ကြမှာလည်း မဟုတ်ဘူး။ မပြုပြင်သမျှ ကာလပတ်လုံး ကဏန်းခြင်းမှာ အဖုံးအဖိမပါဖြစ်နေဦးမှာပဲ။ ဖြစ်ပစေလေ။

မဖြစ်စေချင်တာက မဆီမဆိုင် လူက ကဏန်းနဲ့သွားတူနေတာ။ သူတစ်ပါးလွတ်လပ်တာ၊ ကြီးပွားတိုးတတ် တာကို အောက်ဆွဲချချင်တဲ့ စိတ်ဓာတ်မျိုး၊ အမူအကျင့်မျိုးဟာ လူ့လောကမှာ မထားအပ်မထားရ၊ မလုပ် အပ်၊ မလုပ်ရဘူး။ အများသူငါ လွတ်လပ်မှု၊ ကြီးပွားတိုးတတ်မှုအတွက် မိမိအပါအ၀င် အများသူငါက
သာဓု ခေါ်နိုင်ရမယ်။ လှိုက်လှိုက်လှဲလှဲ လက်ခုပ်သြဘာတီးပြီး ကြိုဆိုနိုင်ရမယ်။ အဲဒါဟာ လူ့လောကမှာ လူတွေ ကျင့်ကြံနေထိုင်အပ်တဲ့ လူကျင့်တရား။

ကဏန်းလောကမှာ ကဏန်းကျင့်တရားနှင့်အညီ ကျင့်သုံးနေထိုင်ကြသလို လူ့လောကမှာလည်း လူကျင့် တရားနှင့်အညီ ကျင့်သုံးနေထိုင်တတ်ဖို့ ကြိုးစားကြရပေလိမ့်မယ်။ လူဖြစ်ပါလျက်နဲ့ ကဏန်းကိုအတုခိုးပြီး ကဏန်းအချိုးမျိုးတော့ မချိုးမိစေနဲ့။ မတော်လို့ လူရင့်မာကြီးက အဖုံးမပါတဲ့ ကဏန်းခြင်းထဲ ကားရား ကျပြီး ပြန်ဖက်တတ်လို့မရ ဖြစ်နေရင် မခက်ပေဘူးလား။

ဆရာမြင့်စိုးလှိုင်ရဲ့စကားနောက်တရားပါ စာအုပ်မှ ပြန်လည်မျှဝေလိုက်ပါတယ်။








Wednesday, June 12, 2013

(S) ငါးလုံး လှုပ်ရှားမှု



စက်ရုံတိုင်းတွင် တိုးတတ်အောင်မြင်စေရေးအတွက် လိုက်နာသင့်သော (S) ငါးလုံး လှုပ်ရှားမှု  

ဂျပန်နိုင်ငံသည် ကမ္ဘာပေါ်တွင် စက်မှုလက်မှု တီထွင်ကြံဆမှုနှင့် စီးပွားရေးတွင် ကမ္ဘာ့ထိပ်တန်း သို့ ရောက်ရှိနေပြီးဖြစ်သော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ဂျပန်လူမျိုးများသည် အချင်းချင်းစည်းလုံးမှုရှိခြင်း၊ တစ်ဦးပေါ်တစ်ဦး အပြန်အလှန် လေးစားမှုရှိခြင်း၊ စည်းကမ်းကို ရိုသေလိုက်နာလေးစားခြင်း၊ အစုအဖွဲ့လိုက် တာဝန်ယူမှုရှိခြင်းစသည့် ထူးခြားသော စရိုက်လက္ခဏာများ ရှိကြပါသည်။ ယခု ရှင်းလင်းတင်ပြသွား မည်ဖြစ်သော အက်(စ်)ငါးလုံးလှုပ်ရှားမှုသည် ဂျပန်နိုင်ငံမှ စတင်ခဲ့၍ ယခုအခါဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု များရှိသော တရုတ်နိုင်ငံ၊ ယိုးဒယားနိုင်ငံ၊ မလေးရှားနိုင်ငံ စသည်များနှင့် ကမ္ဘာအ၀ှမ်းတွင် ကျင့်ဆောင် အသုံးပြုလျက်ရှိကြပါသည်။ အက်(စ်)ငါးလုံး ဆိုသည်မှာ ဂျပန်ဘာသာ စကားလုံးများကို အင်္ဂလိပ်စကားလုံး များဖြင့်ရေးရာတွင် စကားလုံး၏ ထိပ်ဆုံးအင်္ဂလိပ်စာလုံးများမှာ အက်(စ်)များ ဖြစ်နေခြင်းကြောင့် အတိုကောက် အက်(စ်)ငါးလုံးဟု ခေါ်တွင်ခြင်းဖြစ်ပါသည်။ 

