Friday, September 30, 2011

ကျွန်မတွေးမိသမျှ


“ဘဝအတွေ့အကြုံများအောင် ဘယ်လိုလုပ်ရမလဲ”ဆိုတဲ့ မေးခွန်းကို ကျွန်မဘာသာမေးပြီး ကိုယ့်ဖာသာပဲ ဒီလိုပြန်ဖြေကြည့်မိတယ်။။

ရှေးရှေးတုန်း       လူတွေဟာ သူတို့ရဲ့အမှားတွေကို စာအုပ်တွေထဲမှာ ရေးသားထားခဲ့ကြတယ်။ အမှန်တွေကို 
ရောပေါ့ အဲဒီလိုမျိုးတန်ဖိုးရှိတဲ့ ကိုယ့်ဘဝအတွက် အထောက်အကူပြုမယ့် စာအုပ်တွေကိုဖတ်ရင် ဘဝအသိ အမြင်တွေ ရင့်ကျက်လာနိုင်တာပေါ့။

ဒါကြောင့် စာများများဖတ်သင့်တယ်။ ဒါပေမယ့်တစ်ခုတော့ရှိတယ်။ စာပေမှာကိုယ်စိတ်ပျော်ရွှင်ဖို့ ဖတ်တဲ့ စာရယ်၊ ကိုယ့်ဘဝအသိဥာဏ် ရင့်ကျက်တိုးတတ်ဖို့ ဖတ်တဲ့စာရယ် (၂) မျိုးရှိတယ်။ စိတ်ပျော်ရွှင်ဖို့လည်း စာဖတ်ပါ။ အဲဒီလိုဖတ်တာထက် ကိုယ့်ဘဝအသိဥာဏ် ရင့်ကျက်တိုးတတ်ဖို့ကိုတော့ ဦးစားပေးဖတ် သင့်ပါတယ်။

အင်္ဂလိပ်ခေတ်က ထမင်းစားဖို့ တိုင်းတစ်ပါးသားကို မျက်နှာလို မျက်နှာရ လုပ်ကြလွန်းလို့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ပြောဖူးတယ်။ “ထမင်းတစ်လုတ်အတွက် ထင်းခုတ်စား လည်းရပါတယ်”တဲ့။ ကျွန်မရင်ထဲမှာ စွဲငြိသွားစေတဲ့ စကားလေးတစ်ခွန်းပါ။ ကိုယ်ရှင်သန်ဖို့အရေး အားနည်းသူကို ဖိနှိပ်၊ အားကြီးသူကို ဖော်လံဖားနဲ့ စတိုင်တော့ မထွားချင်ပါဘူး။ အားနည်းသူကိုကူညီ၊ အားကြီးသူကိုလေးစား ဘဝမှာခပ်ရိုးရိုးသမားပဲ ဖြစ်ချင်တယ်။ သူငယ်ချင်းတို့ရော ဘယ်လိုလူမျိုးဖြစ်ချင်သလဲ...........။

လူတစ်ယောက်ရဲ့ စိတ်ဓာတ်ဟာ အမြဲတမ်းလည်း တတ်မနေသလို အမြဲတမ်းလည်းကျမနေဘူး။ ကျွန်မကတော့ စိတ်ဓာတ်ကျတဲ့အချိန်ဆို စိတ်ဓာတ်ခွန်အားဖြစ်စေတဲ့ စာတွေဖတ်၊ လမ်းညွှန်မှုပေးနိုင်တဲ့ မိဘဆရာသမား၊ မိတ်ဆွေစစ်တွေဆီ လျှောက်သွားလိုက်တာပဲ။ သူတို့ဆီက အားပေးနှစ်သိမ့်မှုနှင့်အတူ အကြံဥာဏ်ကောင်းတွေ ရတတ်တယ်လေ။

လူ့လောကမှာ မိတ်ဆွေတွေကို ပေါင်းရမှာပဲ။ မိတ်ဆွေကိုပေါင်းတာ မိတ်ဆွေဆိုတဲ့စကားလုံး နောက်က “ကောင်း” ဆိုတဲ့ စကားပါဖို့အရေးကြီးတယ်။ မိတ်ဆွေကောင်းဆိုတာ အိတ်တွေမဖောင်းလည်း ကိုယ့်ဘေး နားမှာရှိတဲ့ လူမျိုးကိုခေါ်တာ။ ဒါကြောင့်မိတ်ဆွေကောင်းနဲ့ပဲ တွေ့ဆုံချင်တယ်။ မနက်ဖြန်ဆိုတဲ့ အနာဂတ် ကာလကို ကိုယ်ကအသေအချာ မပိုင်ဆိုင်နိုင်တော့ ဘာမဟုတ်တဲ့ကိစ္စလေးတွေနဲ့ မိတ်ဆွေတွေရန်မဖြစ် ကြစေချင်ဘူး။ ကျွန်မကတော့ မိတ်ဆွေတွေကို တစ်ကယ်တန်ဖိုးထား ခင်မင်တတ်တယ်။

