Showing posts with label ကျွန်မ၏ကဗျာ. Show all posts
Showing posts with label ကျွန်မ၏ကဗျာ. Show all posts

Thursday, July 18, 2013

စောင့်ခဲ့ရက်ပေါင်းများခဲ့ပြီ...။



"စောင့်ခဲ့ရက်ပေါင်းများခဲ့ပြီ"

အချစ်သက်သေထူလေပြီးမှ....
အပြုံးဟန်ပြ  မုန်းမာန်ကြွကာ
ထွက်ခွာအဝေး  သူရှောင်ပြေးပြီ
ကျန်သူအသဲတွေ ဘယ်လိုနေမယ်
မသိရော့လေသလား ကိုစိမ်းကားရယ်
အပျော်မဲ့ကင်း လွမ်းရခြင်းဖြင့်
ပြန်လာပါလိမ့်နိုး ကိုယ်မျှော်ကိုးလို့
စောင့်ခဲ့ရက်ပေါင်း များခဲ့ပြီ......။            ။









Saturday, December 15, 2012

အချစ်၏အဓိပ္ပာယ်ဖွင့်ဆိုချက်။









အချစ်ဆိုတာ ဘာလဲ!
လို့ မေးမှာလား။
အချစ်ဆိုတာ ပေးဆပ်ခြင်း၊
ဟင့်အင်း....မဟုတ်ဘူး။
အချစ်ဆိုတာ ရယူခြင်း၊
ဟင့်အင်း....ဒါလည်းမဟုတ်ဘူး။
အင်း...အချစ်ကို ဒီလို
အဓိပ္ပာယ်တွေ အမျိုးမျိုး ထုတ်ကြတယ်...။

ငါက ဒီလိုအဓိပ္ပာယ်ဖွင့်မိတယ်။
အချစ်ဟာ အချစ်ပါပဲကွယ်...

လောကကြီးထဲမှာ အကောင်းဆုံး၊
အလှပဆုံး အရာတွေကို
မြင်လည်းမမြင်ရ၊
တွေ့လည်းမတွေ့ရပေမယ့်
နှလုံးသားနဲ့တော့ ခံစားလို့ရတယ်။
အဲဒါ အချစ်လေ....။

ချစ်ခြင်းတရားနဲ့ပိုက်ထွေးထားလိုက်ရင်
မတူညီမှုတွေအားလုံး ညီတူမျှသွားတော့တယ်။
အဲဒါ အချစ်တန်ခိုးတစ်မျိုးပေါ့....။

ဖတ်မိတဲ့ စာလေးတစ်ပိုဒ်
If we really love our love
what can keep us from meeting.
တကယ်ချစ်ခဲ့ရင် ဘယ်လိုအရာကမှ
အဲဒီအချစ်ကို ခွဲမထားနိုင်ပါဘူး...။

ချစ်ခြင်းတရားဖြစ်ပေါ်ဖို့က
ဘယ်နေရာ၊ဘယ်အချိန်ရယ် လို့
သတ်မှတ်ချက်မှမရှိတာ...
အချစ်ဆိုတာ တစ္ဆေတစ်ကောင်လိုပါပဲ....။

အချစ်ဆိုတာ စိတ္တဇနာမ်
အချစ်ကလူကို ရူးသွပ်စေသလား
အချစ်ဆိုတဲ့ စိတ်ခံစားမှုကို
ဘယ်စကားလုံးတွေနဲ့မှ
တည်ဆောက်ပြလို့မရပါဘူး.....။
အချစ်မှာ ချစ်နေဖို့က အဓိကပါပဲ.....။

တကယ်တော့....
အချစ်ဆိုတာ
အဓိပ္ပာယ်တွေအများကြီး
ပျော်ဝင်နေတဲ့ စကားစုတစ်ခုပါပဲ.....။


