Friday, September 30, 2011
ကျွန်မတွေးမိသမျှ
“ဘဝအတွေ့အကြုံများအောင် ဘယ်လိုလုပ်ရမလဲ”ဆိုတဲ့ မေးခွန်းကို ကျွန်မဘာသာမေးပြီး ကိုယ့်ဖာသာပဲ ဒီလိုပြန်ဖြေကြည့်မိတယ်။။
ရှေးရှေးတုန်း       လူတွေဟာ သူတို့ရဲ့အမှားတွေကို စာအုပ်တွေထဲမှာ ရေးသားထားခဲ့ကြတယ်။ အမှန်တွေကို 
ရောပေါ့ အဲဒီလိုမျိုးတန်ဖိုးရှိတဲ့ ကိုယ့်ဘဝအတွက် အထောက်အကူပြုမယ့် စာအုပ်တွေကိုဖတ်ရင် ဘဝအသိ အမြင်တွေ ရင့်ကျက်လာနိုင်တာပေါ့။
ဒါကြောင့် စာများများဖတ်သင့်တယ်။ ဒါပေမယ့်တစ်ခုတော့ရှိတယ်။ စာပေမှာကိုယ်စိတ်ပျော်ရွှင်ဖို့ ဖတ်တဲ့ စာရယ်၊ ကိုယ့်ဘဝအသိဥာဏ် ရင့်ကျက်တိုးတတ်ဖို့ ဖတ်တဲ့စာရယ် (၂) မျိုးရှိတယ်။ စိတ်ပျော်ရွှင်ဖို့လည်း စာဖတ်ပါ။ အဲဒီလိုဖတ်တာထက် ကိုယ့်ဘဝအသိဥာဏ် ရင့်ကျက်တိုးတတ်ဖို့ကိုတော့ ဦးစားပေးဖတ် သင့်ပါတယ်။
အင်္ဂလိပ်ခေတ်က ထမင်းစားဖို့ တိုင်းတစ်ပါးသားကို မျက်နှာလို မျက်နှာရ လုပ်ကြလွန်းလို့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ပြောဖူးတယ်။ “ထမင်းတစ်လုတ်အတွက် ထင်းခုတ်စား လည်းရပါတယ်”တဲ့။ ကျွန်မရင်ထဲမှာ စွဲငြိသွားစေတဲ့ စကားလေးတစ်ခွန်းပါ။ ကိုယ်ရှင်သန်ဖို့အရေး အားနည်းသူကို ဖိနှိပ်၊ အားကြီးသူကို ဖော်လံဖားနဲ့ စတိုင်တော့ မထွားချင်ပါဘူး။ အားနည်းသူကိုကူညီ၊ အားကြီးသူကိုလေးစား ဘဝမှာခပ်ရိုးရိုးသမားပဲ ဖြစ်ချင်တယ်။ သူငယ်ချင်းတို့ရော ဘယ်လိုလူမျိုးဖြစ်ချင်သလဲ...........။
လူတစ်ယောက်ရဲ့ စိတ်ဓာတ်ဟာ အမြဲတမ်းလည်း တတ်မနေသလို အမြဲတမ်းလည်းကျမနေဘူး။ ကျွန်မကတော့ စိတ်ဓာတ်ကျတဲ့အချိန်ဆို စိတ်ဓာတ်ခွန်အားဖြစ်စေတဲ့ စာတွေဖတ်၊ လမ်းညွှန်မှုပေးနိုင်တဲ့ မိဘဆရာသမား၊ မိတ်ဆွေစစ်တွေဆီ လျှောက်သွားလိုက်တာပဲ။ သူတို့ဆီက အားပေးနှစ်သိမ့်မှုနှင့်အတူ အကြံဥာဏ်ကောင်းတွေ ရတတ်တယ်လေ။
လူ့လောကမှာ မိတ်ဆွေတွေကို ပေါင်းရမှာပဲ။ မိတ်ဆွေကိုပေါင်းတာ မိတ်ဆွေဆိုတဲ့စကားလုံး နောက်က “ကောင်း” ဆိုတဲ့ စကားပါဖို့အရေးကြီးတယ်။ မိတ်ဆွေကောင်းဆိုတာ အိတ်တွေမဖောင်းလည်း ကိုယ့်ဘေး နားမှာရှိတဲ့ လူမျိုးကိုခေါ်တာ။ ဒါကြောင့်မိတ်ဆွေကောင်းနဲ့ပဲ တွေ့ဆုံချင်တယ်။ မနက်ဖြန်ဆိုတဲ့ အနာဂတ် ကာလကို ကိုယ်ကအသေအချာ မပိုင်ဆိုင်နိုင်တော့ ဘာမဟုတ်တဲ့ကိစ္စလေးတွေနဲ့ မိတ်ဆွေတွေရန်မဖြစ် ကြစေချင်ဘူး။ ကျွန်မကတော့ မိတ်ဆွေတွေကို တစ်ကယ်တန်ဖိုးထား ခင်မင်တတ်တယ်။