လူတိုင်းမှာ လက်ပက်နာရီတစ်လုံးစီ ရှိသင့်တယ်လို့ ကျွန်မထင်တယ်။ ဘဝမှာကိစ္စတော် တော်များများဟာ အချိန်နဲ့ အလုပ်လုပ်နေကြတာပါ။ နာရီမဝတ်တော့ အချိန်မသိဘူး။ အချိန်မသိတော့ အချိန်ကိုမလေးစား ဘူးပေါ့။ အချိန်ကို မလေးစားတဲ့သူဟာ ဘယ်တော့မှ မတိုးတတ်၊ မအောင်မြင်ဘူး။ လောကကြီးမှာ အလကားရတာကို အလကားပဲ အဖြစ်ခံလိုက်မယ်ဆိုရင် ညံ့ရာကျပါတယ်။ အချိန်ဆိုတဲ့ ကာလရထားက ဘယ်ဘူတာမှမရပ်ဘူး။ ရပ်ခိုင်းလို့လည်းမရဘူး။ “အချိန်နှင့်ဒီရေသည် လူကိုမစောင့်”တဲ့။ ဒီတော့ အချိန်ကိုသိ၊ အ ချိန်ကိုလေးစားပြီး ထိပ်ဆုံးကို ရောက်အောင်သွားလိုက်ပါ။

လောကမှာ ဘာပဲလုပ်လုပ် ကြိုတင်ပြင်ဆင်ထားရင် အမှားနည်းတာပေါ့။ ကဲ...ဒီတော့ သူငယ်ချင်းတို့လည်း ဘဝမှာပျော်ရွှင်ချမ်းမြေ့ပြီး အမှားနည်းချင်ရင် ကြိုတင်ပြင်ဆင်မှု လေးတွေ လုပ်ထားသင့်တယ်နော်။

ဘဝရဲ့လမ်းတွေဟာ ဘယ်တော့မှမဖြောင့်ဖြူးဘူး။ အခက်အခဲတွေ အတားအဆီးတွေက အနည်းနဲ့အများ ဆိုသလို ရှိနေကြတာပါပဲ။ အဲဒါကို စိတ်ပျက်ညည်းညူနေလို့တော့ မဖြစ်ဘူး။ ဇွဲရှိရှိနဲ့ ရင်ဆိုင်ကျော်ဖြတ် သွားရမှာပဲ။ အမှားပေါင်းတစ်ထောင် မှားဖူးရင် အမှန်ပေါင်း တစ်ထောင်သိသွားသလိုပါပဲ။ အဲ.... တစ်ခုတော့ သတိထား။ အမှားတစ်ခုထဲကိုပဲ ထပ်ခါထပ်ခါ မကျူးလွန်နဲ့နော်။

တစ်ခါတစ်ရံဘဝအတွက် အခွင့်အရေးကောင်းဆိုတာ စောင့်နိုင်၊အောင့်နိုင်မှ ရတယ်လေ လူတွေရဲ့ဖြစ်တည် မှု သဘာဝအရ တစ်ယောက်နဲ့တစ်ယောက် မတူညီတာတွေ ကွဲလွဲတာတွေရှိမှာပဲ။ အဲဒါတွေကို အပြစ်တင်ပြီး စိတ်နာမုန်းတီးရမယ်ဆိုရင် ချစ်ခြင်းမေတ္တာနဲ့ ပျော်ရွှင်ချိန်ဆိုတာ ဘယ်တော့ရှိတော့မှာလဲ။ စကားပုံတစ်ခုရှိ တယ်။ “ဆင်းရဲဒုက္ခက အိမ်ရှေ့ တံခါးကို လာခေါက်ရင် ချစ်ခြင်းက ပြတင်းပေါက်က ထွက်ပြေးသွားတယ်”တဲ့။ ဒါကြောင့် ဆင်းရဲဒုက္ခတွေများလာရင် လူအချင်းချင်း ချစ်ခင်မှုတွေက ထွက်ပြေးသွားလေရော့လားလို့တွေးမိ တယ်။

ဒါပေမယ့် တစ်ခါတစ်လေ ဖြစ်ချင်တာနဲ့ဖြစ်သင့်တာမှာ ဖြစ်သင့်တာကို ကြိတ်မှိတ်လုပ်ရတယ်။ ဒါမှဘဝတွေ က တိုးတတ်တောက်ပြောင်လာမှာပေါ့။ ဖြစ်ချင်တာကို ဖြစ်ခွင့်ရခဲ့ရင်တော့ ပိုပြီးတောက်ပြောင်လာ မှာ သေချာပါတယ်။