SEIRI, SEITON, SEISO, SEIKETSU, SHITSUKE.
တစ်ခုခြင်းအားဖြင့် အဓိပ္ပာယ် အတိုချုံးရှင်းပြပါမည်။ 

(1) SEIRI= SORTING OUT, စိစစ်ရွေးချယ် စွန့်ပစ်ခြင်း။ 
လုပ်ငန်းခွင်တွင် မလိုအပ်သော ပစ္စည်းအမယ်များအား ရွေးချယ်၍ စွန့်ပစ်ခြင်း။  
(2) SEITON= SYSTEMTIC, စနစ်တကျ စီစဉ်ထားရှိခြင်း။ 
လုပ်ငန်းခွင်တွင် လိုအပ်မည့်ကရိယာ တန်ဆာပလာများအား စနစ်တကျ အစီအရီထားရှိခြင်း။ (လိုအပ်လျင်လိုအပ်သလို အလွယ်တကူ ကောက်ယူအသုံးပြုနိုင်ရန်) 
(3) SEISO=SPICK and SPAN, သန့်ရှင်းသပ်ရပ်ခြင်း။ 
လုပ်ငန်းခွင်နေရာတွင် ဖုန်အမှိုက်သရိုက်များ အမြဲတစေ မရှိနေစေရန် အစဉ်အမြဲ သန့်ရှင်းစင်ကြယ်စေရန် လုပ်ဆောင်ထားခြင်း။ 
(4) SEIKETSU= SERENE, တည်ငြိမ်ကြည်လင်ခြင်း။ 
အထက်ပါ SEIRI,SEITON,SEISO အစဉ်အမြဲ ဂရုတစိုက်ပြုလုပ်ပါက လုပ်ငန်းခွင် ပတ်ဝန်းကျင်သည် တည်ငြိမ်ကြည်လင်သော ပတ်ဝန်းကျင်ဖြစ်လာပါမည်။ ထိုအခါ မိမိအလုပ်အား မြင့်မားသောစံနှုန်းများ   ရောက်ရှိစေ၍ အထောက်အကူပြုမည် ဖြစ်ပါသည်။ 
(5)SHITSUKE=STICK TO SELF, ပြုစု၊ ပျိုးထောင်၊ ဆုံးမခြင်း။ 
လုပ်ငန်းခွင်အတွင်းချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများအား လုပ်သားအားလုံးမှ ကောင်းစွာလိုက်နာ ကျင့်သုံးစေရန် ပြုစုပျိုးထောင်ခြင်း၊ တို့မှတဆင့် လုပ်သားအားလုံးမှ အလိုအလျှောက် လိုက်နာဆောင်ရွက် လာခြင်း။ အကျိုးကျေးဇူးများ။ 