လူတိုင်းမှာ လက်ပက်နာရီတစ်လုံးစီ ရှိသင့်တယ်လို့ ကျွန်မထင်တယ်။ ဘဝမှာကိစ္စတော် တော်များများဟာ အချိန်နဲ့ အလုပ်လုပ်နေကြတာပါ။ နာရီမဝတ်တော့ အချိန်မသိဘူး။ အချိန်မသိတော့ အချိန်ကိုမလေးစား ဘူးပေါ့။ အချိန်ကို မလေးစားတဲ့သူဟာ ဘယ်တော့မှ မတိုးတတ်၊ မအောင်မြင်ဘူး။ လောကကြီးမှာ အလကားရတာကို အလကားပဲ အဖြစ်ခံလိုက်မယ်ဆိုရင် ညံ့ရာကျပါတယ်။ အချိန်ဆိုတဲ့ ကာလရထားက ဘယ်ဘူတာမှမရပ်ဘူး။ ရပ်ခိုင်းလို့လည်းမရဘူး။ “အချိန်နှင့်ဒီရေသည် လူကိုမစောင့်”တဲ့။ ဒီတော့ အချိန်ကိုသိ၊ အ ချိန်ကိုလေးစားပြီး ထိပ်ဆုံးကို ရောက်အောင်သွားလိုက်ပါ။
လောကမှာ ဘာပဲလုပ်လုပ် ကြိုတင်ပြင်ဆင်ထားရင် အမှားနည်းတာပေါ့။ ကဲ...ဒီတော့ သူငယ်ချင်းတို့လည်း ဘဝမှာပျော်ရွှင်ချမ်းမြေ့ပြီး အမှားနည်းချင်ရင် ကြိုတင်ပြင်ဆင်မှု လေးတွေ လုပ်ထားသင့်တယ်နော်။
ဘဝရဲ့လမ်းတွေဟာ ဘယ်တော့မှမဖြောင့်ဖြူးဘူး။ အခက်အခဲတွေ အတားအဆီးတွေက အနည်းနဲ့အများ ဆိုသလို ရှိနေကြတာပါပဲ။ အဲဒါကို စိတ်ပျက်ညည်းညူနေလို့တော့ မဖြစ်ဘူး။ ဇွဲရှိရှိနဲ့ ရင်ဆိုင်ကျော်ဖြတ် သွားရမှာပဲ။ အမှားပေါင်းတစ်ထောင် မှားဖူးရင် အမှန်ပေါင်း တစ်ထောင်သိသွားသလိုပါပဲ။ အဲ.... တစ်ခုတော့ သတိထား။ အမှားတစ်ခုထဲကိုပဲ ထပ်ခါထပ်ခါ မကျူးလွန်နဲ့နော်။
တစ်ခါတစ်ရံဘဝအတွက် အခွင့်အရေးကောင်းဆိုတာ စောင့်နိုင်၊အောင့်နိုင်မှ ရတယ်လေ လူတွေရဲ့ဖြစ်တည် မှု သဘာဝအရ တစ်ယောက်နဲ့တစ်ယောက် မတူညီတာတွေ ကွဲလွဲတာတွေရှိမှာပဲ။ အဲဒါတွေကို အပြစ်တင်ပြီး စိတ်နာမုန်းတီးရမယ်ဆိုရင် ချစ်ခြင်းမေတ္တာနဲ့ ပျော်ရွှင်ချိန်ဆိုတာ ဘယ်တော့ရှိတော့မှာလဲ။ စကားပုံတစ်ခုရှိ တယ်။ “ဆင်းရဲဒုက္ခက အိမ်ရှေ့ တံခါးကို လာခေါက်ရင် ချစ်ခြင်းက ပြတင်းပေါက်က ထွက်ပြေးသွားတယ်”တဲ့။ ဒါကြောင့် ဆင်းရဲဒုက္ခတွေများလာရင် လူအချင်းချင်း ချစ်ခင်မှုတွေက ထွက်ပြေးသွားလေရော့လားလို့တွေးမိ တယ်။