ခံစားရေးဖွဲ့သူ
 မစိုး

Wednesday, September 28, 2011

ဆန္ဒ၏သစ္စာ



ဆန္ဒ၏သစ္စာ

ကောင်းစေချင်တဲ့ဆန္ဒတစ်ခုဟာ
အဖြူရောင်ဖြစ်ရင်
ဖြစ်နေတဲ့စိတ်ဟာ အတ္တခေါ်မလား……။
ပျော်နေစေချင်တဲ့စိတ်က
နင့်အတွက် ငါ့အတ္တပါ…….။
ငါ့စိတ်ကူးတွေကတိမ်နဲ့တူပြီး
ငါ့သံယောဇဉ်တွေက ရေမြှုပ်ဖြစ်နေသလား……။
နင်ပြောခဲ့တဲ့စကားတွေ
နင်ရေးခဲ့တဲ့ကဗျာတွေ
ငါတို့အတူနားထောင်ခဲ့တဲ့ သီချင်းသံလေးများလည်း
လေထဲပျောက်ပျက်ခဲ့ပြီ……။
နောက်ထပ် ဘယ်နှစ်ည၊ဘယ်နှစ်ရက်၊ ဘယ်…………
ဟိုးအဝေးဆုံး သံသရာအစွန်းထိ
ငါတို့ဆုံမှတ်ရှိဦးမလား……။
လွမ်းတတ်တဲ့နှလုံးသားမှာ
ဒဏ်ရာအပိုကပ်ခဲ့ပြီမို့……
အိပ်မက်ဆုံချက်တွေ
ဘယ်နေရာမှာ သိမ်းဆည်းရမလဲ……..။
စကတည်းက အဆုံးသတ်မရတဲ့
သံယောဇဉ်တွေပဲလေ
တကယ်လို့များ အခက်အခဲတွေက
နင်ဆက်မယ့်လမ်းမှာ
ဆူးပန်းတွေလို ဝေနေပြီဆိုရင်
ငါ့ရင်ခွင်ကို သတိရပါ….။
ရာသီတွေလည်းပြောင်းနေတယ်။
ကမ္ဘာကလည်း လည်နေတယ်။
နာရီတွေ မရပ်တန့်သရွေ့
ငါကတော့…………။             ။



ခံစားရေးဖွဲ့သူ
 မစိုး


Tuesday, September 27, 2011

လျှောက်.....လျှောက်......ဆက်လျှောက်။




ကမ်းခြေတစ်ခုရဲ့ သောင်စပ်ကို ဆင်းလျှောက်လာခဲ့တယ်။ ကိုယ့်ကို အမြဲလိုလို စီးလိုက်နေတယ်လို့ ထင်ရတဲ့ ဖိနပ်ကိုချွတ်ကိုင်ရင်း လှိုင်းတွေပြန်လှည့်ဆင်းသွားတဲ့ သဲသောင်စပ်အတိုင်း လျှောက်တယ်။ နင်းလျှောက်မိ တဲ့ သဲကလေးတွေက နူးညံ့ပါတယ်။ ညက်ညောပါတယ်။ ပြန်တတ်လာတဲ့ လှိုင်းကလေးတွေနဲ့ ခြေအချနဲ့ ထိတွေ့တော့လည်း အေးမြပါတယ်။

လှိုင်းကလေးတွေလာပြီး ခတ်ပေမယ့် သဲသောင်ယံက ဘာမှဖြစ်ပုံမပေါ်ပါဘူး။ လှိုင်းကလေးတွေ လာခတ် တာက သိမ်မွေ့နေလို့ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် သိတယ်ဟုတ်၊ ဘဝ ခရီးတစ်နေရာရာမှာ ရင်ထဲမှာ သမုဒယ လှိုင်းလေးတွေ ထိခတ်လာပြီဆိုရင် အဲဒီသမုဒယ လှိုင်းလေးတွေက နုနုလှလှ၊ ယုယုယယ ရှိတယ်လို့ ထင်ရပေမယ့် ဘဝတစ်ခုလုံးပြိုဆင်း ကြေမွသွားနိုင်တယ်။ ဆိုတဲ့ စကားလေးကို အမှတ်ရပြန်ပါတယ်။

သူ့ကိုခတ်တဲ့လှိုင်းက သမုဒယလှိုင်း………တခြားသူတွေကို ခတ်တဲ့လှိုင်းတွေကတော့ အလိုလောဘ လှိုင်းတွေ၊ ဒေါသအာဃာတ လှိုင်းတွေနဲ့ အမျိုးအမည်ခြားနားတဲ့ လှိုင်းတွေ…...အထိအခတ်ပြင်းတဲ့ လှိုင်းမျိုး 
တွေဖြစ်မှာပေါ့။ ဖြစ်ချင်ဖြစ်မှာပေါ့။

လျှောက်ရင်း လျှောက်ရင်း အနောက်ကို အမှတ်မထင် လှည့်ကြည့်လိုက်မိတယ်။ ထိတ်ခနဲ ဖြစ်သွားတယ်။ ရင်ထဲမှာ လှိုင်းတွေ တဖျက်ဖျက်ခတ်နေသလို ခံစားလိုက်ရတာတော့ အမှန်ပဲ။ လျှောက်နင်းခဲ့တဲ့ ငါ့ခြေရာ.....
တွေ တစ်ခုမှ မရှိတော့ပါလား။