 (၁)သန့်ရှင်းသပ်ရပ်ကြည်သာ အေးငြိမ်းမှုရှိသည့် လုပ်ငန်းခွင်သည် ၎င်း၏အကျိုးဆက်အဖြစ် အလုပ်သမား များ၏ စိတ်ဓာတ်ရေးရာ မြင့်မားတိုးတတ်မှုကို ဖြစ်စေခြင်း။ (၂)သန့်ရှင်းသပ်ရပ်ကြည်သာ အေးငြိမ်းမှုရှိသည့် လုပ်ငန်းခွင်သည် ၎င်း၏ အကျိုးဆက်အဖြစ် လုပ်ငန်းခွင် အန္တရာယ်များ အားလုံးမှ ကင်းရှင်းစေနိုင်ခြင်း။
(၃)သန့်ရှင်းသပ်ရပ်ကြည်သာ အေးငြိမ်းမှုရှိသည့် လုပ်ငန်းခွင်သည် ၎င်း၏ အကျိုးဆက်အဖြစ် ကုန်ကြမ်း၊ ကုန်ချော စသည့်ပစ္စည်းအမျိုးမျိုးကို အချိန်မှီ ပေးပို့နိုင်စွမ်းရှိစေခြင်း။ (၄)သန့်ရှင်းသပ်ရပ်ကြည်သာ အေးငြိမ်းမှုရှိသည့် လုပ်ငန်းခွင်သည် ၎င်း၏ အကျိုးဆက်အဖြစ် ကုန်ထုတ်စွမ်း အား မြင့်မားတိုးတတ်မှုရှိစေခြင်း။ 
(၅)သန့်ရှင်းသပ်ရပ်ကြည်သာ အေးငြိမ်းမှုရှိသည့် လုပ်ငန်းခွင်သည် ၎င်း၏ အကျိုးဆက်အဖြစ် ကုန်ပစ္စည်းများ၊ ဆောင်ရွက်မှုများ၏ အရည်အသွေးတို့ကို မြင့်မားတိုးတတ်စေခြင်း။ (၆)သန့်ရှင်းသပ်ရပ်ကြည်သာ အေးငြိမ်းမှုရှိသည့် လုပ်ငန်းခွင်သည် ၎င်း၏ အကျိုးဆက်အဖြစ် ကုန်ကျစရိတ်များကို လျော့နည်းသက်သာစေခြင်း။ 
(၇) ၎င်းအပြင်အခြားသော အကျိုးကျေးဇူးများကိုလည်း ဖြစ်ထွန်းစေနိုင်ပါသည်။ 

(ဒေါက်တာဝင်းမြင့်၏ ဆောင်းပါးအား မှီငြမ်းပါသည်။) 



 


Sunday, August 12, 2012

ပွင့်လင်းသောလူငယ်ဘဝ


လူ့သဘာဝအရပဲ ဆိုပါရစေ။ ပတ်ဝန်းကျင်နဲ့ကင်းလို့မရတာမို့ ပေါင်းသင်းဆက်ဆံရေးမှာ အဆင်ပြေခြင်း၊ အဆင်မပြေခြင်းစတာတွေကို ကြုံဆုံကြရပါတယ်။ သူများတကာအပေါ် ကိုယ့်ရဲ့ပြုမူဆက်ဆံပုံဟာ ပတ်ဝန်း ကျင်ရဲ့ ကိုယ့်အပေါ်တုံ့ပြန်ဆက်ဆံပုံတွေဟာ တစ်ထပ်တည်းကျတယ်လို့ မဆိုသာပါဘူး။ 

တစ်ခါတစ်ရံ မှာတော့ ကိုယ့်အပေါင်းအသင်းတွေ၊ အိမ်နီးချင်းတွေနဲ့ မိသားစုဝင်တွေအပေါ်မှာ မာနကြောင့် ရိုင်းပျတာ ၊မောက်မာတာမျိုး ရှိတတ်တယ်။ ဒါကိုလည်း သတိထားမိချင်မှထားမိမယ်။ ဒါပေမယ့် သူများတကာက ကိုယ့်အပေါ်အဆင်မပြေတဲ့ ဆက်ဆံမှုတွေကိုတော့ ဒေါသတကြီး ဖြစ်မိတတ်ရော။ ကိုယ်နှင့်ဆက်ဆံသူတိုင်းဟာ ယဉ်ကျေးသိမ်မွေ့မှုမရှိကြဘူး။ ကိုယ်တိုင်ကတော့ အပြစ်ကင်းတယ်လို့ ယုံကြည်နေတတ်တာဟာ တကယ်တော့ အန္တရာယ်ရှိတယ်လို့ ဆိုရမယ်။ အမှန်တော့ ကိုယ့်ရဲ့ စိတ်ရင်းအမှန် ကို မကြာခဏဆိုသလို ဆန်းစစ်ကြည့်သင့်တယ်။ 