စိတ်ကူးပေါက်လို့ရေးချမိတာပါ။ 

(16.3.10.အင်္ဂါ) Multiply မှာရေးခဲ့တာပါ။


Tuesday, October 25, 2011

ငါ့စိတ်


ရှုံးပွဲများအတွက် နိုင်ပွဲများဖြစ်ဖို့ထက်
ပုံမှန်အဆင့်မှာ ရပ်တည်နိုင်ဖို့
ကြိုးစားနေရတယ်......
လူ့သမိုင်းမှာ သူရဲကောင်းမဖြစ်ပေမယ့်
ရာဇ၀င်မှာ ကိုယ်ကျင့်သိက္ခာအရှိဆုံး.....ငါ
အသေအချာလင်းရမယ်ဆိုတဲ့ ခံယူချက်
နေ့ရက်တိုင်းမှာ ၀င်းပနေမြဲ
ဖြစ်ချင်ရာဖြစ်ဆိုတဲ့
ဇွတ်စိတ်ကူးများကို ချိုးနှိမ်
အလွမ်းမှိန်မှိန်များကို ရွှေရည်စိမ်ရင်း
ယုံကြည်ချက်နဲ့ မျှော်လင့်ချက်တွေ လှပလာဖို့
သပ်ရပ်စွာတည်ဆောက်
ငါ့အမိုးအောက်က ငါ့ခန္ဓာမှာ
အပြုံးတစ်ပွင့်သာ အမြဲတပ်ဆင်ချင်ပါတယ်.....။
ငါကိုယ်တိုင်မမြင်လိုက်ရတဲ့ အမှားများအတွက်
အမှန်တရားများကို တိုးလို့တွယ်ဖက်ရင်း
ဘ၀ရဲ့ အမောများအတွက်
တရားဓမ္မရေကြည်တစ်စက် သောက်သုံး
မုန်းသူတွေကို ပြုံးပြနိုင်တဲ့ 
စိတ်နှလုံးသားသာ
ငါ့ ရင်ဘတ်ကြားမှာ 
အမြဲသာပါစေလို့ ဆုပန်ပါတယ်.......။





Friday, October 21, 2011

အသိုက်

အသိုက်။

အကြင်နာ ဘုံဗိမ္ဗာန်လေးတစ်ခု

တည်ဆောက်ပြီးလုချိန်မှာ
မုန်တိုင်းထန်ထန် တိုက်ဖျက်
ငါ့အသိုက်ပျက်ခဲ့ရပြီ...။
ဘယ်မှာလဲ.....?
ငါတမ်းတခိုဝင်နိုင်ဖို့
ငါငိုကြွေးနိုင်ဖို့
ရင်ခွင်နွေးနွေး တစ်ခုတော့
 မဲ့ခဲ့ရပြီလေ.........။            ။



 









Tuesday, October 18, 2011

လက်တွေ့ကို....ဦးစားပေးခြင်း။


အတွေးအိမ်ထဲမှာ....
လေထုထဲ ရဲတိုက်ဆောက်နေလို့
ဘာမှဖြစ်လာမှာ မဟုတ်ဘူး....။
အိပ်မက်ထဲ ရွှေမှုန်ကြဲတဲ့ ဖဲမွေ့ရာမှာ
ကျေနပ်စွာ လဲလျောင်းနေလို့လဲ
ဘာအဖြေမှ ထွက်လာမှာ မဟုတ်ဘူး.....။
လက်တွေ့မဲ့တဲ့ သဘောတရား
ရေလျဉ်ကျောမှာ မျောနေလို့လည်း
ဘယ်အဖြေမှ ထွက်လာမှာ မဟုတ်ဘူး....။
ဒီတော့.........
အိမ်တိုင်တစ်လုံးပဲ ....ထူထူ
လယ်တစ်ကွက်ပဲ .....ထွန်ထွန်
စာတစ်ပုဒ်ပဲ ...........ရေးရေး
လက်တွေ့ဟာ လက်တွေ့ပဲ.....။
ထိုင်နေသူထက်
မတ်တပ်ရပ်နေသူကို
နေမင်းကြီးက...အရင်ဆုံးပြေးလာပြီး
နွေးထွေးမှုကို......ပေးမှာပါ။ ။