လျှောက်ခဲ့တာ အဝေးကြီး….အဝးကြီးလျှောက်လာခဲ့တာ။ ဆိုတဲ့ အတွေးနဲ့ လျှောက်ခဲ့တဲ့ ငါ့ဘဝခရီးက အဝေးကြီး၊ ဒီဘဝခရီးရှည်ကြီးထဲမှာ ငါ့အတွက် အမှတ်ထင်တင် မည်မည်ရရဆိုလို့ ဘာမှလဲမရှိပါလားဆိုတဲ့ အတွေးတွေပေါင်းဆုံလိုက်လို့ အထိတ်တလန့် ဖြစ်သွားခဲ့တာ၊ ရင်ထဲမှာ လှိုင်းခတ်သလို ခံစားလိုက်ရတာ ဟုတ်ပါတယ် ပြန်လှည့်ပြီးတတ်လာတဲ့ ရေလှိုင်းတွေက လျှောက်နင်းခဲ့တဲ့ကိုယ့်ခြေရာတွေကို ပျောက်ပျောက်

ကုန်အောင် ဖျက်ဖျက်သွားခဲ့ကြတာကိုး။ 

ဒါပေမယ့် ခြေရာတွေပျက်သွား၊ ပျောက်သွားပေမယ့် လျှောက်တဲ့အထိတော့ ရောက်တာပဲ။ လျှောက်ရင်တော့
လျှောက်နိုင်သလောက် ရောက်တာပါပဲ၊ ဖိနပ်က အခုမှကိုယ့်ကို တကယ်ခိုစီးပြီး ပါလာတာကိုလည်း သတိထားမိတယ်။ ဒီတစ်ခါတော့ ကိုယ့်ကိုယ်ကို ပြန်ပြီးပြောရတယ်။ ခြေရာမထင်ခဲ့တာတွေကို ပြန်ကြည့်ပြီး လွမ်းမောရင်း ရပ်မနေနဲ့။ တွေဝေမနေနဲ့။ လျှောက်ရမည့် နေရာဆီကို “လျှောက်…ဆက်လျှောက်” လို့။

ရှေ့ကို လှမ်းကြည့်လိုက်တော့ ပန်းတိုင်ဆိုတဲ့ ရောင်ခြည်လေးကို ပြပြလေးမြင်နေရပြီ…။ ကဲ…လျှောက်…ဆက်လျှောက်လို့ ကိုယ့် ဘာသာပဲ အားပေးမိပါတယ်…။
----------------------------------------------------------------------------------------------------------------
ဘ၀ခရီးကိုလျှောက်လှမ်းကြတဲ့အခါမှာလည်း မှားခဲ့ဖူးတဲ့အမှားတွေကို ပြန်မမှားစေဖို့ သင်ခန်းစာယူပြီး ရှေ့ ဆက်လျှောက်လှမ်းရမယ့် အနာဂတ်ခရီးလမ်းကို  တည့်တည့်ဆက်လျှောက်ကြပါစို့လို့......။

 


source: ဆရာကြီးနန္ဒသိန်းဇံ စာအုပ်မှ 


 မစိုး

Monday, September 26, 2011

ကျွန်မနှင့်အဖွားအို


အလုပ်သွား အလုပ်ပြန် ဒီတံတားလေးပေါ်က ကျွန်မဖြတ်သန်းသွားနေကြ။ တံတားလေးပေါ်မှာ အလှူခံနေတဲ့ အဖွားအိုတစ်ယောက်ကို နေ့စဉ်မြင်တွေ့နေရလို့ မျက်မှန်းတန်းမိတာကြာပြီ။ အလှူခံနေတဲ့ အဖွားကယောဂီ ၀တ်စုံလေးဝတ်ပြီး ညှိုးငယ်နွမ်းပါးတဲ့ မျက်လုံးလေးနဲ့ ဇရာရဲ့အထုအထောင်းကို အတော်ခံခဲ့ရပြီးပုံပေါ်တယ်။ တံတားရဲ့လှေကားအတတ်နားလေးမှာ အဖွားကိုမြင်နေကြ။ နေ့စဉ်တိုင်းလိုလို မိုးရွာရွာ၊ နေပူပူ အဖွားရှိတတ် တယ်။

နေ့စဉ်မြင်တွေ့လာတော့ အဖွားကိုသတိထားမိတဲ့အပြင် အဖွားရဲ့မျက်ဝန်းလေးတွေကို သနားမိတာကြောင့် ကျွန်မတတ်နိုင်သလောက်လေး အဖွားကို အမြဲလှူခဲ့တယ်။ မနက်အလုပ်သွားလို့ တံတားပေါ်အတတ်မှာ အဖွားကို မြင်တွေ့နေကြ၊ တစ်နေ့မှာတော့ အဖွားကို မမြင်ခဲ့မိဘူး။ ညနေအလုပ်ကပြန်တော့လည်း အဖွားကို မတွေ့ဘူး။ နေ့စဉ်မြင်တွေ့နေကြ မမြင်ရတော့ တံတားပေါ်အဖြတ်မှာ ရင်ထဲမှာဟာတာတာနဲ့ တစ်ခုခုလိုနေ သလိုလိုနဲ့ အိမ်ရောက်လေရာ အဖွားအကြောင်းက အတွေးထဲမှာ တ၀ဲလည်လည်။ အဖွားဘာဖြစ်နေလဲ အသက်ကြီးတော့ နေများမကောင်းဘူးလား။ အဖွားဘာဖြစ်နေလဲ။ သွားရင်းလာရင်းတစ်ခုခုဖြစ်နေလား။ အဖွားကိုပြုစုမယ့်သူရော ရှိရဲ့လား။ ဆိုတဲ့အတွေးစတွေနဲ့ .......