 နေ့စဉ်ဘ၀ကြုံဆုံရတဲ့ လူတွေဟာ စရိုက်အမျိုးမျိုး၊ စိတ်ထားအမျိုးမျိုး၊ ရှိကြသူတွေပါပဲ။ ကိုယ်ဟာအတ္တ ကြီးမားသူဆိုရင်တော့ ဆက်ဆံရေးမှာ အဆင်မပြေဖြစ်ဖို့ကတော့ သေချာသလောက်ဖြစ်မယ်။ ဘာဖြစ်လို့ လည်းဆိုတော့ ကိုယ့်ဆန္ဒကိုပဲ ဦးစားပေးပြီး သူများတကာကို လုံးဝထည့်မစဉ်းစားလို့ပဲပေါ့။ နောက်ပြီး ကိုယ့်အယူအဆဟာ အမြဲတမ်းမှန်တယ်လို့ ယုံကြည်ထားတယ်။ ကိုယ့်အပေါ်နှစ်လိုပုံ မပြတဲ့သူကိုလည်း လစ်လျူရှုထားတယ်။ အဲဒီသူနဲ့အဆင်ပြေအောင် ပြောဆိုဆက်ဆံဖို့ မကြိုးစားသလို ညှိနှိုင်းဖို့လည်း စိတ်ကူးမရှိဘူး။ တချို့ရှိတယ်။ သူတို့ကို ပတ်ဝန်းကျင်က ခင်ခင်မင်မင်ရှိတယ်ဆိုရင် သူတို့ပြောသမျှ စကားအောင်ပြီး သူတို့ပြောဆိုသမျှ ငြင်းပယ်နိုင်မယ့်သူ မရှိဘူးလို့ ယုံကြည်ထားရော။ ပတ်ဝန်းကျင်ဆိုတာ ကို အလေးအနက်ထည့် မစဉ်းစားချင်တော့ဘူး။ အချိန်မရွေးလှည့်ပတ်ပြောဆိုလို့ ရနိုင်တာပဲလို့လည်း ထင်ထားတယ်။ ဆိုပါစို့။ 

အဲဒီလိုလူစားမျိုးမှာ အခက်အခဲတစ်စုံတစ်ရာကြုံလာခဲ့ရင် ပတ်ဝန်းကျင်ကို အရေးတကြီး အကူအညီတောင်း ဖို့ ၀န်မလေးဘူး။ ဒါပေမယ့် သူနဲ့ရင်းနှီးခင်မင်သူ တစ်စုံတစ်ဦးမှာ အခက်အခဲကြုံလို့ အကူအညီတောင်းလာ ခဲ့ရင်တော့ မသိကျိုးကျွန်ပြုနေတတ်တယ်။ အကူအညီပေးဖို့လေးဖင့်နေတယ်။ ရှိသေးတယ်။ သူနဲ့အဆင် မပြေတဲ့ အပေါင်းအသင်းမိတ်ဆွေအကြောင်း၊ အိမ်နီးချင်းနဲ့မိသားစုဝင်တွေ အကြောင်းကို မထိမ်မချန် ဘဲ လျှောက်ပြောတတ်ပြန်ရော။ တကယ်တော့ စိတ်ရင်းကောင်းပြီး ညှာတာထောက်ထားတတ် သူတိုင်းဟာ သူများနဲ့ ညှိညှိနှိုင်းနှိုင်း ဆောင်ရွက်လေ့ရှိတယ်။ ပြစ်တင်ရှုတ်ချတာကို မလိုလားဘူး။ တစ်စုံ တစ်ယောက်က သူ့ကိုနှစ်လိုဟန်မပြဘူးဆိုရင် အလျင်စလိုဒေါသမထွက်ဘဲ ဘာကြောင့် ဖြစ်ရပါလိမ့်ဆိုတဲ့ အတွေးနှင့်ပြန်ပြီး ဆင်ခြင်ဆန်းစစ်တယ်။ အဲဒီနောက်ကိုယ်တိုင်က မှားယွင်းနေတာဆိုရင် ချက်ချင်းပြန်ပြင်လိုက်တယ်။ 

