Tuesday, September 27, 2011

လျှောက်.....လျှောက်......ဆက်လျှောက်။




ကမ်းခြေတစ်ခုရဲ့ သောင်စပ်ကို ဆင်းလျှောက်လာခဲ့တယ်။ ကိုယ့်ကို အမြဲလိုလို စီးလိုက်နေတယ်လို့ ထင်ရတဲ့ ဖိနပ်ကိုချွတ်ကိုင်ရင်း လှိုင်းတွေပြန်လှည့်ဆင်းသွားတဲ့ သဲသောင်စပ်အတိုင်း လျှောက်တယ်။ နင်းလျှောက်မိ တဲ့ သဲကလေးတွေက နူးညံ့ပါတယ်။ ညက်ညောပါတယ်။ ပြန်တတ်လာတဲ့ လှိုင်းကလေးတွေနဲ့ ခြေအချနဲ့ ထိတွေ့တော့လည်း အေးမြပါတယ်။

လှိုင်းကလေးတွေလာပြီး ခတ်ပေမယ့် သဲသောင်ယံက ဘာမှဖြစ်ပုံမပေါ်ပါဘူး။ လှိုင်းကလေးတွေ လာခတ် တာက သိမ်မွေ့နေလို့ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် သိတယ်ဟုတ်၊ ဘဝ ခရီးတစ်နေရာရာမှာ ရင်ထဲမှာ သမုဒယ လှိုင်းလေးတွေ ထိခတ်လာပြီဆိုရင် အဲဒီသမုဒယ လှိုင်းလေးတွေက နုနုလှလှ၊ ယုယုယယ ရှိတယ်လို့ ထင်ရပေမယ့် ဘဝတစ်ခုလုံးပြိုဆင်း ကြေမွသွားနိုင်တယ်။ ဆိုတဲ့ စကားလေးကို အမှတ်ရပြန်ပါတယ်။

သူ့ကိုခတ်တဲ့လှိုင်းက သမုဒယလှိုင်း………တခြားသူတွေကို ခတ်တဲ့လှိုင်းတွေကတော့ အလိုလောဘ လှိုင်းတွေ၊ ဒေါသအာဃာတ လှိုင်းတွေနဲ့ အမျိုးအမည်ခြားနားတဲ့ လှိုင်းတွေ…...အထိအခတ်ပြင်းတဲ့ လှိုင်းမျိုး 
တွေဖြစ်မှာပေါ့။ ဖြစ်ချင်ဖြစ်မှာပေါ့။

လျှောက်ရင်း လျှောက်ရင်း အနောက်ကို အမှတ်မထင် လှည့်ကြည့်လိုက်မိတယ်။ ထိတ်ခနဲ ဖြစ်သွားတယ်။ ရင်ထဲမှာ လှိုင်းတွေ တဖျက်ဖျက်ခတ်နေသလို ခံစားလိုက်ရတာတော့ အမှန်ပဲ။ လျှောက်နင်းခဲ့တဲ့ ငါ့ခြေရာ.....
တွေ တစ်ခုမှ မရှိတော့ပါလား။

လျှောက်ခဲ့တာ အဝေးကြီး….အဝးကြီးလျှောက်လာခဲ့တာ။ ဆိုတဲ့ အတွေးနဲ့ လျှောက်ခဲ့တဲ့ ငါ့ဘဝခရီးက အဝေးကြီး၊ ဒီဘဝခရီးရှည်ကြီးထဲမှာ ငါ့အတွက် အမှတ်ထင်တင် မည်မည်ရရဆိုလို့ ဘာမှလဲမရှိပါလားဆိုတဲ့ အတွေးတွေပေါင်းဆုံလိုက်လို့ အထိတ်တလန့် ဖြစ်သွားခဲ့တာ၊ ရင်ထဲမှာ လှိုင်းခတ်သလို ခံစားလိုက်ရတာ ဟုတ်ပါတယ် ပြန်လှည့်ပြီးတတ်လာတဲ့ ရေလှိုင်းတွေက လျှောက်နင်းခဲ့တဲ့ကိုယ့်ခြေရာတွေကို ပျောက်ပျောက်