နောက်နေ့အလုပ်သွားတော့လည်း အဖွားအတွက် ပဲပလာတာလေး ၀ယ်ပြီးတံတားပေါ်အတတ် အဖွားကို မတွေ့ပြန်ဘူး။ ဘယ်တွေရောက်လို့ ဘာဖြစ်နေလဲအဖွားရယ်။ အဖွားကိုရှာရတာ အဖွားအကြောင်းတွေးရတာ နဲ့ စိတ်ထဲမှာ နေလို့မရခဲ့ဘူး။ ဒါဟာ မြင်ပါများလို့ ရလာတဲ့ သံယောဇဉ်။

ငါးရက်မြောက်နေ့မှာတော့ အဖွားကိုပြန်တွေ့ခဲ့တယ်။ အဖွားကိုမေးကြည့်မိတယ်။ အဖွားမျက်လုံးသွားခွဲတာ တဲ့။ သနားစရာအဖွားအို ပြုစုမယ့်သူမရှိ အသက်အရွယ်ကကြီးလာ နေထိုင်စားသောက်ဖို့တစ်ဝမ်းတစ်ခါး အတွက် အလှူခံနေရတာကို မြင်ရတော့ မျက်ရည်လည်တဲ့အထိ ရင်နင့်အောင် ခံစားမိတယ်။ ကျွန်မတတ်နိုင် သလောက်လေး အဖွားကိုဒါနပြုခဲ့တယ်။

လူဆိုတာ မြင်ပါများလာရင် သံယောဇဉ်ဆိုတာ ဖြစ်လာတတ်တာကို ကျွန်မခံစားမိသလိုရေးမိတယ်။ လူတွေ မှာထားခဲ့မိတဲ့ သံယောဇဉ်တစ်ခုကြောင့် စိတ်ပူမိတာတွေ သောကလေးတွေ ရလာတတ်တယ်။ ဆွေမျိုးသား ချင်းမဟုတ်ပေမယ့်လည်း ကိုယ်ချင်းစာသနားမိစိတ်လေးကြောင့်လည်း သနားလို့ သံယောဇဉ်ဖြစ်မိတယ်။ ကျွန်မကိုယ်တိုင်လည်း ဘ၀ကိုရုန်းကန်နေရသူမို့ အဖွားကို လှူဒါန်းဖို့ အများကြီးမတတ်နိုင်ခဲ့ဘူး။ ဒါပေမယ့် ကျွန်မတတ်နိုင်သလောက် အဖွားကို လှူခဲ့တယ်။ အဖွားနဲ့ ကျွန်မအကြားမှာ မမြင်ရ၊မကြားရတဲ့ သံယောဇဉ် ပါးပါးလေးရှိတယ်။ အဖွားကိုမမြင်မိရင် ကျွန်မရှာတတ်သလို ကျွန်မကိုမတွေ့ခဲ့ရင်လည်း အဖွားကမေးတတ်ပြီ အဖွားလိုမျိုး အသက်အရွယ်ကြီးလာချိန်မှာ ပြုစုသူမဲ့လို့၊ ခိုကိုးရာမဲ့လို့ အလှူခံစားနေရတဲ့သူတွေ ဘယ်လောက်များ ရှိသလဲ။ ဆိုတဲ့ အတွေးစများစွာနှင့်အတူ............


ခံစားရေးဖွဲ့သူ
 မစိုး

Wednesday, September 21, 2011

ထာဝရ



ထာဝရ

ထာဝရဆိုတော့လည်း
မကြာခဏလွမ်းမိတယ်….။
ချစ်သူနဲ့ကွဲ ဆင်းရဲတွေ
မုန်းသူနဲ့တွဲ ဆင်းရဲတွေ
မကြုံချင်ကြတာ လူ့သဘာဝပါ…။
ထာဝရဆိုတဲ့ အကန့်အသတ်ဟာ
သံသရာကို mm နဲ့တိုင်းပြီး
ချစ်လိုက်တဲ့အချစ်မျိုးကို ဆိုလိုတာပါ…။
ချစ်တာမှာ သစ္စာမပါရင်
မေတ္တာဟာအလကားဆိုတဲ့ စကား
သတိရစရာပါပဲ…။
ချစ်သူကို ချစ်နေရခြင်းဟာ
ဘဒၵကမ ၻာရဲ့ ဒုလႅဘတရား 
တစ်ခုလည်းဖြစ်တယ်…။