တစ်ဖက်သားရဲ့လွဲမှားမှုမျိုးဆိုရင် သူ့အပေါ်သူ့အပေါ် သဘောထားအမြင်ပြောင်းပြီး မြင်လိုက်တယ်။ စိတ်ရင်းကောင်းသူဟာ သူ့အပေါ်ခင်မင်ရင်းနှီးသူတွေနဲ့ အခင်မင်ပျက်စေမယ့် အရာမှန်သမျှ အတတ်နိုင် ဆုံးရှောင်တယ်။ သတိလည်းထားတယ်။ သူဟာဘ၀မှာအောင်မြင်လာတဲ့ အခါမှာလည်း မောက်မာလေ့မရှိ ဘူး။ နှိမ့်ချပြီးဆက်ဆံတတ်တယ်။ သူ့အနေနဲ့ အရောတ၀င်ခင်မင်လိုစိတ်မရှိသူ တစ်ယောက်က သူ့ကိုရင်းနှီး ခင်မင်နေမယ်ဆိုရင်တော့ သနားစိတ်နဲ့ တုံ့ပြန် ခင်မင်နိုင်အောင် ကြိုးစားမှာတော့ အသေအချာပါပဲ။ ဆိုပါစို့။ 

တစ်ခါတစ်ရံမှာ သူ့အတွက်အခက်အခဲတစ်ခုခုကြုံရမယ်။ ကျန်းမာရေးချို့ယွင်းမယ်ဆိုရင် ကိုယ်တိုင်ဖြေ ရှင်းနိုင်အောင် ကြိုးစားမယ်။ သူ့အတွက်နဲ့ သူများမှာ ၀န်ပိသွားမှာကိုတော့ အရမ်းစိုးရိမ်တတ်ပါတယ်။ ဒါပေမယ့်လည်း စိတ်ရင်းစေတနာကောင်းမွန်သူဟာ သူပြုခဲ့တဲ့ လူမှုအကျိုးပြုစိတ်ဓာတ်ကြောင့် အခက်အခဲ ကြုံကြိုက်တဲ့အခါ လှိုက်လှိုက်လှဲလှဲ ကူညီပေးမယ့်သူ မရှားပါဘူးဆိုတာ လက်တွေ့ကြုံဆုံလာရပါလိမ့်မယ်။ ကျယ်ဝန်းလှတဲ့ ပေါင်းသင်းဆက်ဆံရေးနယ်ပယ်ထဲမှာ စိတ်ရင်းစေတနာကောင်းသူတွေအတွက် အဆင်ပြေ ချောမွေ့နိုင်ပါတယ် ဆိုတဲ့အကြောင်း………..။
 (ရန်)
 

Saturday, October 15, 2011

ကိုယ့်ကိုကိုယ် အသက်ကြီးလှပြီထင်ပါသလား။

ငါအသက်ကြီးလာပြီ။ ငယ်တဲ့သူတွေနဲ့မယှဉ်နိုင်တော့ဘူးဟု စိတ်ပျက်နေပါသလား။ ပြေးလွှားခုန်ပေါက် သည့် နေရာများတွင်တော့ ဟုတ်မည်ပေါ့။ အသက်အရွယ်ရလာ ဥာဏ်အမြော်အမြင် ပြည့်စုံလာတော့မှ ပို၍ပေါက်မြောက်အောင်မြင်နိုင်သောအရာများစွာ ရှိပါသည်။ အောက်ပါပုဂ္ဂိုလ်များ၏ စွမ်းဆောင်ချက်များကို ကြည့်ပါ။

၁။ အသက်၈၀မှာ ရုပ်ရှင်မင်းသားကြီး ဂျော့ခ်ျဗန်း(စ)သည် The Sunshine Boys ဇာတ်ကားတွင် ထူးချွန်စွာ သရုပ်ဆောင်နိုင်သဖြင့် အကယ်ဒမီဆု ရရှိခဲ့သည်။

၂။ အသက်၈၃နှစ်မှာ ယိုဟန်းဂါးထာသည် Faustပဇာတ်ကြီးကို အပြီးသတ် ရေးသား ခဲ့သည်။

၃။ အသက်၈၇နှစ်မှာ ကွန်းရက်အက်ဒီနောဝါးသည် ဂျာမနီဝန်ကြီးချုပ် အဖြစ်တာဝန်ထမ်းဆောင်လျှက်ရှိ သည်။

၎။ အသက်၈၈နှစ်မှာ ကိုကိုရှနဲလ်သည် ဖက်ရှင်ဒီဇိုင်းလုပ်ငန်းကြီး၏ အကြီးအကဲအဖြစ် ဆောင်ရွက်နေခဲ့ သည်။