Wednesday, September 28, 2011

ဆန္ဒ၏သစ္စာ



ဆန္ဒ၏သစ္စာ

ကောင်းစေချင်တဲ့ဆန္ဒတစ်ခုဟာ
အဖြူရောင်ဖြစ်ရင်
ဖြစ်နေတဲ့စိတ်ဟာ အတ္တခေါ်မလား……။
ပျော်နေစေချင်တဲ့စိတ်က
နင့်အတွက် ငါ့အတ္တပါ…….။
ငါ့စိတ်ကူးတွေကတိမ်နဲ့တူပြီး
ငါ့သံယောဇဉ်တွေက ရေမြှုပ်ဖြစ်နေသလား……။
နင်ပြောခဲ့တဲ့စကားတွေ
နင်ရေးခဲ့တဲ့ကဗျာတွေ
ငါတို့အတူနားထောင်ခဲ့တဲ့ သီချင်းသံလေးများလည်း
လေထဲပျောက်ပျက်ခဲ့ပြီ……။
နောက်ထပ် ဘယ်နှစ်ည၊ဘယ်နှစ်ရက်၊ ဘယ်…………
ဟိုးအဝေးဆုံး သံသရာအစွန်းထိ
ငါတို့ဆုံမှတ်ရှိဦးမလား……။
လွမ်းတတ်တဲ့နှလုံးသားမှာ
ဒဏ်ရာအပိုကပ်ခဲ့ပြီမို့……
အိပ်မက်ဆုံချက်တွေ
ဘယ်နေရာမှာ သိမ်းဆည်းရမလဲ……..။
စကတည်းက အဆုံးသတ်မရတဲ့
သံယောဇဉ်တွေပဲလေ
တကယ်လို့များ အခက်အခဲတွေက
နင်ဆက်မယ့်လမ်းမှာ
ဆူးပန်းတွေလို ဝေနေပြီဆိုရင်
ငါ့ရင်ခွင်ကို သတိရပါ….။
ရာသီတွေလည်းပြောင်းနေတယ်။
ကမ္ဘာကလည်း လည်နေတယ်။
နာရီတွေ မရပ်တန့်သရွေ့
ငါကတော့…………။             ။



ခံစားရေးဖွဲ့သူ
 မစိုး


Wednesday, September 21, 2011

ထာဝရ



ထာဝရ

ထာဝရဆိုတော့လည်း
မကြာခဏလွမ်းမိတယ်….။
ချစ်သူနဲ့ကွဲ ဆင်းရဲတွေ
မုန်းသူနဲ့တွဲ ဆင်းရဲတွေ
မကြုံချင်ကြတာ လူ့သဘာဝပါ…။
ထာဝရဆိုတဲ့ အကန့်အသတ်ဟာ
သံသရာကို mm နဲ့တိုင်းပြီး
ချစ်လိုက်တဲ့အချစ်မျိုးကို ဆိုလိုတာပါ…။
ချစ်တာမှာ သစ္စာမပါရင်
မေတ္တာဟာအလကားဆိုတဲ့ စကား
သတိရစရာပါပဲ…။
ချစ်သူကို ချစ်နေရခြင်းဟာ
ဘဒၵကမ ၻာရဲ့ ဒုလႅဘတရား 
တစ်ခုလည်းဖြစ်တယ်…။

ခံစားရေးဖွဲ့သူ
မစိုး

Tuesday, September 20, 2011

မျက်ရည်များနဲ့သရုပ်ဆောင်




မျက်ရည်များနဲ့သရုပ်ဆောင်


အပူချိန်တွေမြင့်တတ်လာတယ်။

ကမ္ဘာကြီးပူနွေးလာခြင်းနှင့်အတူ
ကျမနှလုံးသားဟာလည်း ပူနွေးလာခဲ့ပါတယ်။
ခံစားချက်တွေကို မျက်ရည်စီးကြောင်းအဖြစ်
ပြောင်းလဲစီးဆင်းစေခဲ့စဉ်မှာပဲ
သူတို့ဟာချောင်းတခုဖြစ်သွားတယ်။
ပူလောင်တဲ့ နှလုံးသားကွင်းပြင်ကိုဖြတ်တော့
မျက်ရည်တို့အငွေ့ပျံ
ကောင်းကင်ကို ဆန်တတ်သွားကြတယ်။
တော်သေးတာပေါ့လေ………
အငွေ့များသာ မပျံရင်
ပင်လယ်ရေမျက်နှာပြင်တောင်
ဒီ့ထက်ပိုပြီး မြင့်တတ်လာမှာ စိုးရသေးရဲ့။
ကိုယ်ကသာ တစ်ယောက်တည်း
ကျိတ်ခံစားရတဲ့ဝေဒနာဟာ
ဘာနဲ့မှမတူအောင်ကို ခံရခက်စေခဲ့တယ်။
ကံကြမ္မာက သူ့ဇာတ်ကိုသူရေးပြီးသားမို့
ကျမတို့လူသားသရုပ်ဆောင်တွေက
ပွဲပြီးအောင်လိုက်ကနေရတာပါ။
ခံစားရေးဖွဲ့သူ
 မစိုး