ဒါပေမယ့် တစ်ခါတစ်လေ ဖြစ်ချင်တာနဲ့ဖြစ်သင့်တာမှာ ဖြစ်သင့်တာကို ကြိတ်မှိတ်လုပ်ရတယ်။ ဒါမှဘဝတွေ က တိုးတတ်တောက်ပြောင်လာမှာပေါ့။ ဖြစ်ချင်တာကို ဖြစ်ခွင့်ရခဲ့ရင်တော့ ပိုပြီးတောက်ပြောင်လာ မှာ သေချာပါတယ်။
ခံစားရေးဖွဲ့သူ
 မစိုး
2 comments:
  1. အချိန်မလေးစားသူဆိုတာမီးကိုပြောတာလားဟင်(နာရီမပတ်တဲ့သူဆိုတော့)
    ကိုယ်ပတ်ချင်တဲ့နာရီက သုံးသောင်းနားကပ်နေတော့ အိမ်က၀ယ်မပေးနိုင်ဘူးလေးP အဲဒါကြောင့်နာရီမပတ်ဖြစ်တာပါ။ဟီးး
    ဒါနဲ့ ပရိုဖိုင်က အစ်မပုံလားဟင် (ပပ၀င်းခင်နဲ့တူတယ်)
    ဘ၀အတွက် ညီမအနေနဲ့ခံယူထားတာကတော့အစ်မရယ်
    တတ်နိုင်သမျှပျော်ပျော်ရွှင်ရွှင်နေမယ်၊သူငယ်ချင်းတွေနဲ့လျှောက်သွားမယ်
    ကိုယ်တတ်နိုင်သမျှ တစ်ခြားသူကိုကူညီမယ်၊ဘာနေရာမှာပဲဖြစ်ဖြစ်
    ပေးတဲ့သူပဲဖြစ်ချင်တယ်၊ယူတဲ့သူမဖြစ်ချင်ဘူး။ကိုယ့်ကြောင့်သူတစ်ပါးလည်း
    စိတ်အနှောင့်ယှက်မဖြစ်စေချင်ဘူး၊သူများကြောင့်လည်းစိတ်မညစ်ချင်ဘူး။
    နည်းနည်းတော့ရှည်သွားတယ်အစ်မရယ်..သည်းခံပါရှင် ဟိဟိ
    (ဒါတောင် ရေးစရာတစ်သီကြီးကျန်သေးတယ်အားနာလို့):P
    ပျော်ရွှင်ချမ်းမြေ့ပါစေရှင်
    ချစ်ခင်စွာဖြင့်..
    (အော်..အစ်မ..ပန်းကမ္ဘာထဲရောက်နေတယ်ကြားတယ်
    ညွှန့်ညွှန့်သောက်လေအစ်မ၊ဒုံးပျံတံဆိပ်လည်းရှိတယ်ရှင့်
    .ဟိဟိ)
    ReplyDelete
  2. ရေးပါမီးစံလေးရယ်။ ကြိုက်သလောက်ရေး။
    မီးစံလေးကို မပြောပါဘူးရှင်။ ၀မ်းနည်းရင် ၀မ်းနှုတ်ဆေးသောက်။ မမကတော့ အလွမ်းမမ ပန်းမမဖြစ်နေလို့ မျော့နေပြီ။။ :D
    ပရိုဖိုင်က ပုံက အစ်မပုံပါ။
    မစိုးကမစိုးပဲလေ။
    Give and Take ခေတ်ကြီးမှာ အပေးသမားပဲဖြစ်ချင်တယ်ဆိုတော့ ကောင်းတာပေါ့။
    ပျော်ပျော်နေသေခဲ၊ မော်တော်တွေရေထဲတဲ့ ဟဟဟ
    ပျော်ပျော်နေတတ်တာကောင်းတာပေါ့။ အရွယ်တင်တယ်။ နုပျိုတယ်လေ။
    သမီးစံလေးလည်း ပျော်ရွှင်ချမ်းမြေ့ပါစေကွယ်။
    ReplyDelete
Comment ရေးသော သူငယ်ချင်းများ စိတ်သောကများကင်းစင်ပြီး
စိတ်၏ချမ်းသာခြင်းကိုယ်၏ချမ်းသာခြင်းနှင့်ပြည့်စုံပြီး အလိုရှိအပ်တောင့်တအပ်သော
အရာတိုင်းသည် အလိုရှိတိုင်းတောင့်တတိုင်းပြည့်စုံကြပါစေ....။