၅။ အသက်၈၉နှစ်မှာ အယ်လဘတ်ရွှိုက်ဇာသည် အာဖရိက၌ ဆေးရုံကြီးတစ်ရုံကို ကြီးကြပ်ကွပ်ကဲလျက် ရှိသည်။

၆။ အသက်၈၉နှစ်မှာ မေရီဘေကာအက်ဒီသည် ဘုရားရှိခိုးကျောင်းကြီးတစ်ခုကို ဦးဆောင်ကွပ်ကဲလျက်ရှိ သည်။

၇။ အသက်၉၁နှစ်မှာ အီမွန်ဒီဗလဲရားသည် အိုင်ယာလန်နိုင်ငံ သမ္မတအဖြစ် ဆောင်ရွက်ခဲ့သည်။

၈။ အသက်၉၂နှစ်မှာ စာရေးဆရာကြီး ဂျော့ခ်ျဘားနဒ်ရှောသည် Farfetched Fables ပြဇာတ်ကိုရေးသားခဲ့ သည်။

၉။ အသက်၉၄နှစ်မှာ တွေးခေါ်ရှင်ကြီး ဘာထရန်ရပ်ဆယ်သည် ကမ္ဘာ့ငြိမ်းချမ်းရေးကိစ္စများကို တတ်ကြွစွာ ဆောင်ရွက်လျက်ရှိသည်။

၁၀။ အသက်၁၀၀မှာ ဘွားဘွားမိုးဇက်သည် ပန်းချီကားများ ရေးဆွဲလျက်ရှိသည်။



ဆရာကြီးဖေမြင့်၏ “နှလုံးသားအာဟာရ ရသစာများ”မှ ထုတ်နှုတ်ရေးသားပါသည်။










ပလုံ



ဆရာတာရာမင်းဝေရဲ့ နောက်ဆုံးရေးခဲ့တဲ့ကဗျာနဲ့လက်ရေးမူရင်းလေးပါ။
အမှတ်တရပါ။



Wednesday, October 5, 2011

အင်တာနက်သုံးရင်းဝင်ငွေရှာနိုင်ပြီ။

အင်တာနက်သုံးရင်း အပျင်းလည်းပြေ ပိုက်ဆံလည်းရှာချင်တယ်ဆိုရင်တော့ ကြော်ငြာဆိုက်တစ်ခုကို ညွှန်းလိုက်ပါရစေ။

ဒီဆိုက်မှာ Register လုပ်ပြီးရင် ကြော်ငြာ ၂၅ခုကို တစ်ခုချင်းကြည့်ရမှာ။

New Tab နဲ့ကြော်ငြာတွေအားလုံးကို အပြိုင်ခေါ်ကြည့်လို့ရမှာတော့ မဟုတ်ပါဘူး။

ကြော်ငြာတစ်ခုကို လိုင်းကောင်းရင် တစ်စက္ကန့်ပဲကြာပြီး ကြော်ငြာတစ်ခုကို ဒေါ်လာတစ်ဆင့်နှုန်းပေးပါတယ်။
၂၅ခုလုံးကြည့်ရင်တော့ ၃၄ဆင့်တောင်ပေးပါတယ်။

အကောင့်တစ်ခုဟာ တစ်ရက်ကိုတစ်ကြိမ်ပဲ ကြည့်ရှုခွင့်ရှိပါတယ်။

ဒါပေမဲ့ အကောင့်တွေအများကြီးကို ဘဏ်စာရင်းတစ်ခုထဲ ထည့်ပေးထားမယ်ဆိုရင်တော့ အကောင့်ဖွင့်ထား သလောက် ၀င်ငွေရှာနိုင်မှာ ဖြစ်ပါတယ်။

အင်တာနက်တပ်ထားပြီး တစ်နေကုန်အားနေရင်တော့ တစ်နေ့ကို ခုနှစ်ဒေါ်လာလောက်အထိ ရနိုင်မှာဖြစ်ပါ တယ်။

အကယ်၍ ဒုတိယအကောင့်ကို ဖွင့်တဲ့အခါမှာ ပထမအကောင့်က Refer လုပ်တဲ့အကြောင်း ဖြည့်ပေးမယ် ဆိုရင်ဒုတိယလူကြည့်တဲ့အတွက် ပထမအကောင့်က ကော်မရှင်ရဦးမှာ ဖြစ်ပါတယ်။