ခံစားရေးဖွဲ့သူ
မစိုး

Tuesday, September 20, 2011

မျက်ရည်များနဲ့သရုပ်ဆောင်




မျက်ရည်များနဲ့သရုပ်ဆောင်


အပူချိန်တွေမြင့်တတ်လာတယ်။

ကမ္ဘာကြီးပူနွေးလာခြင်းနှင့်အတူ
ကျမနှလုံးသားဟာလည်း ပူနွေးလာခဲ့ပါတယ်။
ခံစားချက်တွေကို မျက်ရည်စီးကြောင်းအဖြစ်
ပြောင်းလဲစီးဆင်းစေခဲ့စဉ်မှာပဲ
သူတို့ဟာချောင်းတခုဖြစ်သွားတယ်။
ပူလောင်တဲ့ နှလုံးသားကွင်းပြင်ကိုဖြတ်တော့
မျက်ရည်တို့အငွေ့ပျံ
ကောင်းကင်ကို ဆန်တတ်သွားကြတယ်။
တော်သေးတာပေါ့လေ………
အငွေ့များသာ မပျံရင်
ပင်လယ်ရေမျက်နှာပြင်တောင်
ဒီ့ထက်ပိုပြီး မြင့်တတ်လာမှာ စိုးရသေးရဲ့။
ကိုယ်ကသာ တစ်ယောက်တည်း
ကျိတ်ခံစားရတဲ့ဝေဒနာဟာ
ဘာနဲ့မှမတူအောင်ကို ခံရခက်စေခဲ့တယ်။
ကံကြမ္မာက သူ့ဇာတ်ကိုသူရေးပြီးသားမို့
ကျမတို့လူသားသရုပ်ဆောင်တွေက
ပွဲပြီးအောင်လိုက်ကနေရတာပါ။
ခံစားရေးဖွဲ့သူ
 မစိုး



Sunday, September 18, 2011

ငါ့ရင်ထဲမှာနွေဖြစ်နေပြီ….



ငါ့ရင်ထဲမှာနွေဖြစ်နေပြီ….

၁။ 
ဝေဒနာကိုအမှန်အတိုင်းဝန်ခံရရင်
နင့်ရှေ့ကိုရောက်တိုင်း ငါ့နှလုံးသားက
အမြဲတမ်းအားငယ်နေရတာပါ။
နင့်ရဲ့အကြည့်တချက်နဂါးမာန်လို မပြင်းရှပေမယ့်
ငါ့နှလုံးသားကအလိုလိုချည့်နဲ့နေခဲ့တာ နင်မှမသိပဲ။
ချစ်ခြင်းဟာ အဆိပ်ဆိုတဲ့စကားဟာ အမှန်ပဲလား။
လွမ်းချင်တဲ့စိတ်ကိုတော့ မကန့်ကွက်ပါနဲ့။
အချစ်ကို တားဆီးနိုင်တဲ့ ဥပဒေမရှိသမျှ
နင်ကငါ့နှလုံးသားမှာပါပဲ။ 
၂။

နွေရဲ့သင်္ကေတဟာ ရွက်ဝါကြွေ၊
မိုး ရဲ့သင်္ကေတဟာ အေးချမ်းခြင်း၊
ဆောင်း ရဲ့သင်္ကေတဟာ နှင်း၊
ငါ့နှလုံးသားရဲ့ တစ်နေရာမှာခိုဝင်နေတာ နင်၊
မိုးလင်းမိုးချုပ် ငါသွားနေတဲ့လမ်းမှာ နင်ကအရိပ်၊
နင့်ကိုချစ်လို့ပဲလွမ်းလွမ်း၊
အိပ်မက်ကြောင့်ပဲလွမ်းလွမ်း။
တမ်းတလို့ပဲလွမ်းလွမ်း၊
လွမ်းချင်တိုင်းတော့ လွမ်းပါရစေ။ 
၃။

ပင်လယ်ကကြမ်းတယ်၊
မုန်တိုင်းကရိုင်းတယ်။
ငါ့နှလုံးသားက မခက်ထန်ဘူး။
အချစ်နဲ့ပတ်သက်လာရင်
ဥပေက္ခာကို လက်ကိုင်မထားနဲ့
အချစ်ဟာ နူးညံ့သိမ်မွေ့တဲ့ ကြည်နူးစရာ အိုအေစစ်ပါ။ 
၎။

နင်ကသေဆိုသေ၊ နင်ကရှင်ဆိုရှင်၊
နင်စေခိုင်းတဲ့အမိန့်နာခံဖို့ ငါကအသင့်ပါ။
နင်ကငါ့ရဲ့အရှင်သခင်လေ
အချစ်ဟာချိုမြိန်ပေမယ့်၊
အလွမ်းဟာ ခါးသီးခြင်းနဲ့ပြည့်နှက်နေတဲ့
သစ်သီးတစ်လုံးဆိုတာ ငါသိခဲ့ပြီ။
စိန်ခေါ်မှုကင်းစွာနဲ့ ရင်တွင်းကို ဝင်ရောက်ခဲ့တဲ့အချစ်
နောက်ဆုံးတော့........
.အလွမ်းရဲ့ထိုးနှက်မှုကို ငါပဲခံခဲ့ရတာပါ။
ကြေကွဲခြင်း ဝတ္ထုတစ်ပုဒ်မရေးသီရပဲ၊
တမ်းတခြင်းဇာတ်ရုပ်တစ်ရုပ်
ငါကိုယ်တိုင်ဖြစ်နေခဲ့တာ
နင်သိရင် ငါ့ကိုပြန်ချစ်နိုင်ပါ့မလား။
ဘယ်သူ့ပယောဂမှမပါပဲ၊
ဒီဇာတ်လမ်းကိုကခဲ့မိတာ
နှလုံးသားရဲ့ စေညွှန်ရာပါပဲ…..။
နောက်ဆုံးတော့လည်း
ဘယ်သူကမှအပြစ်မဆိုရက်
ဘယ်သူ့ကိုမှ အပြစ်မတင်ရက်ပဲ
ငါကိုယ်တိုင်ဖန်တီးခဲ့တဲ့ဇာတ်
ငါကိုယ်တိုင်ပဲလွမ်းပေါ့။ 
၅။