ကုန်အောင် ဖျက်ဖျက်သွားခဲ့ကြတာကိုး။ 

ဒါပေမယ့် ခြေရာတွေပျက်သွား၊ ပျောက်သွားပေမယ့် လျှောက်တဲ့အထိတော့ ရောက်တာပဲ။ လျှောက်ရင်တော့
လျှောက်နိုင်သလောက် ရောက်တာပါပဲ၊ ဖိနပ်က အခုမှကိုယ့်ကို တကယ်ခိုစီးပြီး ပါလာတာကိုလည်း သတိထားမိတယ်။ ဒီတစ်ခါတော့ ကိုယ့်ကိုယ်ကို ပြန်ပြီးပြောရတယ်။ ခြေရာမထင်ခဲ့တာတွေကို ပြန်ကြည့်ပြီး လွမ်းမောရင်း ရပ်မနေနဲ့။ တွေဝေမနေနဲ့။ လျှောက်ရမည့် နေရာဆီကို “လျှောက်…ဆက်လျှောက်” လို့။

ရှေ့ကို လှမ်းကြည့်လိုက်တော့ ပန်းတိုင်ဆိုတဲ့ ရောင်ခြည်လေးကို ပြပြလေးမြင်နေရပြီ…။ ကဲ…လျှောက်…ဆက်လျှောက်လို့ ကိုယ့် ဘာသာပဲ အားပေးမိပါတယ်…။
----------------------------------------------------------------------------------------------------------------
ဘ၀ခရီးကိုလျှောက်လှမ်းကြတဲ့အခါမှာလည်း မှားခဲ့ဖူးတဲ့အမှားတွေကို ပြန်မမှားစေဖို့ သင်ခန်းစာယူပြီး ရှေ့ ဆက်လျှောက်လှမ်းရမယ့် အနာဂတ်ခရီးလမ်းကို  တည့်တည့်ဆက်လျှောက်ကြပါစို့လို့......။

 


source: ဆရာကြီးနန္ဒသိန်းဇံ စာအုပ်မှ 


 မစိုး

2 comments:

  1. ဟုတ်တယ်နော်အစ်မ
    အရင်တုန်းကဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့
    လောလောဆယ်ရတဲ့အချိန်လေးမှာ
    ကိုယ့်ဘ၀ကို ကိုယ်ကောင်းအောင်ကြိုးစားသင့်တယ်ထင်ပါတယ်အစ်မ
    ညီမကတော့ လူသာသေသွားပြီး.နာမည်မသေတဲ့အဖြစ်မျိုး
    လူ့ဘ၀ရတုန်းလေး ကြုံချင်ပါသေးတယ်း)
    ပြီးတော့အစ်မ
    အစ်မမေးချင်တာမေးရအောင်.ညီမသိချင်တာလဲမေးရအောင်
    sandartinmyint@gmail.com လေးကို invite
    လုပ်ပေးပါလားရှင်း)) ကျေးကျေးပါ။
    ပျော်ရွှင်ချမ်းမြေ့ပါစေရှင်
    ချစ်ခင်စွာဖြင့်..

    ReplyDelete
  2. သမန်းစီးလေးရေ အက်ထားတယ်နော်။
    ဘယ်လိုပဲဖြစ်ဖြစ်လာရောက်ဖတ်ရှုတာကျေးဇူးတင်ပါတယ်။
    သမီးစံလေးလည်းပျော်ရွှင်ချမ်းမြေ့ပါစေနော်။

    ReplyDelete

Comment ရေးသော သူငယ်ချင်းများ စိတ်သောကများကင်းစင်ပြီး
စိတ်၏ချမ်းသာခြင်းကိုယ်၏ချမ်းသာခြင်းနှင့်ပြည့်စုံပြီး အလိုရှိအပ်တောင့်တအပ်သော
အရာတိုင်းသည် အလိုရှိတိုင်းတောင့်တတိုင်းပြည့်စုံကြပါစေ....။