အကောင့်တွေပွားရင်ပွားထားသလောက် ကိုယ်က ကော်မရှင်ရနေဦးမှာပါ။

နောက်ပြီး နေ့တိုင်း ကြည့်တဲ့သူက အကောင့်တစ်ခုအတွင် တစ်ခုကို တစ်ဆင့်နှုန်းနဲ့ အကောင့်နှစ်ဆယ်ပွား ထားရင် နှစ်ဒေါ်လာ ကော်မရှင် ပေးရပါဦးမယ်။

တစ်ပတ်ဆက်တိုက်ကြည့်ရင် ၁၄ဒေါ်လာနဲ့ ၇၀ဆင့် စုစုပေါင်းတစ်လကို ၆၃ ဒေါ်လာလောက် ရနိုင်မယ့် အခွင့်အရေးရှိပါတယ်။

အရေးကြီးတာကတော့ အွန်လိုင်းဘဏ် အကောင့်တစ်ခုရှိရပါမယ်။

Alert Pay, Pay Pal ကြိုက်နှစ်သက်ရာ ဘဏ်အကောင့်တစ်ခုကိုပေးလိုက်ပါ။

ဒေါ်လာငါးဆယ်ပြည့်မှ ထုတ်ယူခွင့်ပြုပါတယ်။

ကိုယ့်နိုင်ငံမှာ အွန်လိုင်းဘဏ်စနစ်မရှိလို့ ထူးခြားမှာ မဟုတ်ဘူးလို့တော့ မထင်လိုက်ပါနဲ့။

အင်တာနက်ပေါ်ကနေ အခကြေးငွေနဲ့ ဆွဲယူရမယ့်ဆော့ဖ်ဝဲတွေ စာအုပ်တွေနဲ့ သီချင်းတွေကို ဒီကရှာထားတဲ့ ပိုက်ဆံတွေနဲ့ ရှင်းပေးလို့ရမှာ ဖြစ်ပါတယ်။

အောက်ပါလင့်ခ်မှာ သွားပြီး Register လုပ်ပြီးတာနဲ့ ၀င်ကြည့်လို့ရပါပြီ။

http://bux.to/ ပါ။













Tuesday, September 27, 2011

လျှောက်.....လျှောက်......ဆက်လျှောက်။




ကမ်းခြေတစ်ခုရဲ့ သောင်စပ်ကို ဆင်းလျှောက်လာခဲ့တယ်။ ကိုယ့်ကို အမြဲလိုလို စီးလိုက်နေတယ်လို့ ထင်ရတဲ့ ဖိနပ်ကိုချွတ်ကိုင်ရင်း လှိုင်းတွေပြန်လှည့်ဆင်းသွားတဲ့ သဲသောင်စပ်အတိုင်း လျှောက်တယ်။ နင်းလျှောက်မိ တဲ့ သဲကလေးတွေက နူးညံ့ပါတယ်။ ညက်ညောပါတယ်။ ပြန်တတ်လာတဲ့ လှိုင်းကလေးတွေနဲ့ ခြေအချနဲ့ ထိတွေ့တော့လည်း အေးမြပါတယ်။

လှိုင်းကလေးတွေလာပြီး ခတ်ပေမယ့် သဲသောင်ယံက ဘာမှဖြစ်ပုံမပေါ်ပါဘူး။ လှိုင်းကလေးတွေ လာခတ် တာက သိမ်မွေ့နေလို့ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် သိတယ်ဟုတ်၊ ဘဝ ခရီးတစ်နေရာရာမှာ ရင်ထဲမှာ သမုဒယ လှိုင်းလေးတွေ ထိခတ်လာပြီဆိုရင် အဲဒီသမုဒယ လှိုင်းလေးတွေက နုနုလှလှ၊ ယုယုယယ ရှိတယ်လို့ ထင်ရပေမယ့် ဘဝတစ်ခုလုံးပြိုဆင်း ကြေမွသွားနိုင်တယ်။ ဆိုတဲ့ စကားလေးကို အမှတ်ရပြန်ပါတယ်။