အဝေးကပုံရိပ်ကို တမ်းတပြီးအိပ်မက်နဲ့
ငါခရီးနှင်ခဲ့သူပါ။
တစ်ခါတစ်ခါကျတော့
အချစ်ကကန့်သတ်မဲ့ ရှင်သန်ပေမယ့်
သစ္စာတရားကတစ်ခုတည်းပဲရှိတယ်လေ။
တစ်ချို့ကအချစ်ဟာ ပျော်ရွှင်စရာစိတ်ကူးယဉ်မှု
တချို့ကအချစ်မရှိရင် ကမ္ဘာပျက်နိုင်တယ်တဲ့
ဆန့်ကျင်ဘက်နှစ်ခုရဲ့ဘယ်ဒေသမှာမှ
ငါရပ်မနေပါဘူး။
နင့်ကိုချစ်တာပဲ ငါသိတယ်။
ချွန်မြတဲ့ စကားလုံးတွေနဲ့
နှစ်နှစ်ကာကာ ငြင်းပယ်ခဲ့တယ်။
မချစ်နိုင်ဘူးဆိုတဲ့ စကားတခုကို
ဟန်ဆောင်ခြင်းကင်းစွာ ဖွင့်ဟခဲ့တဲ့
နင့်ကိုတော့ ငါလေးစားပါတယ်။

၆။

အိပ်မက်တွေနောက်ကို ဘာလို့လိုက်ချင်ခဲ့တာလဲတဲ့ 
သူငယ်ချင်းတစ်ယောက်ကပြောတယ်။
လက်တွေ့ဘဝမှာ သာယာဖွယ်ကောင်းတဲ့
ဘဝတစ်ခုကို လက်ခံလိုက်ပါလားတဲ့လေ။
အိပ်မက်နောက်ကို ငါလိုက်နေခဲ့တာတော့ မဟုတ်ပါဘူး။
နှလုံးသားက ပုံဖော်ခိုင်းတဲ့ 
အမိန့်ကိုနာခံဖို့ ငါကြိုးစားမိတာပါ။
၇။

 ဖြစ်နိုင်မယ်ဆိုရင် နင့်အကြောင်းပဲတွေးမိပြီး
နင့်ပုံရိပ်တွေစွန်းထင်နေတဲ့
ငါ့စိတ်နဲ့ ငါ့မျက်ဝန်းတွေကို
ဖောက်ထုတ်ပစ်လိုက်ချင်ပါတယ်။
ဒါပေမယ့်……..လေ
တစ်ခါတစ်ခါကျတော့
ငါအပါအဝင် လူသားတိုင်းဟာ
အိပ်မက်နဲ့ပဲမနက်တိုင်းရဲ့ နေရောင်ခြည်ကို
မျှော်လင့်နေကြတာပဲမဟုတ်လား။ 
တိတ်တဆိတ်ကြေကွဲရတဲ့အဖြစ်ဟာ
တကယ်တော့ .............
ငါ့နှလုံးသားကိုနှိပ်စက်ခြင်းတစ်ခုပါ။ 
၈။

ကြေကွဲဖူးသူတိုင်း၊ ကြေကွဲရသူတိုင်း
အနာဂတ်မရှိပေမယ့် အားမငယ်ပါဘူး။
မျှော်လင့်ချက်အလင်းတန်းတခုကိုတော့ ထားတတ်စမြဲပါ။
နင့်နှလုံးသားက ချစ်ခြင်းကို
သော့ခတ်လှောင်ပိတ်ထားတာကိုတော့ အံ့သြမိတယ်
ငါ့နှလုံးသားကို တစ်ချက်လောက်ငဲ့ကြည့်ပေးပါလား
အိပ်မက်မဟုတ်တဲ့ လက်တွေ့ဘဝတစ်ခုကို နင်မြင်သာမှာပါ ....။
၉။

