အလုပ်သွား အလုပ်ပြန် ဒီတံတားလေးပေါ်က ကျွန်မဖြတ်သန်းသွားနေကြ။ တံတားလေးပေါ်မှာ အလှူခံနေတဲ့ အဖွားအိုတစ်ယောက်ကို နေ့စဉ်မြင်တွေ့နေရလို့ မျက်မှန်းတန်းမိတာကြာပြီ။ အလှူခံနေတဲ့ အဖွားကယောဂီ ၀တ်စုံလေးဝတ်ပြီး ညှိုးငယ်နွမ်းပါးတဲ့ မျက်လုံးလေးနဲ့ ဇရာရဲ့အထုအထောင်းကို အတော်ခံခဲ့ရပြီးပုံပေါ်တယ်။ တံတားရဲ့လှေကားအတတ်နားလေးမှာ အဖွားကိုမြင်နေကြ။ နေ့စဉ်တိုင်းလိုလို မိုးရွာရွာ၊ နေပူပူ အဖွားရှိတတ် တယ်။
နေ့စဉ်မြင်တွေ့လာတော့ အဖွားကိုသတိထားမိတဲ့အပြင် အဖွားရဲ့မျက်ဝန်းလေးတွေကို သနားမိတာကြောင့် ကျွန်မတတ်နိုင်သလောက်လေး အဖွားကို အမြဲလှူခဲ့တယ်။ မနက်အလုပ်သွားလို့ တံတားပေါ်အတတ်မှာ အဖွားကို မြင်တွေ့နေကြ၊ တစ်နေ့မှာတော့ အဖွားကို မမြင်ခဲ့မိဘူး။ ညနေအလုပ်ကပြန်တော့လည်း အဖွားကို မတွေ့ဘူး။ နေ့စဉ်မြင်တွေ့နေကြ မမြင်ရတော့ တံတားပေါ်အဖြတ်မှာ ရင်ထဲမှာဟာတာတာနဲ့ တစ်ခုခုလိုနေ သလိုလိုနဲ့ အိမ်ရောက်လေရာ အဖွားအကြောင်းက အတွေးထဲမှာ တ၀ဲလည်လည်။ အဖွားဘာဖြစ်နေလဲ အသက်ကြီးတော့ နေများမကောင်းဘူးလား။ အဖွားဘာဖြစ်နေလဲ။ သွားရင်းလာရင်းတစ်ခုခုဖြစ်နေလား။ အဖွားကိုပြုစုမယ့်သူရော ရှိရဲ့လား။ ဆိုတဲ့အတွေးစတွေနဲ့ .......
နောက်နေ့အလုပ်သွားတော့လည်း အဖွားအတွက် ပဲပလာတာလေး ၀ယ်ပြီးတံတားပေါ်အတတ် အဖွားကို မတွေ့ပြန်ဘူး။ ဘယ်တွေရောက်လို့ ဘာဖြစ်နေလဲအဖွားရယ်။ အဖွားကိုရှာရတာ အဖွားအကြောင်းတွေးရတာ နဲ့ စိတ်ထဲမှာ နေလို့မရခဲ့ဘူး။ ဒါဟာ မြင်ပါများလို့ ရလာတဲ့ သံယောဇဉ်။
ငါးရက်မြောက်နေ့မှာတော့ အဖွားကိုပြန်တွေ့ခဲ့တယ်။ အဖွားကိုမေးကြည့်မိတယ်။ အဖွားမျက်လုံးသွားခွဲတာ တဲ့။ သနားစရာအဖွားအို ပြုစုမယ့်သူမရှိ အသက်အရွယ်ကကြီးလာ နေထိုင်စားသောက်ဖို့တစ်ဝမ်းတစ်ခါး အတွက် အလှူခံနေရတာကို မြင်ရတော့ မျက်ရည်လည်တဲ့အထိ ရင်နင့်အောင် ခံစားမိတယ်။ ကျွန်မတတ်နိုင် သလောက်လေး အဖွားကိုဒါနပြုခဲ့တယ်။
လူဆိုတာ မြင်ပါများလာရင် သံယောဇဉ်ဆိုတာ ဖြစ်လာတတ်တာကို ကျွန်မခံစားမိသလိုရေးမိတယ်။ လူတွေ မှာထားခဲ့မိတဲ့ သံယောဇဉ်တစ်ခုကြောင့် စိတ်ပူမိတာတွေ သောကလေးတွေ ရလာတတ်တယ်။ ဆွေမျိုးသား ချင်းမဟုတ်ပေမယ့်လည်း ကိုယ်ချင်းစာသနားမိစိတ်လေးကြောင့်လည်း သနားလို့ သံယောဇဉ်ဖြစ်မိတယ်။ ကျွန်မကိုယ်တိုင်လည်း ဘ၀ကိုရုန်းကန်နေရသူမို့ အဖွားကို လှူဒါန်းဖို့ အများကြီးမတတ်နိုင်ခဲ့ဘူး။ ဒါပေမယ့် ကျွန်မတတ်နိုင်သလောက် အဖွားကို လှူခဲ့တယ်။ အဖွားနဲ့ ကျွန်မအကြားမှာ မမြင်ရ၊မကြားရတဲ့ သံယောဇဉ် ပါးပါးလေးရှိတယ်။ အဖွားကိုမမြင်မိရင် ကျွန်မရှာတတ်သလို ကျွန်မကိုမတွေ့ခဲ့ရင်လည်း အဖွားကမေးတတ်ပြီ အဖွားလိုမျိုး အသက်အရွယ်ကြီးလာချိန်မှာ ပြုစုသူမဲ့လို့၊ ခိုကိုးရာမဲ့လို့ အလှူခံစားနေရတဲ့သူတွေ ဘယ်လောက်များ ရှိသလဲ။ ဆိုတဲ့ အတွေးစများစွာနှင့်အတူ............
ခံစားရေးဖွဲ့သူ
မစိုး
ဟုတ်တယ်အစ်မရေ..
ReplyDeleteအသက်ကြီးလာရင် ဘာမှမကောင်းတော့ပါဘူးရှင်
အထူးသဖြင့်ခိုကိုးရာမဲ့နေတဲ့သက်ကြီးရွယ်အိုတွေပေါ့။
ညီမလည်း ဒီလိုအဘိုးအဘွားတွေကိုတွေ့ရင်
ကားပေါ်မှာပဲဖြစ်ဖြစ်၊လမ်းပေါ်မှာပဲဖြစ်ဖြစ်
ကိုယ်တတ်နိုင်တာလေးတွေနဲ့ကူညီပေးဖြစ်ပါတယ်။
ဒါကလည်း.ညီမမှမဟုတ်ပါဘူး မြန်မာလူမျိုးတိုင်းရဲ့မွန်မြတ်တဲ့
စေတနာပါပဲရှင်။အစ်မရဲ့ကုသိုလ်တွေကိုလည်းလေးစားစွာနဲ့
သာဓုခေါ်သွားပါရဲ့ရှင်..
ပျော်ရွှင်ချမ်းမြေ့ပါစေ
ချစ်ခင်စွာဖြင့်..
သမီးစံလေးရဲ့ကုသိုလ်ကိုလည်း သာဓုခေါ်ပါတယ်။
ReplyDeleteသမီးစံလည်းလာရောက်ဖတ်ရှုလို့ကျေးဇူးတင်ပါတယ်။
သမီးစံလေးလည်း ပျော်ရွှင်ချမ်းမြေ့ပါစေနော်။