သူ့ကိုခတ်တဲ့လှိုင်းက သမုဒယလှိုင်း………တခြားသူတွေကို ခတ်တဲ့လှိုင်းတွေကတော့ အလိုလောဘ လှိုင်းတွေ၊ ဒေါသအာဃာတ လှိုင်းတွေနဲ့ အမျိုးအမည်ခြားနားတဲ့ လှိုင်းတွေ…...အထိအခတ်ပြင်းတဲ့ လှိုင်းမျိုး 
တွေဖြစ်မှာပေါ့။ ဖြစ်ချင်ဖြစ်မှာပေါ့။

လျှောက်ရင်း လျှောက်ရင်း အနောက်ကို အမှတ်မထင် လှည့်ကြည့်လိုက်မိတယ်။ ထိတ်ခနဲ ဖြစ်သွားတယ်။ ရင်ထဲမှာ လှိုင်းတွေ တဖျက်ဖျက်ခတ်နေသလို ခံစားလိုက်ရတာတော့ အမှန်ပဲ။ လျှောက်နင်းခဲ့တဲ့ ငါ့ခြေရာ.....
တွေ တစ်ခုမှ မရှိတော့ပါလား။

လျှောက်ခဲ့တာ အဝေးကြီး….အဝးကြီးလျှောက်လာခဲ့တာ။ ဆိုတဲ့ အတွေးနဲ့ လျှောက်ခဲ့တဲ့ ငါ့ဘဝခရီးက အဝေးကြီး၊ ဒီဘဝခရီးရှည်ကြီးထဲမှာ ငါ့အတွက် အမှတ်ထင်တင် မည်မည်ရရဆိုလို့ ဘာမှလဲမရှိပါလားဆိုတဲ့ အတွေးတွေပေါင်းဆုံလိုက်လို့ အထိတ်တလန့် ဖြစ်သွားခဲ့တာ၊ ရင်ထဲမှာ လှိုင်းခတ်သလို ခံစားလိုက်ရတာ ဟုတ်ပါတယ် ပြန်လှည့်ပြီးတတ်လာတဲ့ ရေလှိုင်းတွေက လျှောက်နင်းခဲ့တဲ့ကိုယ့်ခြေရာတွေကို ပျောက်ပျောက်

ကုန်အောင် ဖျက်ဖျက်သွားခဲ့ကြတာကိုး။ 

ဒါပေမယ့် ခြေရာတွေပျက်သွား၊ ပျောက်သွားပေမယ့် လျှောက်တဲ့အထိတော့ ရောက်တာပဲ။ လျှောက်ရင်တော့
လျှောက်နိုင်သလောက် ရောက်တာပါပဲ၊ ဖိနပ်က အခုမှကိုယ့်ကို တကယ်ခိုစီးပြီး ပါလာတာကိုလည်း သတိထားမိတယ်။ ဒီတစ်ခါတော့ ကိုယ့်ကိုယ်ကို ပြန်ပြီးပြောရတယ်။ ခြေရာမထင်ခဲ့တာတွေကို ပြန်ကြည့်ပြီး လွမ်းမောရင်း ရပ်မနေနဲ့။ တွေဝေမနေနဲ့။ လျှောက်ရမည့် နေရာဆီကို “လျှောက်…ဆက်လျှောက်” လို့။

ရှေ့ကို လှမ်းကြည့်လိုက်တော့ ပန်းတိုင်ဆိုတဲ့ ရောင်ခြည်လေးကို ပြပြလေးမြင်နေရပြီ…။ ကဲ…လျှောက်…ဆက်လျှောက်လို့ ကိုယ့် ဘာသာပဲ အားပေးမိပါတယ်…။
----------------------------------------------------------------------------------------------------------------
ဘ၀ခရီးကိုလျှောက်လှမ်းကြတဲ့အခါမှာလည်း မှားခဲ့ဖူးတဲ့အမှားတွေကို ပြန်မမှားစေဖို့ သင်ခန်းစာယူပြီး ရှေ့ ဆက်လျှောက်လှမ်းရမယ့် အနာဂတ်ခရီးလမ်းကို  တည့်တည့်ဆက်လျှောက်ကြပါစို့လို့......။

 


source: ဆရာကြီးနန္ဒသိန်းဇံ စာအုပ်မှ 


 မစိုး