အသပြာမရှိတဲ့ ဘဝနဲ့အချစ်က
ကြည်နူးစရာကောင်းပါ့မလားလို့......တွေးမိပေမယ့်
အသပြာရှိပေမယ့် အချစ်တွေဆိတ်သုဉ်းတဲ့
အိမ်ရာတစ်ခုမှာလည်း ပျော်မွေ့စရာ ကောင်းမယ်မထင်မိဘူး။
အချစ်ကို စတင်တွေ့ရှိခဲ့တဲ့
အာဒမ်နဲ့ဧဝမှာ သိန်းပေါင်းများစွာ 
ချမ်းသာတယ်လို့ မကြားမိပါဘူး။ 
တစ်ခါတစ်လေတော့လည်း အချစ်ကို 
လူသားတွေဘာကြောင့်အရေးတယူခံစားကြတာလဲလို့ 
ငါသိချင်မိတယ်.........။ 
နောက်ပြီးအချစ်က လူသားအားလုံးအတွက်
ဘယ်လောက်အရေးပါသလဲလို့လည်း သိချင်မိတယ်။
အချစ်ဆိုတာ နှလုံးသားရဲ့ နေရာအနှံ့ 
ပိုင်စိုးထားတဲ့ ဧကရာဇ်တစ်ပါးလား။ 
၁၀။

ငါကတော့နင့်ကိုလွမ်းတယ်။
စိမ်းကားရက်စက်သူလို့လည်း မဆိုရက်၊
နှလုံးသားမာကြောခက်ထန်သူလို့လည်း မပြောရက်
နင်နဲ့ငါက ချစ်သူတွေမှမဖြစ်ခဲ့တာပဲလေ….။
ငါကနင်ပေးတဲ့ ဥပေက္ခာကို 
စားသုံးရင်း အသက်ရှင်နေတဲ့သူပါ။
ချစ်ခြင်းကို ထိမှန်ကွဲရှပြီး ပြန်လာတဲ့
ငါ့နှလုံးသားရှိုက်သံကို နင်မကြားမိဘူးလား။
နင့်စေစားရာလိုက်ပါရင်း
ငါ့ဝိညာဉ်တွေပြန့်ကျဲလို့ အိပ်မက်ထဲမှာပေါ့….။ 
၁၁။

မနက်ဖြန် အမြန်အလင်းရောက်ပါစေလို့ 
ဆုတောင်းမိတယ်......။ 
အလင်းကိုမြင်ခွင့်ရပြန်တော့လည်း
ငါ့ရှေ့မှာနင့်ပုံရိပ်၊
 ငါ့အာရုံမှာ နင့်ရုပ်လွှာ
ချစ်ခြင်းကို ပုံပမာထားလို့တော့ မထင်လိုက်ပါနဲ့။
အမှန်ကိုအရှိအတိုင်း ဝန်ခံမိတာပါ
ငါနင့်ကိုချစ်တယ် ......
ဒါပေမယ့်
ငါ့ရင်တွေ နွေဖြစ်နေတာ သေချာပါတယ်…..။ 
ခံစားရေးဖွဲ့သူ
 မစိုး


ALONE


 
အိမ်တံခါးလေးပိတ်၊
မီးလေးမှိတ်လို့...
အိမ်လေးထဲမှာ
တစ်ယောက်တည်း
တိတ်တိတ်လေးပဲ
ငိုနေတော့မယ်.....။

ခံစားရေးဖွဲ့သူ
 မစိုး

Friday, September 16, 2011

ဘ၀တိုက်ပွဲ


ဘ၀ဆိုတာ တိုက်ခိုက်ရှင်သန်တဲ့အရာတဲ့။ ဒီတော့ ရှင်သန်မှုအတွက် ဘ၀တိုက်ပွဲကို ဆင်နွှဲနေကြရမှာပါ။ တိုက်ပွဲဆိုတဲ့အတိုင်း အလစ်အငိုက်၊ ချုံခိုအတိုက်ခံရတာတွေ ရှိမှာပါ။ ဒီတော့ ဒီလိုချုံခိုတိုက်ခိုက်တဲ့အခါမှာ ကိုယ့်မှာ တိုက်ပွဲကိုပြန်လည်တိုက်ခိုက်ဖို့ ၀မ်းစာပြည့်နေဖို့လိုတာပေါ့။ အလစ်အငိုက်မခံရအောင် ဘ၀တိုက်ပွဲ အတွက် ပြင်ဆင်လေ့ကျင့်သင့်တယ်။ 

တိုက်ပွဲတစ်ခုဖြစ်ပြီဆိုရင် နိုင်ရင်နိုင်၊ မနိုင်ရင်ရှုံးတစ်ခုခုတော့ ရင်ဆိုင်ရမှာပဲ။ အဲဒီ့အခါမှာ ခံနိုင်ရည်ရှိဖို့တော့ လိုတာပေါ့။ မုန်တိုင်းပြီးရင် လေပြေလာစမြဲပဲလေ။  

ဘ၀မှာ လေပြည်ကိုချည်း မျှော်လင့်စရာမလိုပါ။ မုန်တိုင်းမှာလည်း အောက်ဆီဂျင်ပါလေသည်။   

ဆရာတာရာမင်းဝေ ရေးခဲ့တဲ့ စာစုလေးအတိုင်းပါပဲ။ ဒီတော့ဘ၀တိုက်ပွဲကို အားတင်းတိုက်ခိုက်ဖို့ အားမွေးကြ ဖို့တော့လိုမယ်နော်...။



ခံစားရေးဖွဲ့သူ
မစိုး