Sunday, September 18, 2011

ငါ့ရင်ထဲမှာနွေဖြစ်နေပြီ….



ငါ့ရင်ထဲမှာနွေဖြစ်နေပြီ….

၁။ 
ဝေဒနာကိုအမှန်အတိုင်းဝန်ခံရရင်
နင့်ရှေ့ကိုရောက်တိုင်း ငါ့နှလုံးသားက
အမြဲတမ်းအားငယ်နေရတာပါ။
နင့်ရဲ့အကြည့်တချက်နဂါးမာန်လို မပြင်းရှပေမယ့်
ငါ့နှလုံးသားကအလိုလိုချည့်နဲ့နေခဲ့တာ နင်မှမသိပဲ။
ချစ်ခြင်းဟာ အဆိပ်ဆိုတဲ့စကားဟာ အမှန်ပဲလား။
လွမ်းချင်တဲ့စိတ်ကိုတော့ မကန့်ကွက်ပါနဲ့။
အချစ်ကို တားဆီးနိုင်တဲ့ ဥပဒေမရှိသမျှ
နင်ကငါ့နှလုံးသားမှာပါပဲ။ 
၂။

နွေရဲ့သင်္ကေတဟာ ရွက်ဝါကြွေ၊
မိုး ရဲ့သင်္ကေတဟာ အေးချမ်းခြင်း၊
ဆောင်း ရဲ့သင်္ကေတဟာ နှင်း၊
ငါ့နှလုံးသားရဲ့ တစ်နေရာမှာခိုဝင်နေတာ နင်၊
မိုးလင်းမိုးချုပ် ငါသွားနေတဲ့လမ်းမှာ နင်ကအရိပ်၊
နင့်ကိုချစ်လို့ပဲလွမ်းလွမ်း၊
အိပ်မက်ကြောင့်ပဲလွမ်းလွမ်း။
တမ်းတလို့ပဲလွမ်းလွမ်း၊
လွမ်းချင်တိုင်းတော့ လွမ်းပါရစေ။ 
၃။

ပင်လယ်ကကြမ်းတယ်၊
မုန်တိုင်းကရိုင်းတယ်။
ငါ့နှလုံးသားက မခက်ထန်ဘူး။
အချစ်နဲ့ပတ်သက်လာရင်
ဥပေက္ခာကို လက်ကိုင်မထားနဲ့
အချစ်ဟာ နူးညံ့သိမ်မွေ့တဲ့ ကြည်နူးစရာ အိုအေစစ်ပါ။ 
၎။

နင်ကသေဆိုသေ၊ နင်ကရှင်ဆိုရှင်၊
နင်စေခိုင်းတဲ့အမိန့်နာခံဖို့ ငါကအသင့်ပါ။
နင်ကငါ့ရဲ့အရှင်သခင်လေ
အချစ်ဟာချိုမြိန်ပေမယ့်၊
အလွမ်းဟာ ခါးသီးခြင်းနဲ့ပြည့်နှက်နေတဲ့
သစ်သီးတစ်လုံးဆိုတာ ငါသိခဲ့ပြီ။
စိန်ခေါ်မှုကင်းစွာနဲ့ ရင်တွင်းကို ဝင်ရောက်ခဲ့တဲ့အချစ်
နောက်ဆုံးတော့........
.အလွမ်းရဲ့ထိုးနှက်မှုကို ငါပဲခံခဲ့ရတာပါ။
ကြေကွဲခြင်း ဝတ္ထုတစ်ပုဒ်မရေးသီရပဲ၊
တမ်းတခြင်းဇာတ်ရုပ်တစ်ရုပ်
ငါကိုယ်တိုင်ဖြစ်နေခဲ့တာ
နင်သိရင် ငါ့ကိုပြန်ချစ်နိုင်ပါ့မလား။
ဘယ်သူ့ပယောဂမှမပါပဲ၊
ဒီဇာတ်လမ်းကိုကခဲ့မိတာ
နှလုံးသားရဲ့ စေညွှန်ရာပါပဲ…..။
နောက်ဆုံးတော့လည်း
ဘယ်သူကမှအပြစ်မဆိုရက်
ဘယ်သူ့ကိုမှ အပြစ်မတင်ရက်ပဲ
ငါကိုယ်တိုင်ဖန်တီးခဲ့တဲ့ဇာတ်
ငါကိုယ်တိုင်ပဲလွမ်းပေါ့။ 
၅။

အဝေးကပုံရိပ်ကို တမ်းတပြီးအိပ်မက်နဲ့
ငါခရီးနှင်ခဲ့သူပါ။
တစ်ခါတစ်ခါကျတော့
အချစ်ကကန့်သတ်မဲ့ ရှင်သန်ပေမယ့်
သစ္စာတရားကတစ်ခုတည်းပဲရှိတယ်လေ။
တစ်ချို့ကအချစ်ဟာ ပျော်ရွှင်စရာစိတ်ကူးယဉ်မှု
တချို့ကအချစ်မရှိရင် ကမ္ဘာပျက်နိုင်တယ်တဲ့
ဆန့်ကျင်ဘက်နှစ်ခုရဲ့ဘယ်ဒေသမှာမှ
ငါရပ်မနေပါဘူး။
နင့်ကိုချစ်တာပဲ ငါသိတယ်။
ချွန်မြတဲ့ စကားလုံးတွေနဲ့
နှစ်နှစ်ကာကာ ငြင်းပယ်ခဲ့တယ်။
မချစ်နိုင်ဘူးဆိုတဲ့ စကားတခုကို
ဟန်ဆောင်ခြင်းကင်းစွာ ဖွင့်ဟခဲ့တဲ့
နင့်ကိုတော့ ငါလေးစားပါတယ်။

၆။

အိပ်မက်တွေနောက်ကို ဘာလို့လိုက်ချင်ခဲ့တာလဲတဲ့ 
သူငယ်ချင်းတစ်ယောက်ကပြောတယ်။
လက်တွေ့ဘဝမှာ သာယာဖွယ်ကောင်းတဲ့
ဘဝတစ်ခုကို လက်ခံလိုက်ပါလားတဲ့လေ။
အိပ်မက်နောက်ကို ငါလိုက်နေခဲ့တာတော့ မဟုတ်ပါဘူး။
နှလုံးသားက ပုံဖော်ခိုင်းတဲ့ 
အမိန့်ကိုနာခံဖို့ ငါကြိုးစားမိတာပါ။
၇။

 ဖြစ်နိုင်မယ်ဆိုရင် နင့်အကြောင်းပဲတွေးမိပြီး
နင့်ပုံရိပ်တွေစွန်းထင်နေတဲ့
ငါ့စိတ်နဲ့ ငါ့မျက်ဝန်းတွေကို
ဖောက်ထုတ်ပစ်လိုက်ချင်ပါတယ်။
ဒါပေမယ့်……..လေ
တစ်ခါတစ်ခါကျတော့
ငါအပါအဝင် လူသားတိုင်းဟာ
အိပ်မက်နဲ့ပဲမနက်တိုင်းရဲ့ နေရောင်ခြည်ကို
မျှော်လင့်နေကြတာပဲမဟုတ်လား။ 
တိတ်တဆိတ်ကြေကွဲရတဲ့အဖြစ်ဟာ
တကယ်တော့ .............
ငါ့နှလုံးသားကိုနှိပ်စက်ခြင်းတစ်ခုပါ။ 
၈။

ကြေကွဲဖူးသူတိုင်း၊ ကြေကွဲရသူတိုင်း
အနာဂတ်မရှိပေမယ့် အားမငယ်ပါဘူး။
မျှော်လင့်ချက်အလင်းတန်းတခုကိုတော့ ထားတတ်စမြဲပါ။
နင့်နှလုံးသားက ချစ်ခြင်းကို
သော့ခတ်လှောင်ပိတ်ထားတာကိုတော့ အံ့သြမိတယ်
ငါ့နှလုံးသားကို တစ်ချက်လောက်ငဲ့ကြည့်ပေးပါလား
အိပ်မက်မဟုတ်တဲ့ လက်တွေ့ဘဝတစ်ခုကို နင်မြင်သာမှာပါ ....။
၉။

အသပြာမရှိတဲ့ ဘဝနဲ့အချစ်က
ကြည်နူးစရာကောင်းပါ့မလားလို့......တွေးမိပေမယ့်
အသပြာရှိပေမယ့် အချစ်တွေဆိတ်သုဉ်းတဲ့
အိမ်ရာတစ်ခုမှာလည်း ပျော်မွေ့စရာ ကောင်းမယ်မထင်မိဘူး။
အချစ်ကို စတင်တွေ့ရှိခဲ့တဲ့
အာဒမ်နဲ့ဧဝမှာ သိန်းပေါင်းများစွာ 
ချမ်းသာတယ်လို့ မကြားမိပါဘူး။ 
တစ်ခါတစ်လေတော့လည်း အချစ်ကို 
လူသားတွေဘာကြောင့်အရေးတယူခံစားကြတာလဲလို့ 
ငါသိချင်မိတယ်.........။ 
နောက်ပြီးအချစ်က လူသားအားလုံးအတွက်
ဘယ်လောက်အရေးပါသလဲလို့လည်း သိချင်မိတယ်။
အချစ်ဆိုတာ နှလုံးသားရဲ့ နေရာအနှံ့ 
ပိုင်စိုးထားတဲ့ ဧကရာဇ်တစ်ပါးလား။ 
၁၀။

ငါကတော့နင့်ကိုလွမ်းတယ်။
စိမ်းကားရက်စက်သူလို့လည်း မဆိုရက်၊
နှလုံးသားမာကြောခက်ထန်သူလို့လည်း မပြောရက်
နင်နဲ့ငါက ချစ်သူတွေမှမဖြစ်ခဲ့တာပဲလေ….။
ငါကနင်ပေးတဲ့ ဥပေက္ခာကို 
စားသုံးရင်း အသက်ရှင်နေတဲ့သူပါ။
ချစ်ခြင်းကို ထိမှန်ကွဲရှပြီး ပြန်လာတဲ့
ငါ့နှလုံးသားရှိုက်သံကို နင်မကြားမိဘူးလား။
နင့်စေစားရာလိုက်ပါရင်း
ငါ့ဝိညာဉ်တွေပြန့်ကျဲလို့ အိပ်မက်ထဲမှာပေါ့….။ 
၁၁။

မနက်ဖြန် အမြန်အလင်းရောက်ပါစေလို့ 
ဆုတောင်းမိတယ်......။ 
အလင်းကိုမြင်ခွင့်ရပြန်တော့လည်း
ငါ့ရှေ့မှာနင့်ပုံရိပ်၊
 ငါ့အာရုံမှာ နင့်ရုပ်လွှာ
ချစ်ခြင်းကို ပုံပမာထားလို့တော့ မထင်လိုက်ပါနဲ့။
အမှန်ကိုအရှိအတိုင်း ဝန်ခံမိတာပါ
ငါနင့်ကိုချစ်တယ် ......
ဒါပေမယ့်
ငါ့ရင်တွေ နွေဖြစ်နေတာ သေချာပါတယ်…..။ 
ခံစားရေးဖွဲ့သူ
 မစိုး


ALONE


 
အိမ်တံခါးလေးပိတ်၊
မီးလေးမှိတ်လို့...
အိမ်လေးထဲမှာ
တစ်ယောက်တည်း
တိတ်တိတ်လေးပဲ
ငိုနေတော့မယ်.....။

ခံစားရေးဖွဲ့သူ
 မစိုး